ထူးဆန်းတဲ့ အလင်းအိမ်အောက်

ပြုံးနေတဲ့ တိမ်အောက်မှာ ငိုနေတဲ့ ကလေးလေးလောက် အလင်းအိမ် တောက်ပတာ မရှိနိုင်ဘူးလို့ စဉ်းစားရင်းနဲ့ အဖြေတွေ ငါ့ရင်ဘတ်ထဲကနေ ပျောက်ဆုံးသွားကုန်ပြီကွယ်။ အချိန်တွေ ပြန်မရနိုင်တော့ဘူး။ မတောင်းဘဲနဲ့ ရတာ၊ သို့မဟုတ်၊ တောင်းပြီး မရတာကို ပြောပါဆိုရင် အချိန်ကလွဲလို့ ဘာများ ဖြစ်နိုင်ဦးမှာလဲကွယ်။

ပြောလိုက်ဦးလေကွယ်။ မင်္ဂလာ ရုပ်ရှင်ရုံမှာ မွန်းလွဲ ဆယ့်နှစ်နာရီခွဲကတည်းက သွားစောင့်နေတာလို့လေ။ တရွေ့ရွေ့သွားနေတဲ့ စက်ကန့် လက်တံအောက်မှာ နာကျည်း ရှက်ရွံမှုတွေ တဖြည်းဖြည်း ပေါက်ဖွားလာနေရဲ့။ အိပ်ပျော်နေတာကတော့ ဒီရက်တွေမှာ ကော်ဖီ သောက်တာ နည်းလာလို့ပါ ဆိုတာ ဘယ်သူ့ သွားပြောပြရမှာပါလိမ့်။ မလိုအပ်တဲ့ သွေးသား ဆာလောင်မှုတွေ အချိန်ကို မေ့ပစ်ပြီး ရက်စက် ကုန်လွန်နေပြီ ဆိုမှ၊ သူ့အတွက် ဖျာလိပ်ရမယ့် အဖြစ်မျိုးက ဖြစ်ခဲ့ပြန်။

မိုးအေးအေးမှာ ကွေးကာ အိပ်နေချင်ပေမယ့်လည်း ရာသီသွေးတွေက ဆူလောင်တာမို့ ထထွက်ကာ ည ၁၂ နာရီခွဲလောက်မှာ သီရိမင်္ဂလာဈေးကို တောက်လျှောက် ရောက်လာပြီ။

သူငယ်ချင်းရယ် ငါတို့ မုန့်ဟင်းခါးပဲ စားတာ ကောင်းမယ်။
လုပ်လေ။ မုန့်လည်းစား ဘောလုံးပွဲလည်း ကြည့်မယ်ကွာ။
ဒီအချိန်မှာ ကမ်ဘာ တစ်ခြမ်းမှာတော့ လင်းထိန်လို့ ပူပြင်းနေတာ ပေါ့။ ၁ နာရီခွဲလောက်မှာ မျက်တောင်တွေ စင်းလာတာနဲ့ သူငယ်ချင်းကို ပြန်ရအောင်လို့။ ငါတို့ရဲ့ Night Life ဟာ ခဏလေးနဲ့ ပြီးပြေတော့မှာပါလား။ အိပ်မက်ထဲကို အလည်တစ်ခေါက်ပေါ့နော်..။

ဟေ့ ငါ ဘယ်ရောက်သွားတာလဲ။ ညဟာ နက်နက်မှောင်နေတယ် ဟုတ်တယ် မဟုတ်လား။ လကလည်း မသာဘူး။ တိမ်တွေက ကောင်းကင်မှာ ပန်းချီဆွဲနေတာ ဘာပုံ ဖြစ်မလဲ မှန်းမရဘူး။ ငါ ကျဆင်းသွားတယ်။ ကမ်ဘာ အတွင်းရဲ့ နေ၀င်ချိန်ကို မီအောင် နောက်ပြန် ကျဆင်းသွား သလိုပဲ။ မျက်လုံးတွေ ရိပ်ရိပ် မူးနေပြီ။ ဒီအချိန်မှာ အလင်းပေးပါ။ ငါ လမ်းပျောက်နေလို့ပါကွာ။ အိပ်မက်တွေလည်း ဆက်တိုက် မမက်ချင်တော့ဘူးကွာ။ ငါ့ကို နားလည်ပေးပါ။ ငါ လိုအပ်လွန်းလို့ပါ။ အတိတ်တွေ ခါးခါးသီးသီးနဲ့ ဖြတ်ကျော်လာခဲ့ရလို့ပါ။ ခန်းခြောက်ခဲ့တဲ့ မျက်ရည်ဥတွေ ပြန်လိမ့်ဆင်းလာတဲ့ ညကဆို အရမ်း ထိတ်လန့်သွားခဲ့ရတယ်။ ကြာရှည်ညောင်းနေတဲ့ နေ့ည ရက်တွေကို အဖန်ဖန် ထိုးနက်၊ ပြိုလဲအောင် လုပ်နေရင်းက သူ.. သူ.. ပိုပြီး အားကောင်းလာပြီး ငါ့ကို ၀ါးမြို။

