နေမင်းရဲ့ တစ်ခါတုန်းက ပုံပြင်များ

Part (1)

တစ်ခုသော ညနက်ပိုင်းတစ်ခုတွင် ဖြစ်လေသည်။ တစ်ခုသော အိမ်ခန်လေး၏ ထောင့်တစ်ထောင့်တွင် ဖြစ်သည်။ မီးဝါ၀ါကျင်ကျင် ထွန်းထားသော လင်းနေသော အခန်းထောင့်လေးတွင် နီညိုရောင် အင်းကျီကို ၀တ်ထားသော ကောင်လေးတစ်ယောက်သည် စာကို စိတ်ပါလက်ပါ ဖတ်နေလေသည်။ ထိုအခိုက်တွင် မဟူရာည ကောင်းကင်ယံထက်တွင် ပြည်ပသို့ ထွက်ခွာဟန် တူသော လေယာဉ်တစ်စင်းသည် မပြောမဆို ပျံသန်းသွားလေသည်။ ကောင်လေးသည် သမိုင်းမှတ်စုထဲမှ စာကို အလွတ်ရအောင် ဖတ်နေလေသည်။ လဲလျောင်းလျက် ဖတ်နေသည်လည်း မဟုတ်ချေ၊ စားပွဲတင်မီးထွန်းထားသော စားပွဲခုံပုလေးနံဘေးတွင် မတ်မတ်ကလေး ဖတ်နေလေရာ ကြည့်လို့ အတော်ကောင်းပါသည်။ မီးဝါကျင်ကျင် ဖြာကျနေသော ကောင်လေး၏ လက်ဖျံနှစ်ဖက်သည် ရွှေဝါရောင် အလင်းများ စူးစူးရှရှ ပြန်လျက်ရှိသည်။ အဆိုပါ နူးညံ့ သွယ်ပျောင်း လှပသော ကောင်လေး၏ လက်များသည် စားပွဲခုံပုလေးပေါ်တွင် မှီတင်ထားလေသည်။

၁၁ နာရီထိုးလုသော အချိန်တွင် ကောင်လေးသည် နာရီဒိုင်ခွက်ကို အမှတ်တမဲ့ ကြည့်မိလေသည်။ ယင်းသို့ ကြည့်လိုက်သည့် အချိန်ွမှလည်း ကောင်လေးသည် သမိုင်းစာအုပ်ထဲမှ ကျက်သင့်သော စာ တော်တော်များများကို ကျက်ပြီးသား ဖြစ်လေသည်။ စိတ်ဓာတ် ပေါ့ပါးသွားဟန် မျက်နှာတွင် အမူအရာ ပေါ်လာသော်လည်း၊ မျက်လုံးများကမူ ရီဝေလျက် ရှိနေလေပြီ။ စားပွဲတင်မီးမှာ လင်းနေတုန်း ရှိသေးရာ အိပ်လိုက်ရင်ပဲ ကောင်းမလား၊ သို့မဟုတ် မျက်နှာသစ်၊ သွားတိုက်လိုက်ရက ကောင်းမလားဟု ကောင်လေးက စဉ်းစားနေလိုက်သေးသည်။ သို့သော်လည်း နောက်ဆုံးတွင် ထုံးစံအတိုင်းပင် ပထမဆုံးသော အတွေးက အနိုင်ရသွားလေသည်။ ထိုနှင့်ပင် ကောင်လေးသည် ကုတင်ပေါ်သို့ တွားတက်လိုက်ပြီးလျှင်၊ နံဘေးတွင်ရှိ စားပွဲတင်မီးကို လှမ်းပိတ်ပြီးနောက် ကိုယ့်ကိုယ်ကို ကောင်းကောင်း အိပ်ပျော်ရန်သာ စဉ်းစားတော့သည်။

အပြင်ဘက်တွင်မတော့၊ မည်းမှောင်နေသော ညဥ့်ယံအောက်မှ သစ်ပင်ကြီးများသည် ကောင်လေးကိုသာ စိမ်းစိမ်ကြီး ကြည့်နေသကဲ့သို့ ရှိလေသည်။

------------------------



အေးစိမ့်သော ညဥ့်လေသည် ကောင်လေးကို မညှာမတာ ဖျန်းပက်လိုက်သည်။ ရုတ်တရက်ဆိုသလိုပင် ကောင်လေးသည် နက်ရှိုင်းလှသော တောနက်ကြီးထဲတွင် မနေမနား လျှောက်လျက် ရှိသည်။ တောအုပ်သည် ရှည်လျားလှသဖြင့် ဆုံးနိုင်တော့မည်ဟု မထင်ရလောက်အောင်ပင် ဖြစ်သည်။ အချိန်သည်လည်း ဆုံးနိုင်တော့မည် မဟုတ်ပါလား။ ကောင်လေးက အဲဒီလို ထင်နေသည်။

(ဟူး... အေးစိမ့်နေတာပဲ...)

(ဒါနဲ့ နေပါဦး... ဒီလမ်းက ဘယ်လိုကြီးလဲဟင်.. ငါ့ကို ပြောပြနိုင်တဲ့ သူ မရှိဘူးလားဟ... ဒီနေရာမှာ...)

ကောင်လေးသည် တဖြည်းဖြည်း ခိုက်ခိုက်တုန်လာရင်းမှ ရေရွတ်လိုက်လေသည်။ ခန့်မှန်းခြေ တစ်နာရီ လျှောက်ပြီးမှ တောအုပ်၏ လမ်းမြောင်ကလေးကို ကျော်လွန်ကာ၊ အစပ်သို့ ရောက်ရှိလာတော့သည်။ ထိုနေရာတွင် ချက်ချင်းလိုပင် မမြင်ရဟန် တူသော အရာတစ်ခု နှင့် တိုက်မိပြီး တောအုပ်အစပ်မှတဆင့် တောင်ကုန်းအောက်သို့ အခုအခံ အတားအဆီး မရှိ၊ လွင့်ကျသွားလေတော့သည်။

(အောင်မယ်လေးခင်ညာ.... ကယ်နိုင်ရင် ကယ်ကြပါဦး)

အရာရာသည် ကောင်လေးနှင့်အတူ လိုက်ပါလာသလို ထင်ရ၏။ တမျှော်တခေါ်ကြီးဖြစ်သော လွင်ပြင်သည် ခြောက်ကပ်ကပ်နှင့် ကောင်လေးရှေ့သို့ ထိုးဆင်းလာသည်။ ထိုအခိုက်တွင် အကြင်နာ ကင်းမဲ့သော ဘ၀သည် သူ၏ ရုပ်ဆိုးခက်ထန်နေသည့် မျက်နှာစာကြမ်းကို မြင်သာအောင်ဟု ဆိုကာ၊ ဖွင့်လှစ်ပြသလေသည်။ ကောင်လေးသည် နာကျင်စွာ ညည်းငြူနေရာမှ နှလုံးသွေးပျက်လုမတတ် အော်ဟစ်လိုက်သည်။ ဘ၀သည် အလွန် အရုပ်ဆိုးလှပါတကား၊ ကောင်လေး မြင်ရပေပြီ။ ကောင်လေး မြင်ရသော ဘ၀ မျက်နှာစာမှာ လူသားမျိုးနွယ် တစ်ခုလုံး၏ နှိပ်စက်ညဉ်းပန်းမှုကြောင့်၊ ဓားလှံဖြင့် အချက်ပေါင်းများစွာ မွန်းထားသကဲ့သို့ အသားတုံးများ ဖွာလန်ကြဲနေလေသည်။ ချက်ချင်းပင် ကောင်လေးသည် သတိကို အခိုင်အမြဲ စုစည်းလိုက်ပြီး၊

(အို...ဒီလောက် ရုပ်ဆိုးလှတဲ့ ဦးလေးကြီးက ဘယ်သူများလဲ... ဦးလေးရဲ့ ဟောဒီမျက်နှာကိုလည်း ဘယ် ရက်စက်တဲ့ လူကများ လုပ်လိုက်ပါလိမ့်...ဗျာ...)

(ကောင်လေး...မင်းဒီနေရာကို ဘယ်လို ရောက်လာသလဲ...ဆိုတာ...ဘ၀က မသိပေမယ့်...မင်းရောက်လာပြီ ဆိုမှတော့... ပြန်သွားနိုင်ဖို့ မစဉ်းစားပါနဲ့... ဦးလေးနာမယ်ကတော့... ဘ၀ပါ... နောက်တစ်မျိုးကတော့ လောကကြီးလို့လည်း... ခေါ်ကြတယ်...ဘယ်လူသားပဲဖြစ်ဖြစ်...ရုပ်နာမ်ရှိတဲ့ သတ်တ၀ါတိုင်းဟာ... ဦးလေးဆီမှာ လာလာနေကြတယ်...ပြီးရင် ပြန်သွားတာပဲ...ရွေးချယ်လိုက်တဲ့ လမ်းတစ်လမ်းအတိုင်း အိမ်ပြန်ကြတာပဲ... ဦးလေးက...ချစ်ရတဲ့ သူတွေရော... မုန်းတီးစက်ဆုပ်တဲ့... သူတွေရောပေါ့... အေးင်လေ... မင်းက အခုလောလောဆယ်မှာ ဘယ်သင်းမှာမှ မပါသေးဘူးပေါ့...)

