Posts

Showing posts from April, 2018

တခါတုန်းက မြို့ကလေးတမြို့မှာ(ကလေးပုံပြင်)၊ အပိုင်း ၁၊ အခန်း ၁

တခါတုန်းက မြို့ကလေးတမြို့မှာ အပိုင်း(၁) အခန်း(၁) သိပ်မကြာသေးခင်က အဖြစ်အပျက်လို့လည်း ပြောလို့ ရသလို တော်တော်ကြာသွားပြီ ဖြစ်တဲ့ အဖြစ်ပျက်လို့လည်း ဆိုနိုင်ပါတယ်။ ဇွဲရှင်းတယောက် အသက် (၈)နှစ်သားနဲ့ မိဘမဲ့ ဖြစ်သွားရပါပြီ။ သူ့မိဘကို အသုဘချတဲ့ နေ့မှာ ရပ်ကွက်ထဲက လူတွေက ဘာသိဘာသာပဲ။ သာမန် မထူးခြားတဲ့ နေ့တနေ့လိုပဲ ကုန်ဆုံးသွားတယ်။ အသုဘချချိန် သင်္ချိုင်းမှာ ကျီးကန်းတွေ တအားအား တအားအားနဲ့ အော်မြည်နေတာကတော့ ထူးခြားတယ်။ နေက ဒီလောက်တောင် ပြင်းပြင်းရှရှ ပူလောင်နေပေမယ့် သင်္ချိုင်းကုန်းက သစ်ပင်ပန်းမန်တွေကတော့ စိမ်းလန်းလို့၊ မြက်ရိုင်းပန်းတွေဆို အဝါရောင် အပွင့်ကလေးတွေ ပွင့်လို့ပေါ့နော်။ အသုဘ ချပြီးနောက် ဘယ်လောက်တောင်မှ မရှိတဲ့ လူအုပ်က ကွဲသွားတော့ ကောင်လေး၊ အိမ်ပြန်မှာလား၊ လိုက်ပို့ပေးမယ်လေဆိုတဲ့ လောကွတ်စကားကလေး တခွန်းတောင် မကြားရဘဲ တကောင်ကြွက် ဖြစ်သွားတဲ့ ဇွဲရှင်းဟာ လေးကန်တဲ့ ခြေလှမ်းတွေနဲ့ အိမ်ပြန်လာတယ်။ ရင်ဘတ်ထဲမှာတော့ ပြိုတော့မယ့် မိုးလို အုံ့ဆိုင်းမှိုင်းဝေနေတာပေါ့။ လမ်းတွေကလည်း ခြောက်ကပ်ပြီး အသက်မဲ့နေတယ်။ သူတို့ မိသားစု အတူနေခဲ့တဲ့ အိမ်လေးကို အဝေးကနေ လှမ်းမြင်လိုက်ရတော့ ဇွဲရှင