ဟိုနေ့တွေက ငါ့ စိတ်တွေ အင်းယားကန်ပေါ်မှာ လွင့်နေရောပေါ့။ လဲလျောင်းနေတဲ့ ငါ့ကိုယ့်ပေါ်ကို ဘယ် မိုးစက် မိုးပေါက်မှာ လာ စမနေဘူး။ အခုထိ တစ်သက်တာလုံး ဖြစ်ပျက်ခဲ့သမျှကို အင်းယားလေညင်း အောက်မှာ တစ်ခဏတာ အနားယူနေခိုက်မှာ ဘယ်လို အကုန် ပြန်စဉ်းစားလို့ ရမှာလဲ နော်..။ လေထန်တဲ့ ကုန်းစောင်းက မြက်ခင်းမှာ ချွေးသိပ် တစ်ရေး မှေးလိုက်တယ်။ အိုး.. မြန်မြန်လာ.. မင်း.. ငါ မင်းကို သိပ် မစောင့်နိုင်တော့ဘူးနော်..။ မင်း မြန်မြန်လာမှ ဖြစ်မယ်။ မြန်မြန်လာစမ်းပါကွာ။ ငါ.. ငါ.. မစောင့်ချင်ဘူး။ တကယ် မစောင့်ချင်ပါဘူး ဆိုပါမှကွာ..။ မင်းရာ.. မင်း.. မင်း.. ဟေ့ကောင်.. ဟေ့ကောင်.. ငါ မင်း မရှိဘဲနဲ့ မင်းကို စိတ်ထဲမှာ အော်ခေါ်နေမိတယ်။ အိုး.. ဘယ်လောက် အဖြစ်ဆိုးတဲ့ စိတ်တဇပါလိမ့်ကွာ..။ မင်း.. လာပါဦး။ ငါ့ နား လာပါဦးလေ။ စကားတွေ ပြောမယ်လေ။ ဒီကမ်ဘာပေါ်မှာ တစ်ယောက်တည်း ရှင်သန်ရတာလောက် အထီးကျန် ဆန်တာ မရှိဘူး။ မင်းကို ငါ နားလည်ဖို့ မလိုအပ်ဘူး။ မင်း တစ်ယောက်ဘဲ ငါ့ကို နားလည်ပေးလိုက်ပါ။

တိတ်ဆိတ်တယ်။
ငါ့စိတ်က ရေရွတ်နေတယ်။
ညက မလင်းမမှောင်။
ငါ ပြင်းပြစွာ အော်မြည်နေတယ်။
ရင်ဘတ်တွေ ဟင်းလင်း ပွင့်လိုက်စမ်းပါ။
အသည်းတွေ ခဏ ထုတ်ပြပြီး မင်း မြင်သွားပြီ ဆိုရင် ပြန်သွင်းလိုက်တော့မယ်။

နေဦး။
မင်း ခဏနေဦး။
ဘယ်တော့မဆို ပြေး မသွားပါနဲ့ကွာ..။
ငါ့ကို လမ်းမှာ တွေ့ရင် ခေါ်နော်..။
ပူလောင်နေတယ်။
မိုးလင်းပြီလား။ မဖြစ်နိုင်ဘူး။ ကားမီးရောင်ကြောင့်ပဲ ဖြစ်မှာ။
မင်းနဲ့ ပတ်သက်လာရင် ငါလေ တတ်နိုင်သလောက် အမှောင်ထဲမှာပဲ နေချင်တာ ဟာ..
ဟုတ်တယ်.. ဟာ.. ငါ အမှောင်ထဲမှာပဲ နေချင်တော့တာ ဟာ
အခုလောက်ဆို မင်း အဲဒီနေရာမှာ ရှိနေလောက်ပြီပေါ့နော်..။ ခန့်မှန်းကြည့်တာပါ။
အိုကေ..။ မင်း ငါ့ကို ပြုံးပြဖို့ စောင့်နေနော်။ လုံးဝ စောင့်နေနော်။ စောင့်နေပါကွာ။ စောင့်နေပါ.. .. .. ..။

နေမင်း

Comments

Popular posts from this blog

မင်္ဂလာဦးညကို လွန်သော်

ဆယ်တန်း အောင်စာရင်း 2013