(ဟာ...အိမ်ပြန်တယ်...ကျွန်တော်က အခု ဘယ်အသင်းမှာမှ မပါသေးဘူး...ဟမ်...ဒါတွေက..ဘာတွေလဲ...ကျွန်တော် နားသိပ်မလည်တော့ဘူး...ခင်ဗျာ...)

(သြော်...ဦးလေးမှားသွားတာပါ... ကလေးက ဒါတွေ... ဘယ်သိဦးမှာလဲ...ဟား...ဟား....၊ဒါဆိုလည်း ကလေးသိတဲ့ ဟာမျိုးနဲ့ နှုတ်ဆက်ရတာပေါ့လေ...)

ကဲ...လူလေး...အဲ...ကလေး...နေပါဦးကွာ...ငါ့မှာ မင်းကို ခေါ်ရမယ့် အခေါ်အဝေါ်တောင်... ရွေးလိုက်ရဦးမယ်... ဘာဖြစ်နိုင်သလဲ...

(ဦးလေး...ခဏနော်... ကျွန်တော် အခုရောက်နေတဲ့ နေရာကိုလည်း...ပြောပြလို့ ရမလား...တဆိတ်လောက်...)

(ကလေး...သိပ်မမေးနဲ့ကွာ...ဟောဒီ ငါဆိုတဲ့ လောကကြီးက သိပ်ဖြေနိုင်တာ မဟုတ်ဘူး...မင်း အခုရောက်နေတဲ့ နေရာကတော့..... အင်း...သာမန်အားဖြင့်တော့...လွင်ပြင်လို့ ပြောနိုင်တယ်...အဲ...သေသေချာချာ ပြောကြစတမ်း ဆိုပါတော့...မင်းဘယ်လို ပြောမှာလဲ...ဦးလေးက...ဘ၀ထဲမှာ လာနေသွားတဲ့ သူတွေရဲ့ ထင်မြင်ယူဆချက်တွေကိုလည်း... သိချင်သေးတာ...ပြောကြည့်ပါဦး...ဟဲ..ဟဲ...)

(ဟာ...ဦးလေးကလည်း...ဒီလိုမေးပုံကြီးကတော့...ဘယ်လိုဖြေရင် ကောင်းမလဲတောင်...မသိဘုး...ကျွန်တော် ခုနကတော့ တောအုပ်လေးထဲမှာ...လမ်းလျှောက်နေသေးတယ်...တော်တော်ကြာတယ်...ပြီးတော့...လမ်းဆုံးတာနဲ့ ဘာဖြစ်သွားမှန်းတောင်...ကျွန်တော့်ကိုယ် ကျွန်တော်လည်း မသိလိုက်ပဲ...ဟောဒီ လွင်ပြင်ထဲ ရောက်လာတာပဲ... ရောက်လည်းရောက်တာပါပဲ... ဘာကြောင့် ရောက်လာတယ်... ဘာလုပ်ရမလဲ ဆိုတာလဲ... မသိ... သြော... တော်တော် ဒုက်ခရောက်တယ်လို့ ထင်ပါတယ်... အဲ... နေရာ တိတိကျကျ ပြောခိုင်းရင်လည်း... ကျွန်တော် ပြောနိုင်မယ် မထင်ပါဘူး... ဦးလေးရဲ့... ထင်တာတော့... ကျွန်တော်တော့ ဘယ်ကမှန်း မသိတဲ့ တောအုပ်အလွန်က လွင်ပြင်တစ်ခုထဲ ရောက်နေတယ်လို့ ပြောရင်ရော... မှန်မှာလား... ဟင်...)

(အင်း...မင်းကတော့...မဆိုးဘူး... ထင်ပါတယ်...ငါလည်း...ကိုယ့်ဆီ ရောက်လာတဲ့ ဧည့်သည်တော် ကြီးကြီးငယ်ငယ်ကို စရိုက်မေးစရာ ရှိတယ်...မေးပြီးရင်...ကိုယ်နဲ့ ကိုက်ညီမယ့် လမ်းကို လျှောက်ရတာလေ...ကွ...)

ပြောရင်းဆိုရင်း ဘ၀ဆိုသော ... အဲ...လောကကြီးဟုလည်း ခေါ်သော ဦးလေးကြီးက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ...
ရာမ လေခွင်းသံကြီး ပေါ်လာပြီး ကောင်လေးသည် တဒင်္ဂ တုန်သွားလေသည်။ ချက်ချင်းလိုပင် လွင်ပြင်သည် ငိုတော့မည့် ကလေးတစ်ယောက်ကဲ့သို့ ခြေဆောင့်သံကြီး ကျယ်လောင်စွာ ထွက်ပေါ်လာပြီးနောက်၊ မြင်ကွင်းတစ်ပြင်လုံးသည် ယနေ့အတွက် ဆောက်တည်မရာ မရသကဲ့သို့ပင် သွက်သွက်ခါ လုံးကွယ် ပျောက်ပြန့်သွားလေသည်။ ထိုနောက် ယင်းအဖြစ်အပျက်နှင့် တစ်ပြိုင်နက်တည်းမှာပင်... ကောင်လေး၏ မျက်လုံးအစုံကို ဖွင့်ကြည့်လိုက်သည့် တခဏတွင် အင်... အိပ်မက်မက်နေတာကိုး... ဟု သဘောပေါက်လိုက်ရပေသည်။

အမှန်ပင် အပြင်ဘက်တွင် ရောင်နီရောင်ခြည် ထိန်ထိန်ဖြာကာ လင်းကျင်းတောက်ပနေလေပြီ။ ကောင်လေးသည် ကျောင်းသွားရဦးမှာပါလားဟု အသံတိတ် ရေရွတ်လိုက်သည်။ ဘ၀တစ်ခု...နေ့သစ်တစ်ခု စတင်ပြန်လေပြီ။

Part (2)

အခု ကောင်လေးသည် နောက်ဆုံး ကျောင်းလွတ်ချိန်ကို စောင့်မျှော်လျက် ရှိလေသည်။ ဗိုက်က အရမ်း ဆာနေပြီဖြစ်ရာ စိတ်ထဲတွင် တစ်ကမ်ဘာလောက် ကြာနေပြီတည်း။ ပထ၀ီသင်သော ဆရာမကလည်း ထိုနေ့မှ လာပြီး သင်ကောင်းနေသလို ရှိသည်။ အရေးကြီးသော အချက်အလက်များဟု ပြောပြီးလျှင် အာဖရိကတိုက်၏ အဓိကကျသော မြစ်ချောင်း အင်းအိုင်များ၏ အမည်ကို ခေါ်ဝေါ် သတ်မှတ်ပြနေလေရာ ပြီးပင် မပြီးနိုင်တော့ချေ။ ကောင်လေးကား စားချင်ဇော ကြီးနေလေပြီ။

ဝမ်းသာစရာ အကောင်းဆုံးဖြစ်သော ကျောင်းဆင်းခေါင်းလောင်းသံသည် မကြာမတင်တွင် ဖိတ်ခေါ်သည့်အတိုင်း ရောက်ရှိလာမှပင် ကောင်လေးလည်း ဟူးခနဲ သက်ပြင်းကို မှုတ်ထုတ်လိုက်လေသည်။ ထို့နောက် စာအုပ်များနှင့် ဘောပင်စသည်တို့ကို လွယ်အိတ်ထဲ အကုန် ကျုံးထည့်ပြီး မုန့်စားဆင်းချိန် အိမ်ပြန်ရန် စာသင်ခန်းထဲမှ ထွက်လာတော့သည်။ လမ်းတွင် အေခန်းမှ သူငယ်ချင်းတစ်ယောက်နှင့် တိုက်မိလိုက်သေးသည်။

(ဟာ...ဟေ့ကောင်...နေမင်း ဘယ်သွားမလို့တုန်း...ကွာ...ငါ့တို့နဲ့ မကစားတော့ဘူးလား...ညနေ ချိန်းထားတာလည်း ရှိရက်နဲ့ မင်းက အိမ်ပြန်ဦးမလို့လား...ဟင်...)

(အေးပါ...ဟေ့ကောင်...ညနေပိုင်းအချိန်တွေ ငါ တက်မှာပါ...အခု ငါ ဗိုက်ဆာလွန်းလို့ အိမ်ပြန်မှ ဖြစ်တော့မယ်လေ...)

(အေးလေ...ဒါက အဓိက မဟုတ်ပါဘူး ငါ သိချင်တာက... မင်းက ထမင်းချိုင့် ဒီနေ့ ယူမလာဘူးလား...)

(အေး...ငါ့အဖေရော အမေရော ကိစ်စ ရှိလို့ အပြင်ကို ခရီးထွက်သွားတာ...အိမ်မှာ ထမင်းချက်ပေးတဲ့ အဒေါ်ကြီးလည်း အမေက အိမ်ပြန်ချင်ပြန်လို့ ခွင့်ပေးလိုက်တော့ တစ်ပတ်လောက်ပြန်မယ်ဆိုပြီး သွားပြီ...ဦးမောင် တစ်ယောက်ပဲ အိမ်စောင့် ကျန်တော့တာ...)

(ထမင်းအပြင်မှာ စားနေရတော့မှာပေါ့...ဟုတ်လား...အဲဒီလိုလား...)

(အဲဒီ သဘောပါပဲကွ...တော်ပြီကွ...မင်းနဲ့ ပြောနေတာနဲ့ပဲ ငါ ဗိုက်တောင် ပိုဆာလာလို့ သွားတော့မယ်ကွ...နော်...)

(အေးပါကွ... ညနေ ကျောင်းဆင်းရင် ဝေဟန်တို့ အုပ်စုနဲ့ ချိန်းထားတာ ပျက်လို့ မဖြစ်ဘူး မဟုတ်လား...ဒါလည်း မမေ့နဲ့ဦး...)

ယင်းသို့ ပြောဆိုနှုတ်ဆက်ပြီးတာနှင့် နေမင်းသည် ကိုယ်ကို ချာကနဲ လှည့်ထွက်လိုက်သည့် အချိန်မှာပင်....

ထမင်းထုပ်တစ်ထုပ်...ဟုတ်သည်။ ထမင်းထုပ်တစ်ထုပ် ဆိုတာ သေချာလောက်ပါသည်။ အမွှေးရနံ့လေးများပင် ရနေလိုက်သေးသည်။ ကောင်လေးတစ်ယောက်...ရွယ်တူဖြစ်နိုင်လောက်ပေသည်။ မျက်နှာပေါ်တွင် ပေါ်နေသော ရိုးသားဖြူစင်မှုသည် သူ့အား တဒင်္ဂ မှင်သက်သွားစေသည်။ နေမင်းသည် အံ့သြခြင်းတစ်ဝက်၊ ထိတ်လန့်ခြင်းတစ်ဝက်ဖြင့် ထမင်းထုပ်ကို သူ့မျက်နှာဆီသို့ ချီမြှောက်ထားသော ကောင်လေးကိုသာ မျက်လုံးပြူးပြီးသာ ကြည့်နေမိလေသည်။ ထိုကောင်လေးကို နေမင်း မသိချေ။ ကြည့်ရသည်မှာ လူမှားနေလောက်ပြီ။

(ဟေ့...ဟေ့...ဒါက ဘာလုပ်...)

(ငါ့ဖေကြီးက မင်းစားဖို့ ရအောင် ငါ့ကို ပေးခိုင်းလိုက်တာ...စားပါ...)

(အာ...အဲ...ငါ...မင်းအဖေနဲ့ မှ မသိတာ...)

ကောင်လေးသည် နှုတ်ခမ်းကို တစ်ချက်မဲ့လိုက်ပြီး၊ ခေါင်းကို နောက်သို့ လှည့်လိုက်လေသည်။ နေမင်း မြင်လိုက်ရသည်မှာ ဆံပင် ဖုတ်သိုက်နှင့် ပါးရေများ တွန့်နေပြီဖြစ်သော လူကြီးတစ်ယောက်ကို တွေ့လိုက်ရလေသည်။ ထိုလူကြီးသည် နေမင်းက ထမင်းထုပ်ကို လက်မခံကြောင်းကို တွေ့မြင်သောအခါ ခပ်သုတ်သုတ်ပင် လျှောက်လာပြီး ပြောသည်မှာ...

(ငါ့တူလေးရေ...ဟောဒီထမင်းထုပ်လေးကို စားလိုက်ပါကွဲ့ ...ဦးလေးက မင်းကို မြင်မြင်ချင်း ခင်လို့ ကျွေးတာ...)

(ဟာ...ဦးလေး စိတ်မရှိပါနဲ့နော်...ကျွန်တော်က အပြင်လူတစ်ယောက် ကျွေးတာကို စားလေ့မရှိဘူးခင်ဗျာ...)

ခဏလောက် တုံ့ဆိုင်းနေပြီးမှ...

(မေမေကလည်း မှာထားလို့ပါ...)

(အင်းလေ...မင်းမေမေမှာတာလည်း မှာတာပေါ့...ဒါပေတဲ့ မင်း အခု အိမ်ပြန်မှာ လမ်းလျှောက်ရမှာနဲ့ ဒီမှာ ဦးလေး မင်းကို စေတနာ ရှိလို့ ကျွေးတဲ့ ထမင်းကို အပြစ်ကင်းကင်းနဲ့ စားပြီးလို့ ကျောင်းကို အေးအေးဆေးဆေး ပြန်တက်နိုင်မှာကို ဘယ်လို ယှဉ်မလဲ...ဟင် တူလေး...က.. ပြောပါဦး...)

နေမင်း မျက်လုံးတွေ ရီဝေသွား၏။ သူ့မျက်လုံးထဲတွင် ယင်းထမင်းထုပ်မှတပါး အခြားအရာကို မမြင်မိသကဲ့သို့ ဖြစ်နေလေသည်။ သူသည် ဗိုက် မတရား ဆာလောင်လာသည်ဟု စိတ်ထဲတွင် ထင်လာသည်။ လူကြီးသည် နောက်ထပ် ဘာစကား တစ်ခွန်းမှ မပြောဘဲ နေမင်း၏ အမူအရာကိုသာ စောင့်ကြည့်နေလေသည်။

နေမင်းကလည်း တဖြည်းဖြည်းနှင့် စားချင်လာပြီဖြစ်ရာ လူကြီးနှင့်အတူ မတ်မတ်ရပ်ကြည့်နေသော ကောင်လေးကို တစ်ချက်လှမ်းကြည့်လိုက်မိသေးသည်။ ကောင်လေးက ခေါင်းကို တစ်ချက် ဆတ်ပြလေသည်။ စားလိုက်ပါဆိုသော သဘောပေလော...။
နေမင်းသည် လက်ကို ဆန့်ထုတ်လိုက်ကာ...

(ကျေးဇူးပါဘဲ..ခင်ညာ...အရမ်းအရမ်းကို ကျေးဇူးတင်မိပါတယ်ဗျ...)

(မလိုပါဘူးကွာ...ငါ့တူရ...ဦးလေးကလည်း...မင်း ကျောင်းဝင်းထဲက ထွက်လာတဲ့ ခြေလှမ်းတွေကို ကြည့်ပြီးတော့ ဗိုက်ဆာနေမှန်း သိရလို့ ကျွေးတာပါ...ကဲ...လာ...ငါ့သား...သွားချိန်တန်နေပြီကွယ်....)

နေမင်းတစ်ခု သတိပြုမိသည်မှာ ကောင်လေး၏ တဖျတ်ဖျတ် တောက်နေသော မျက်ဝန်းအစုံကို ဖြစ်သည်။ မည်မျှ ကြည်လင်ဝင်းဖန့်သော မျက်လုံးပေတည်း။ ယင်းမျက်ဝန်းအစုံမှ ခင်မင်ရင်းနှီးလိုသော အရိပ်ကို ခံစားမိလေသည်။ လူကြီးက လက်ကို ဆောင့်ဆွဲလိုက်သောအခါမှ နေရာမှ မခွာချင်မခွာချင်ဖြင့် နှေးကန်သော ခြေလှမ်းများဖြင့် လျှောက်လိုက်သွားလေသည်။ နေမင်းသည် ရနံ့ ပေါင်စုံ ထွက်နေသော ထမင်းထုပ်ကို ထိုအခါမှ သေသေချာချာ ကြည့်မိလေသည်။ အို... မုန့်လား...မုန့်တော့ မဟုတ်နိုင်...မကြာသော အချိန်ကာလအတွင်းတွင် သူ့မျက်လုံးများသည် အမြင်အာရုံ မမှားနိုင်ပါ။ သို့သော်လည်း ယခု ငြင်းမရသော အချက်ကတော့...လက်ထဲတွင် ကိုင်လျက်ရှိုသော အရာသည် အမွှေးနံ့ တစ်မျိုး ထောင်းထောင်းထနေသော မုန့်တစ်မျိုး ဖြစ်နေလေတော့သည်။ နေမင်းသည် လူကြီးကို အော်ခေါ်ရန် ပြုစဉ် ပါးစပ်အဟောင်းသား ဖြစ်ရလောက်အောင် အံ့သြဘနန်း မျက်လုံးပြူးသွားလေတော့သည်။ ဘာများ ဖြစ်ကုန်ပြီနည်း......


Part (3)

နေ့လည်ခင်းဖြစ်သောကြောင့် နေသည် အလွန်တရာ ပူပြင်းတောက်လောင်လျက် ရှိနေလေရာ၊ နေမင်းအတွက်မူ ပေါင်းအိုးကြီးတစ်လုံးထဲသို့ ရောက်နေရသကဲ့သို့ ခံစားနေရလေသည်။ စာရေးသူ ပြောသော နေမင်းမှာ ကောင်းကင်မှ နေမင်း မဟုတ်မူဘဲ လူလောကမှ ကျွန်ပ်တို့၏ ဇာတ်လိုက်ဖြစ်သော မောင်နေမင်း ဖြစ်လေသည်။ ဘတ်စ်ကားသည် အရှိန်မပျက်ပင် ဆက်လက် မောင်းနှင်နေသည်။ ကားထဲတွင် ပူလောင်အိုက်စပ်လိုက်သည်မှာ ပြောစရာ စကားလုံးပင် ရှာမတွေ့တော့လောက်အောင် ဖြစ်လေသည်။

မြင်ကွင်းသည် အရှိန်ညီးညီး တောက်လောင်နေသော နေရောင်ခြည်အောက်တွင် ပျင်းရိငြီးငွေ့ဘွယ်ကောင်းအောင် လူတွေ ၀မ်းရေးအတွက် လှုပ်ရှားသွားလာနေသော မြင်ကွင်း ဖြစ်လေသည်။ ဘတ်စ်ကားထဲတွင် နေမင်းသည် ကားခေါင်းဘက်တွင် လက်ကိုင်တန်းကို ကိုင်စီးလျက် လိုက်ပါလာလေသည်။ သူသည် အချိန်အခါကို မသိတတ်ဟု ပြောလာလျှင် ခံရပေမည်။ အဘယ်ကြောင့်ဆိုသော် ခုနက ပြောခဲ့သည့်အတိုင်း နေသည် အမြင့်ဆုံးနေရာသို့ ရောက်နေသော အချိန်မှာပင် နေမင်းသည် ထူထဲသော အင်းကျီပွ လက်ရှည်ကို လုံအောင် ၀တ် ထားပြီး၊ ဂျင်းဘောင်းဘီပွပွကလည်း လူကောင်ကို ပိုမို ကြီးထွားအောင် ထောက်ပံ့ပေးနေသကဲ့သို့ ရှိနေသည်။

ကားသည် ဟိုသည် ယိုင်ရင်း သူ့ခရီးကို သူ ဆက်နေသည်။ ကားထဲတွင် လှည်းတန်းကတည်းက လိုက်ပါလာသော ကောင်လေးအုပ်စုလည်း ပါလေသည်။ ကောင်လေးက နှစ်ယောက်ဖြစ်ပြီး ကောင်မလေးက တစ်ယောက်တည်း ဖြစ်သည်။ အ၀ါရောင်အင်းကျီ ၀တ်ထားသော ကောင်မလေးက အင်းကျီဖြူ ၀တ်ထားသော ကောင်လေး၏ ဟာသကို သဘောကျဟန်ဖြင့် (ကားထဲမှာ ရှိနေသည့် ခရီးသည်များကိုမှ အားမနာ) ရီနေလေသည်။ အင်းကျီဖြူ အကွက်စင်းနှင့် ကောင်လေးကမူ သူတို့၏ စကားများကိုသာ အင်းအင်းလုပ်ပြီး နားထောင်နေလေသည်။

(ဟုတ်တယ်...နင် မယုံဘူးလား...မယုံရင် ငါ ညကျရင် ခေါ်ပြမယ်...အဲဒီတော့မှ ကြောက်ပါပြီလို့ မပြောနဲ့ ဒါပဲ...ဟင်း ဟင်း...)

(ဟုတ်မယ် မထင်ပါဘူးဟယ်...နင် လျှောက်ပြောတာပဲ နေမှာ...)

(အော်...ငါကလည်း မဟုတ်ဘဲနဲ့ နင့်ကို အလကားနေ လိမ်ပါ့မလား...စဉ်းစားပါ...ဦးနှောက်ကိုလည်း သုံးဦးနော်...စံကား...)

(ဟား..ဟား..တော်ပြီဟာ...နင်လုပ်တာနဲ့ ငါ တော်တော် အူနာနေပြီ...မဟုတ်ပါဘူး ဆိုနေမှပဲ...)

ကောင်လေး၏ ပိရိသေသပ်သော နှုတ်ခမ်းသားနှစ်လွှာသည် လိုက်ကာကို ဆွဲစေ့လိုက်သလိုပင် တင်းတင်းစေ့ ပိတ်သွားလေသည်။ သို့သော် ယင်း၏ ပုံဟန်မှာ ပြုံးစိစိ ဖြစ်နေသည်ကို မဖုံးကွယ်နိုင်ပါချေ။ စံကား၏ မျက်လုံးများမှာလည်း ရယ်ရလွန်းသဖြင့် မျက်ရည် အနည်းငယ် ထွက်ကာနေသည်။

နေမင်းသည် မှတ်တိုင်သို့ ရောက်တော့မည် ဖြစ်ရာ၊ ကြိုတင် နေရာဦးထားသည် သဘောဖြင့် ကားခေါင်းဘက်မှ နေရာရွေ့ကာ တံခါးနားသို့ တိုးကပ်သွားသည်။ ကားပေါ်တွင် ခြေလှမ်း လှုပ်ရှားမှုတိုင်းသည် နှေးကွေးနေသည်ကို နေမင်း နားမလည်နိုင်ပါ။ ကားသည် မှတ်တိုင်တွင် ရပ်လိုက်ပြီ။ ကားစောင့်နေသော လူအများသည် ကားတံခါးပေါက်ဆီသို့ ၀ိုင်းအုံ စုဖွဲ့လာသည်။ နေမင်းသည် ကားပေါ်မှ ဦးဆုံး ဆင်းလိုက်လေသည်။ နောက်မှလည်း ခရီးသည်များ ဆင်းလိုက်လာသည် ဖြစ်သောကြောင့် ကားပေါ်မှ ဆင်းလိုက်သည်နှင့် ရပ်နေလို့ မရပေ။ တိုက်ချသွားမည် ဖြစ်ရာ ဆက်လက် ရွှေ့လျှားရသည်။ ပြောခဲ့သော ကောင်လေးတို့လည်း ဆင်းရမည့် မှတ်တိုင် ဖြစ်နေလို့လား မသိ....စကား တပြောပြောနှင့် ဆင်းလာသည်။ နေမင်း၏ စိတ်နာမ်သည် သူတို့အပေါ် ကျရောက်မနေပေ။ စူးရှသော နေရောင်အောက်တွင် သူတို့သည် အလင်းကို အံ့တုကာ မြင်နိုင်အောင် လုပ်နေရသည့်အထဲတွင် လူများကလည်း မညာမတာ တိုးဝှေ့ဖြတ်သန်းသွားသည်ကိုလည်း ခံရသေးသည်။ ထိုအခိုက်တွင် နေမင်းသည် လက်မောင်းကို အားရပါးရ ဆွဲဆုပ်ကိုင်လိုက်သော တစ်စုံတစ်ရာကြောင့် ကို်ယ်ခန်ဓာ တုံ့ဆိုင်းသွားရသည့်အတွက် ဆွဲလိုက်သူကို ဒေါပွပွဖြင့် ကြည့်လိုက်ရာ...

(ဟင်...ဒါက...ဒါ...ဟာ...ဟေ့ကောင်...မင်း ထူးဇော် မဟုတ်လား...)

(ဟုတ်ပ...)

နေမင်းနှင့် ထူးဇော်သည် ၈ တန်းကတည်းက ကွဲသွားသည် ဖြစ်ရာ ယခုကဲ့သို့ ပြန်လည် ဆုံတွေ့ရခြင်းအပေါ် စိတ်မချုပ်တည်းနိုင်သည့်နှင့် နှစ်ယောက်သား ပြိုင်တူ ဖက်လိုက်ကြလေသည်။ စံကားတို့ သုံးယောက်မှာ အစပထမကမူ ကိုယ့်လမ်းကိုယ်သွားရန် ဖြစ်သော်လည်း ယခု သူငယ်ချင်းနှစ်ယောက် ပြန်လည်တွေ့ဆုံခြင်း၊ လူအများ၏ ၀ိုင်းဝန်း ကြည့်ရှုခြင်းကို ခံနေရသည်ကို ကြည့်ပြီး အခိုက်အတန့်အားဖြင့် စိတ်ဝင်တစား ကြည့်လိုက်မိလေသည်။ သူငယ်ချင်းနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် မလွတ်ထွက်သွားစေရန်အလား ဖက်ထားလိုက်သည်မှာ အတန်ကြာသည်အထိ ဖြစ်သည်။ ထိုအချိန်သည် နေမင်းအတွက်မူ ဘယ်သူမှ မရှိသော အမှောင်တိုက် ဖြစ်သည်။ သို့မဟုတ်က အလင်းမျိုးစုံ ဖြာထွက်ရာ ရေအိုင်ထဲသို့ ကျသွားရသကဲ့သို့ ဖြစ်သည်။ အရာရာသည် သူငယ်ချင်းဟောင်းတစ်ယောက်ကို တွေ့ရခြင်းထက် အရေးမကြီးတော့ပေ။ သတိဝင်လာသည့် အချိန်တွင် တွေ့လိုက်ရသည်မှာတော့ သူတို့ ဘယ်အချိန်မှ အဖက်ပြေမည်ကို စောင့်ကြည့်နေကြသော လူအုပ်ကြီးပင် ဖြစ်သည်။

(ထူးဇော်...ငါတို့ လက်ဘက်ရည်ဆိုင်ကို သွားရအောင်...)

ထူးဇော်ကလည်း ခေါင်းကို တစ်ချက် ဆတ်လိုက်ပြီး သွားလေဟု ဆိုသည်။ တိုက်ဆိုင်မှု တစ်ခုမှာ နေမင်းနှင့် ထူးဇော်တို့ ၀တ်ဆင်ထားသည်မှာ ဆင်တူလို ဖြစ်နေခြင်းပင် ဖြစ်သည်။ ထူးဇော်သည် ထူထဲသော အမည်းရောင် ကုတ်အင်းကျီကို ၀တ်ဆင်ထားခြင်းသာ ကွာလေသည်။ သူတို့နှစ်ယောက် လက်ဘက်ရည်ဆိုင်ဘက်သို့ လျှောက်သွားသည်ကို စံကားသည် တွေတွေလေး ငေးကြည့်နေမိတော့သည်။ ကျန်နှစ်ယောက်ကလည်း မျက်လှည့်ပြပွဲ ပြီးသွားပြီဖြစ်သဖြင့် ပြန်မည့်ဟန် ပြင်လိုက်စဉ်... စံကား ပြောလိုက်သော စကားတစ်ခွန်းက ခြေလှမ်းများကို တုံ့သွားစေတော့သည်။

(ကျော်ထင်...ငါတို့ လိုက်ကြည့်ကြရအောင်...ဟင်..)


--------------------------------------



(စံကား... နင်က တော်တော် ဟုတ်နေတာပဲ၊ ကြည့်ပါဦးလေ... ဆိုင်နာမည်က ကြင်နာပါ...တဲ့...)

(တတ်နိုင်ဘူးလေဟာ... သူတို့ ဒီဆိုင်ထဲ ၀င်သွားတာပဲလေ...ကဲ...ငါတို့လည်း လိုက်ဝင် ကြရအောင်...ကျော်ထင်...နင်နော်...ငါ ပြောထားတဲ့အတိုင်း ဆိုင်ထဲ ရောက်ရင် ဘာစကားမှ မပြောရဘူး...)

ကျော်ထင်သည် နှုတ်ခမ်းပါးကလေးကို အတွင်သာ မဲ့လိုက်ပြီး

(အေးလေ...နင်က ဒီတစ်ခါ နိုင်သွားတော့ လုပ်အား ရှိတာပေါ့...နောက်တစ်ခါ ငါ နိုင်ရင် နင် ကြည့်သာ နေပါဟာ...)

(ဆိုင်နာမည်ကလည်း ကြင်နာပါတဲ့ကွာ... ဟေ့ကောင်... ကျော်ထင်...မင်း စံကားကို အထင်သေးလို့ မရတော့ဘူး...နောက်တစ်ခေါက်ဆိုရင်တော့ ငါနိုင်တော့မယ် ထင်တယ်...)

(အကြင်နာ တို့ ဘာတို့ဆိုရင် တော်သေးတယ်...အောင်မယ် ရဲသွေး... ငါက ငါမြင်လို့ ပြောတာကွ... နောက်တစ်ခါကျရင် ငါ နိုင်မှာ...)

ရဲသွေးလည်း စပ်ဖြဲဖြဲ လုပ်၍သာ နေတော့သည်။

ဆိုင်ထဲတွင် နေမင်းတို့လည်း နေပူရှိန်ကို ကာကာကွယ်ကွယ် လုပ်သည့် အနေဖြင့် အတွင်း ခပ်ကျကျတွင် ထိုင်ပြီး စကားပြောနေကြသည်။ စံကားသည် တစ်ဖက်မှ နားကို စွင့်၊ တစ်ဖက်မှလည်း ရဲသွေးကို လှည့်ကြည့်ကာ ပြုံးတုံးတုံး လုပ်နေသည်။ ကျော်ထင်ကတော့ အတော် မချင့်မရဲ ဖြစ်နေရသည်။ လောင်းရာတွင် သူ ရှုံးသွားသည့်အတွက် ဖြစ်သည်။ စံကားသည် တခါတခါ စိတ်ရူးပေါက်သလို ထလုပ်တတ်သည့် အကျင့် ရှိသည့်အပြင်၊ တစ်ယောက်ယောက်နှင့် လောင်းကြေး စားကြေး စိန်ခေါ်ကြေးတွေ လုပ်တတ်သည်။ အခုလည်း စံကားက ဒီကောင်နောက် လိုက်ကြည့်မည်ဟု ဆိုလာသော အချိန်တွင် သူတို့ နှစ်ယောက် အံ့အားသင့်သွားသည် အမှန်ပင်။ စံကားသည် တော်ရုံတန်ရုံ ယောကျာင်္းလေးများကို စိတ်ဝင်စားလာသူ မဟုတ်ချေ။

ကျောင်းတက်တုန်းက အေခန်း တစ်ခန်းတည်း အတူ ကျရာမှ သူတို့ သုံးယောက်သား တော်တော် ခင်သွားကြသည်။ သူ့အိမ် လိုက်လည်ရ၊ ကိုယ့်အိမ် လာလည်ရနှင့် အတော် အလုပ်တွေ ရှုပ်ခဲ့သည်။ မိဘချင်းကလည်း သူတို့ သုံးယောက် အတွဲကို သဘောကျကြသည်။ သဘောကျပေမည်။ ရဲသွေး၊ စံကား၊ ကျော်ထင် သူတို့ သုံးယောက်စလုံးကလည်း ဂုဏ်ဒြပ် ကြီးမြင့်သော မိသားစုမှ ပေါက်ဖွားလာသူများချည်း ဖြစ်ရာ၊ ခေတ်မီသည့်အလျောက်၊ ၀တ်နိုင် စားနိုင် သောက်နိုင် ဖြုန်းနိုင်ကြသည်။ ကျော်ထင်က သူတို့အားလုံးထက် ကြီးရာ၊ အစ်ကိုကြီး တစ်ယောက်ကဲ့သို့ပင် အားကိုးရသည်။ ပြီးခဲ့သည့်နှစ်က ဆယ်တန်း ဖြေပြီးသည်နှင့် နွေရာသီ တိုက်ကွမ်ဒို သင်တန်းကျောင်းသို့ သွားတက်ထားရာ ကျောင်းတုန်းက သူငယ်ချင်း အချင်းချင်းပင် သူ့ကို ရှိန်ကုန်ကြသည်။ သို့သော်လည်း စံကားနှင့် ရဲသွေးတို့ကိုသာ သူငယ်ချင်းအဖြစ် အခင်အမင်မပျက် ဆက်ဆံလာသည်မှာ ယခုထက်ထိ ဖြစ်သည်။

ရဲသွေးကတော့ အားလုံးထဲ အငယ်ဆုံး၊ စံကားက အလတ်မသဖွယ် ဖြစ်နေရာ၊ ကျော်ထင်ကို ချွဲ၍ ရတိုင်း ချွဲနေတော့သည်။ ရဲသွေးက အေးသည်။ ဘာဆို ဘာမှ မပြောတတ်သော်လည်း၊ တစ်ခါတစ်လေလည်း ပျော်ပျော်နေတတ်လေသည်။

... ... ...ကျော်ထင် မည်မျှ အတွေးလွန်သွားသည် မသိ။ စံကားက သူ့လက်ကို လာပုတ်လိုက်မှပင် ပစ္စုပန်လောကသို့ ပြန်ရောက်လာတော့သည်။ သူက စံကားကို ဘာလဲဟဟု မေးဆတ်ပြလိုက်ရာ၊ စံကားက

(ကျော်ထင်ရယ်...သွားပါပြီဟာ...နင် ကြည့်စမ်းပါဦး...ငါ ဘယ်လိုလုပ်ရမှာလဲ...ဟင်...)

ကျော်ထင်က စကားလုံးဝ မပြောဘဲ သူ့နှုတ်ခမ်းကိုသာ လက်ညှိုးဖြင့် ထောက်ပြလိုက်သည်။ ထိုအခါတွင် စံကားသည် ပြုံးရမလို ရယ်ရမလို ဖြစ်သွားကာ...

(ဟာ...ကျော်ထင်...နင်ကလည်းဟ...ငါကို ရွဲ့တာလား...ကဲပါ...ငါ ပြန်ဖြေလိုက်ပြီ... ဒီဆိုင်ထဲမှာရော အပြင် ပြန်ရောက်ရင်ရော ဘယ်နေရာမဆို စကား ပြောလို့ရပါပြီရှင့်...)

ရဲသွေးကတော့ ထူးဆန်းနေသည့်သဖွယ် ဟိုမှာဖက်သို့ နားထောင်နေသည်ကို တွေ့ရသည်။ သူလည်း လှမ်းကြည့်လိုက်သည်။ နေမင်းနှင့် ထူးဇော် နှစ်ယောက် စကားပြောနေသည်ကိုသာ တွေ့ရသည်။ တစ်ခြား မည်သူ တစ်ဦးတစ်ယောက်မှ မတွေ့... သည်နှင့်...

(ဘယ်မှာလဲဟာ...ဘာကို ကြည့်ခိုင်းတာလဲ မစံကားရ...ဘာမှလည်း မတွေ့ဘူးဟ...)

(သြော်...ကြည့်ခိုင်းတာတော့ ဟုတ်တယ်...သူတို့ကို ကြည့်ခိုင်းနေတာ မဟုတ်ဘူး...သူတို့ စကားပြောနေတာကို နားထောင်ကြည့်ခိုင်းတာ...ထူးဆန်းမနေဘူးလား...)

ဟုတ်၏။ ကျော်ထင်သည် မိမိကိုယ်သာ အပြစ်တင်မိသည်။ သူတို့နှစ်ယောက် ပြောနေကြသည့် စကားများသည် ပုံမှန် ပြောနေသော မြန်မာစကား မဟုတ်သကဲ့သို့ပင်။ အနည်းငယ် ကွာခြားနေသည်။ ကြည့်ရသည်မှာ တမင် လုပ်ပြောနေသည်နှင့် တူပေသည်။ နောက်ပြောင် ပြောဆိုနေသည့်ဟန်လည်း မပေါ်...ရော်...ခက်ကပြီ။

(ဒါနဲ့ ထမင်းအိုးက ဘယ်လိုလဲ...)

(အနေတော် ချက်ခဲ့တယ်...)

(ဇီးကွက်ကြီးရော မွေးထားနေသေးလား...)

(အို...ဒါလည်းလား... လေတိုက်လို့ ပါသွားပြီ...မင်း ဒါကို ထမင်း မချက်ဘူးလား...)

(အိုး...ဟုတ်လား...ဒါတော့ မချက်ဘူး...ဘယ်လို ချက်ရလဲ...)

(ကြက်အသည်းနှလုံး ထည့်ချက်လေ...အရည်ပျော်သွားတယ်ဟ...)

(ငှက်တွေ ကောင်းကင်မှာ ပျံနေတယ်ဆို...)

(မင်းကို ဘယ်သူ ပြောတုန်းကွ...ဒါ ထမင်းစားရမယ့် ကိစ္စဟ...)

ကျော်ထင်လည်း စံကားဆီသို့ အဓိပါယ်ပါပါ လှည့်ကာ ကြည့်လိုက်သည်။ ဘယ့်နှယ်ရှိစ...နောက်က လိုက်ချင်ဦးဟ...အခုတော့ ဘာမှန်း မသိတာနဲ့ တွေ့နေပြီမင့် ဟူသည့် သဘောပင်။
စံကားကလည်း ဘာဆိုလိုသည်ကို ချက်ချင်း သိလေရာ၊ နှုတ်ခမ်းကို ထော်နေအောင် စူလိုက်သည်။ ရဲသွေးက...

(ဒါ ဘာစကားလည်း မသိဘူးကွ... ငါ တော်တော် စိတ်ဝင်စားသွားပြီ ကျော်ထင်...မင်းရော သိလား...ကြက် ၀က် ငှက် စုံနေတာပဲ...ပြီးတော့ ထမင်း ချက်တာကိုလည်း ခဏခဏ ပြောတယ်...ကြည့်ရတာ တမင် ဖျက်ပြောနေတာပဲကွ...ဒီကောင်တွေ ကြည့်ရတာ...တစ်ခုတစ်ခုတော့ တစ်ခုခုပဲ...)

Part (4)

နေမင်းတို့ နှစ်ယောက်သည် လက်ဘက်ရည်ဆိုင်မှ ထွက်လာသည့် အချိန်တွင်မတော့ နေသည် တောင်စွယ်တွင်... အဲလေ... မြို့ပြ၏ တိုက်တာအဆောက်အဦများ နောက်သို့ ပြေးဝင်သွားလေပြီ။

စံကားတို့ သုံးယောက်မှာ အူလည်လည်နှင့် ဖြစ်ကျန်ခဲ့ရသည်မှာ အမှန်။ အထူးသဖြင့် မစံကားဝါ။ သူသည် အတော်ပင် မကျေမနပ် ဖြစ်နေသည်။ ဘာများ မကျေနပ်စရာ ရှိသနည်း။ နေမင်းသည် သူနှင့် မည်သို့ ပတ်သက်နေသနည်း။ မဟုတ်ပါ။ စံကားသည် ကျော်ထင်နှင့် လောင်းခဲ့ရာတွင်၊ ဆိုင်နာမည်သည် မည်သည့် ခေါင်းစဉ်မျိုး ဖြစ်နိုင်သည်ကို အမှန်းပြိုင်၊ အလောင်းပြိုင်ခြင်း ဖြစ်သည်။ လက်ဘက်ရည်ဆိုင် တစ်ဆိုင်သည် နာမည် ပေးမည် ဆိုပါက၊ မည်သည့် နာမည်မျိုးကို ရွေးချယ် ပေးတတ်လေ့ရှိသည်ကို လောင်းရာ၊ စံကားက သူမှန်း၍ မှန်လျှင် ခုနက ကောင်လေး နှစ်ယောက် ၀င်သွားရာ လက်ဘက်ရည်ဆိုင်ထဲသို့ လိုက်ထိုင်မည့် အပြင်၊ ကျော်ထင်က နှုတ်ပိတ်နေပေးရမည်၊ စံကား ရှုံးသွားလျှင်တော့ အိမ်ပြန်ရုံသာ ရှိတော့သည်။

သည်ကောင်တွေက အိမ်ပြန်ချင်နေလှပြီ။ အန်တီ ဆွေလှ၏ အလှူမှ ပြန်လာသည် ဆိုတော့လည်း အိမ်ပြန်ပြီး နှပ်ရင်နှပ်၊ မနှပ်က ဂိမ်း ကစားကြမည် လုပ်ထားကြခြင်း ဖြစ်သည်။ စံကားက အချစ်နှင့် ပတ်သက်ရမည်ဟု မှန်းသည်။ ကျော်ထင်ကတော့ ပန်းနာမည်၊ သို့မဟုတ် အရာဝတ်ထုပစ်စည်းနှင့် ပတ်သက်ရမည်ဟု ဆိုသည်။ ရဲသွေးကိုလည်း လောင်းခိုင်းရာ၊ ဟာ... မင်းတို့ နှစ်ယောက်ကြား ငါ ၀င်မပါရပါစေနဲ့ဟု ဆိုသည်။ ဒါနှင့် သူတို့ သုံးယောက်သား လိုက်လာကြရာ ဆိုင်နာမည်ကို မြင်လိုက်သည်နှင့်၊ ကျော်ထင်က သူတော့ ရှုံးပြီဟု စိတ်ပျက်လက်ပျက် ညီးလိုက်ခြင်း ဖြစ်သည်။

ယခုတော့ ကျော်ထင်လည်း အနည်းငယ် ဒေါပွနေသည်။ သူ ဘာလုပ်ရမည်နည်း။ သူ အရူးထတာလား။ ဒီမစံကားဝါ ဆိုတဲ့ ကောင်မက စိတ်ရူး ပေါက်တာလား။ အလကား လက်ဘက်ရည်ဆိုင် ထိုင်လိုက်ရသည်။ နေ ညိုပြီ။ ဘာမှလည်း အရာ မရောက်လိုက်။ သူက ကျောင်းတုန်းကတည်းက အချိန် လေးစားလာခဲ့သော သူဖြစ်သည်။ မိမိ မိဘများက မည်မျှ အလို လိုက်သည် ဆိုစေ၊ ကျော်ထင်သည် ထင်တစ်လုံးနှင့် နေလာခဲ့သည်။ သုံးတာ ဖြုန်းတာက သုံးတာ ဖြုန်းတာပဲ ဖြစ်သည်။ ကိုယ်ကျင့်နှင့် ပတ်သက်မှု မရှိ။

သူသည် သူ့ဟာသူ အမ်ပီ 3 တစ်လုံးနှင့် ငြိမ့်နေချင် ငြိမ့်နေမည်။ အချိန် ဖြုန်းချင် ဖြုန်းမည်။ အများကို မထိခိုက်လျှင် ရပြီ။ မိမိ တစ်ဦးတစ်ယောက် အတွက်နှင့် တစ်ခြားသူများကို အနှောင့်အယှက် မဖြစ်စေသင့်။ ယခု စံကားဝါ လုပ်ပုံက ဘယ်လိုလဲ။ သည်းခံလိုက်ရမှာလား။ ခွင့်လွှတ်လိုက်ရမှာလား။ တစ်စိမ်းလူ ဆိုက ကျော်ထင် သည်းခံ ခွင့်လွှတ်မည် မဟုတ်။ ယခုဟာက သူငယ်ချင်း ဖြစ်နေသည့် စံကားက လုပ်သော အပြုအမှု ဖြစ်သည်။ ကျော်ထင်၏ စိတ်ထဲတွင် အတွေး နှစ်မျိုးက ဖက်စပ်ရောထွေးကာ၊ ဘာလုပ်ရမည် မသိ ဖြစ်နေတော့သည်။ သူ့မျက်နှာသည် နဂို မူလ ကြည်လင်နေရာမှ တခဏချင်း ညိုမှောင်လာလေသည်။

ရဲသွေးသည် လက်ဘက်ရည်ဆိုင်ထဲတွင် ကြုံတွေ့လိုက်ရသည့်၊ ကြားလိုက်ရသော စကားများ၏ အနက်ကိုသာ အတွေး ၀င်နေသည်။ ဒီလောကတွင် ဒီလို ဘာသာစကားကို အဆန်းထွင်ပြီး လူ နားမလည်အောင် ပြောသည်ဆိုလျှင်၊ သူတို့သည် မည်သူတွေနည်း။ လိုက်ကြည့်နိုင်လျှင် ကောင်းနိုင်ပါလိမ့်မည်။ ရဲသွေးသည် စကားပြောရန်အတွက် ကျော်ထင့် မျက်နှာကို လှမ်းကြည့်လိုက်ရာ... အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားလေသည်။

(ကျော်ထင်... မင်း...မင်း...စံကား မင်း ကျော်ထင်ကို ကြည့်...ကြည့်လိုက်စမ်းပါ...)

(ဘာလဲဟ...နင်ကလည်း ဟင်... ကျော်ထင်...ကျော်...ထင်... နင့်မျက်နှာ... ဘယ်လို ဖြစ်တာလဲ...အား... ကြောက်စရာကြီး...)

(စံကား...အခု ဘာစကားတစ်ခွန်းမှ မပြောဘဲနဲ့... ဒီ လူမြင်ကွင်းကနေ မြန်မြန်လေး ခေါ်သွားပေးပါ...ငါ့ကို...ငါ့ကို... မြန်မြန်...)

(ဒါ ဘယ်လို ဖြစ်သွားတာ...လဲ...ခုနက အကောင်းစက်စက် ရှိသေးတယ်...ဒီလောက် ကြောက်စရာ ကောင်းတဲ့ မျက်နှာမျိုး...ငါ တစ်ခါမှ မမြင်ဖူးဘူး...ကျော်ထင်... ဘယ်လို ဖြစ်ရတာလဲ...ဟာ...)

တစ်ယောက်တစ်ပေါက် ၀ိုင်းအော်ပြီး ကျော်ထင်ကို လူမြင်ကွင်းမှ လွတ်ရာ တိုက်နှစ်လုံးကြားသို့ စံကားနှင့် ရဲသွေးက တွဲခေါ်လာသည်။ ကျော်ထင်သည် တိုက်နံရံကို မှီလိုက်ကာ၊ မျက်နှာကို တစ်ဖက်သို့ စောင်းကာ၊ ရဲသွေးတို့ကို မကြည့်ဘဲ အံတကြိတ်ကြိတ်နှင့် ရှိနေသည်။ စံကား၏ မျက်နှာမှာလည်း သွေးဆုတ်နေပြီ။ ကျော်ထင်၏ ကြောက်စရာ ကောင်းလှသော သည်ကဲ့သို့သော မျက်နှာပုံပန်းကို တစ်ခါမှ မမြင်စဖူး။ နဂို ပကတိ အရောင် ပျောက်နေသော မျက်နှာသည် ခရမ်းရောင် ပုပ်ပုပ် အသွေး လွှမ်းနေသည့်အပြင်၊ မေးကြောကြီးများ ထောင်ထလာနေသည်ကို ကြည့်ပြီး၊ စံကားသည် လက်ရှိ ရပ်တည်မှုကိုပင် မေ့သွားသည်။ မျက်ထောင့်နီလာသည့်အပြင် ကိုယ်ကာယလည်း ကြမ်းတမ်းလာသော ကျော်ထင်သည် နောက်ဆုံးတွင် မျက်နှာကို လက်နှင့် အုပ်ကာ ငိုလေတော့သည်။ စံကားနှင့် ရဲသွေးမှာလည်း ဘာလုပ်ရမှန်း မသိ ဖြစ်သွားသည်။ ထိုအခိုက်... မမျှော်လင့်သော အသံတစ်သံကို ကြားလိုက်ရလေသည်။

(ကိုကျော်ထင်... ခင်ဗျားရဲ့ မျက်နှာကို တစ်ဆိတ်လောက် မော့လိုက်စမ်းပါ... ကြည့်ရအောင်...)

(ကိုကျော်ထင်... ဟုတ်ပါတယ်နော်... ခဏလောက်ပါ... ဘာမှ မလုပ်ပါဘူး... ကုပေးရမလားလို့...)

(နေပါဦး... ခင်ဗျားတို့က ဘာလဲ... ဘယ်သူတွေလဲ... အနား မကပ်လာပါနဲ့...)

(အဟဲ... လာကူညီတာ... ကူညီခွင့် မရဘူးဆိုတော့လည်း... တတ်ထားတဲ့ ပညာလေးတော့ အသုံးချလို့ မရတော့ဘူးပေါ့...)

(ကျွန်တော့ နာမည်က နေမင်းပါ... ကောင်းကင်က နေမင်းကြီးပေါ့... နာမည် ကြားလိုက်တာနဲ့ ရင်ထဲမှာ ပူလောင် မသွားဘူးလား...အဟဲ...ဒီကောင်က... ကျွန်တော့ သူငယ်ချင်း...ထူးဇော်လို့ ခေါ်ပါတယ်...ဒီကောင်က မူဆယ်မှာ နေတာ...ဒီကို လာတာ ကံကောင်းလို့ပေါ့... ကျွန်တော့နဲ့ ပြန်တွေ့တာ... မဟုတ်ရင် ညကျမှ လိုက်ရှာနေရဦးမှာ...)

ထူးဇော်သည် ခေါင်းကို တစ်ချက် ဆတ်၊ နှုတ်ခမ်းကို တစ်ချက်မျှ တွန့်ကွေး ပြုံးပြလိုက်ပြီး၊ သူ့ကိုယ်သူ မိတ်ဆက်ရပြန်လေသည်။

(ကျွန်တော်တို့ နှစ်ယောက်က လူကောင်းတွေပါလို့ ကိုယ့်ကိုယ်ကို ၀န်မခံရဲပေမယ့်... ဟောဒီက ကိုကျော်ထင်ရဲ့ မျက်နှာပေါ်မှာ ဖြစ်နေတဲ့ သွေးသားလည်ပတ်မှု မမှန်ကန်တာကို ကုပေးနိုင်ပါတယ်...ကုလည်း ကုပေးချင်လို့ပါ...)

(ရှင်တို့ လူကောင်းတွေလို့ ဘယ်လို ယုံကြည်ရမှာလဲ... စိတ်တော့ မရှိပါနဲ့နော်... ရန်ကုန်မှာ ဘယ်ဟာမှ မယုံရလို့ပါ... ကျေးဇူးပြုပြီး မှတ်ပုံတင် ပြနိုင်ရင် ပြပါလား...ပြီးတော့ ရှင်တို့က... ဆေးဆရာလား...)

(မှတ်ပုံတင် ပြပါဆိုပါလား...နေမင်း... မခေဘူးပဲ...မဟုတ်ပါဘူး... ဆေးဆရာတော့ မဟုတ်ပေမယ့်...)

(ဒါဆိုရင်လည်း ကိုယ့်လမ်း ကိုယ်သွားကြပါရှင်...)

(ဒီမှာ မဒမ်... ညီမလေးက ဆေးခန်း တစ်ခန်းကို သွားပြဖို့ စဉ်းစားနေရင်... လက်လျှော့လိုက်ပါကွာ... ဒါ ဆရာဝန် ကုလို့ ပျောက်မယ် ထင်လို့လား... မဒမ်...ညီမလေးကရော ကုတတ်လို့လား... ကုတတ်မှာ မဟုတ်ပါဘူး... အခုမှ မြီးကောင်ပေါက် အရွယ်လေးတွေပဲ ရှိသေးတဲ့ဟာ...)

(ထူးဇော်... နေပါဦးကွ... ငါ ပြောမယ်... ဟုတ်ပြီ... ကိုကျော်ထင်နဲ့ ကျန်တဲ့လူတွေကို ယုံအောင် သက်သေပြပါမယ်... ဒါပေမယ့် ကျွန်တော်တို့ သက်သေက ကိုကျော်ထင်ရဲ့ ယုံကြည်မှု အပေါ်မှာပဲ မူတည်ပါတယ်... ဒီရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ မျက်နှာကို ကာယကံရှင် ကိုကျော်ထင်က အကုခံဖို့ သဘောတူတယ်ဆိုရင်... ညီမလေးတို့ရော လက်ခံပြီလား... သဘောတူပြီလား...)

ရဲသွေးနှင့် စံကားဝါတို့ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်မိသည်။ သူတို့ ကျော်ထင်ကို ဘယ်လိုလဲ ဟူသည့် သဘောဖြင့် လှည့်ကြည့်မိကြသည်။ ကျော်ထင်ကလည်း သူ့ ရုပ်ဆိုးနေသော မျက်နှာကို အမြန် ပြန်ကောင်းစေချင်သည်။ သူသည် ဒေါသ အားကြီးလာလျှင် ဤကဲ့သို့ ခရမ်းရောင် လွှမ်းသွားတတ်သည်။ ဤအချိန်မျိုးတွင် သူ့စိတ် သူ မနိုင်။ အတော် ငယ်ငယ်တုန်းကလည်း တစ်ခါ ဖြစ်ဖူးသည်။ သူ့အဖေနှင့် အမေဆိုလျှင် ခြေမကိုင်မိ၊ လက်မကိုင်မိ။ နောက်တော့ အဘိုးကြီးအို တစ်ယောက်က အိမ်ထဲ ၀င်လာပြီး၊ သူ့ကို ကုပေးသွားသည်ဟု အမေက ပြန်ပြောပြသည်။ ထိုအချိန်ကတည်းက သူ့တွင် ဒေါသ အားကြီးက မျက်နှာကို ထိခိုက်တတ်သည့် ရောဂါ ရှိမှန်း သိလာခဲ့ရသည်။ ဤရောဂါက ဘယ်ဆရာဝန်မှ ကု၍ မပျောက်နိုင်။ ဖြစ်လာလျှင် အချိန်မီ ကုမှ။ မဟုတ်က စိတ်ရိုင်း ၀င်ပြီး၊ လူသတ်မှုတွေ ကျူးလွန်တတ်သည် ဆိုပါသည်။ ထို့ကြောင့် ကျော်ထင် ဒေါသကို ချုပ်တည်းပြီး နေလာခဲ့သည်မှာ ကြာပြီ။ ဘယ်သူငယ်ချင်းတွေမှ မရိပ်မိအောင် နေလာခဲ့သည်။ ယခုတော့...... ကျော်ထင် ခေါင်းညိတ်လိုက်သည်။ စံကားလည်း မတတ်သာတော့သည်နှင့်...

(ကဲ... ရှင်တို့ သက်သေ ပြကြပေတော့...)

(ဒါလေးများ... ခင်ဗျားတို့ ကိုကျော်ထင်ကို မေးကြည့်လိုက်ရုံပါပဲ... ဒါမျိုး ငယ်ငယ်တုန်းက... တစ်ခါ ဖြစ်ဖူးတယ်... အဘိုးအို တစ်ဦး ကုပေးလို့ ပျောက်သွားတယ်ဆိုတာရော...အိပ်မက်ထဲမှာ အဲဒီ အဘိုးအိုကို မကြာမကြာ မက်တယ်ဆိုတာပါ... ကဲ... မေးကြည့်တော့... ကျွန်တော်တို့ရဲ့ သက်သေဟာ ဘယ်လိုလဲ... မှန်မမှန်လို့...)

ရဲသွေးနှင့် စံကားတို့၏ မျက်လုံးများသည် ကျော်ထင်ဆီသို့ လှည့်သွားသည်။ ကျော်ထင်သည် ဘာထူးခြားနေသောသူနည်း။ ဘာကြောင့် ဤရောဂါသည် သူနှင့် သက်ဆိုင်နေရသနည်း။ သည်ကောင်လေးတွေကော မည်သူတွေနည်း။ ဘာကြောင့် မိမိတို့လို သူငယ်ချင်း အရင်းခေါက်ခေါက်ကတောင်မှ မသိသော အတွင်းရေး အကြောင်းအရာများကို လာသိနေရသနည်း။ စံကား တွေးနေမိရာ ဘာမှ မပြောဖြစ်။ ဆိတ်ဆိတ် နေမိ၏။

ကျော်ထင် အံ့အားသင့်နေမိသည်။ ဤကောင်လေးတွေက ဘယ်သူလဲ။ သူ ဖြစ်ခဲ့ဖူးတာရော၊ ကုလို့ ပျောက်သွားခဲ့တာရော ဒီကောင်လေးတွေက ဘယ်လို သိနေတာလဲ။ ကုန်ကုန် ပြောရရင် သူ အိပ်မက်ထဲမှာ အဘိုးအိုကို မြင်မက်သည်ဆိုသည်ကိုကော သူတို့ မည်သို့ သိသနည်း။ သူတို့ မိမိကို ကုနိုင်မှာလား။ လက်ရှိကတော့ ဘာကိုမှ မစဉ်းစားဘဲ လက်ခံလိုက်ရန်သာ အခြေအနေတွေက ညွှန်ပြနေသည်။ သူ့ခေါင်းသည် အလိုလို ညွှတ်ကျသွားသည်။ သူ ခေါင်းညိတ်လိုက်မိပြီလော။

----------------------------------------



အချိန်သည် တဖြည်းဖြည်း ကုန်လွန်လာခဲ့သည်။ နေမင်းသည် ထူးဇော် ကုသနေသည်ကို မတုန်မလှုပ် ရပ်ကြည့်နေသည်။ ထူးဇော်သည် သည်မှာဘက်တွင် အလွန် ကျွမ်းကျင်သူ ဖြစ်ရာ အမှားအယွင်း တစ်စုံတစ်ရာ မဖြစ်နိုင်ပေ။ နေမင်း လုံးဝ ယုံကြည် စိတ်ချသည်မှာ သူ၏ မျက်နှာပေါ်တွင် ပေါ်နေသော မိမိကိုယ်ကို ယုံကြည်စိတ် အပြည့်အ၀ ရှိနေသော အသွင်ကို ဖြစ်သည်။ ချွေးသီး ချွေးပေါက်များ လိမ့်ကျနေသည်ကို ကြည့်ပြီး၊ ငါ့ သူငယ်ချင်းကတော့ ဘယ်တော့မှ လူများကို ကူညီချင်တာပဲ သိတာကိုး ဟု အဖန်ဖန် တွေးနေမိတော့သည်။

ထိုအချိန်တွင် စံကားနှင့် ရဲသွေးတို့လည်း ထူးဇော် ကုသနေသည်ကို အထူးအဆန်းသဖွယ် ကြည့်နေလေသည်။ ဟုတ်ပါသည်။ ထူးဇော် မည်သို့ ကုသနေသနည်း။ ကြည့်ရအောင်။ ကျော်ထင်ကို တင်ပလင် ခွေထိုင်ခိုင်းထားပြီး၊ မျက်လုံးအစုံကို လုံးလုံး မှိတ်ထားစေသည်။ ထူးဇော်၏ လက်ယာလက်ဝါးကမူ ကျော်ထင်၏ နဖူးပေါ်သို့ ဒေါင်လိုက် တင်ထားပြီးလျှင် သူ၏ မျက်လုံးများကိုလည်း မှိတ်ထားလေသည်။ နှစ်ယောက် စလုံး တုတ်တုတ်မျှ မလှုပ်။ ဘာတွေလဲ။ ဈာန်များ ၀င်စားနေကြပြီလား။ မှောင်သည်ကလည်း အတော်မှောင်နေလေပြီ။ ကုနေတာကပဲ မပြီးနိုင်။ နာရီဝက်လောက် ရှိနေပြီဖြစ်၏။ အိမ်ကတော့ ယခုလောက်ရှိ စိတ် အပူကြီး ပူနေလောက်ပြီ။ စံကားသည် သက်ပြင်းကိုသာ အတွင်တွင် မှုတ်ထုတ်လိုက်ရင်းက၊ နေမင်းဟု သူ့ကိုယ်သူ မိတ်ဆက်လာသော အသားခပ်ညိုညိုနှင့် ကောင်လေးကိုလည်း တိတ်တိတ်ကလေး ခိုးကြည့်လိုက်သည်။ အံမယ်... သူကလည်း တုတ်တုတ်မလှုပ် မိမိကို စိုက်ကြည့်နေပါလား။ ရန်တွေ့လိုက်ဦးမှထင့်။ နေမင်း၏ ချောမောပီသသော ပုံစံကိုလည်း ငေးမိသွားသည်။ သို့သော် ရာသီ မဟုတ်၊ အချိန်အခါ မဟုတ် ၀တ်ဆင် ထားသော အင်္ကျီလက်ရှည် ပွပွကြီးဆီလည်း အကြည့် ရောက်ဖြစ်လေသည်။ အင်း... ငယ်ငယ်ရွယ်ရွယ်နှင့် ဆေးကုတတ်သည်ဟု ပြောသော သည်လူတွေလည်း မခေသော လူတွေ ဖြစ်နိုင်သည်။ စံကား တွေးရင်းနှင့် ခုနက ဖြစ်သွားသော အဖြစ်အပျက်ကို ပြန်စဉ်းစားမိပြန်သည်။

ကျော်ထင်က ကုသခံမည် ဟူသည့် သဘောဖြင့် ခေါင်းညိတ်လိုက်ပြီးသည်နှင့် နေမင်းကလည်း ထူးဇော်... အချိန် သိပ်မဆွဲနဲ့ကွာ...နော်...ဟု တစ်ချက် ပြောလိုက်သည်။ မည်သည့် သဘောနည်း။ အချိန် မဆွဲနှင့်... မဆွဲနှင့်သာ ပြောသည်။ ကုနေတာကဖြင့် နာရီဝက် ကျော်နေပြီ။ ထူးဇော်လည်း နှုတ်မှ ဘာမှန်း မသိသော စကားတွေ ရွတ်လိုက်သည်ကို စံကားရော ရဲသွေးပါ နှစ်ယောက်စလုံး မြင်လိုက်ရပြီး တစ်ပြိုင်နက်၊ စံကားတို့ ရပ်နေရာ နောက်ဖေးလမ်းကြားထဲသို့ အရပ်လေးမျက်နှာမှ လေနုအေးများ ပြေးဝင် လာတော့သည်။ အဆိုပါလေထဲတွင် ရေမွှေးလိုလို အမွှေးရနံ့ တစ်မျိုးလည်း ပါလာရာ၊ နောက်ဖေးလမ်းကြား နေရာ တစ်ကွက်လုံး မပြောကောင်း မဆိုကောင်း နောက်ဖေးတန်မဲ့ မွှေးနေလိုက်သည်မှာ သူများတွေကိုသာ ပြန်ပြောပြပါက ပေါက်နေပြီဟု ဆိုကြကုန်တော့မည်။ ထို့အပြင် ဘာမဆို သမီး ပြောပြသမျှ အင်း ခံကာ သဘောကျလေ့ ရှိသော ဖေဖေမေမေတောင်မှ ဟယ်...ဒီကောင်မလေး မဟုတ်က ဟုတ်ကတွေ လာပြောတော့မယ်...ဟုပင် ဆိုလိမ့်မည်။ လောလောဆယ် တကယ့် အဖြစ်အပျက်မှန်မှာတော့ ဤနောက်ဖေးလမ်းကြား တစ်ခုလုံး မွှေးနေလိုက်သည်မှာ တကယ်ရော နောက်ဖေး ဟုတ်ရဲ့လား ဟု မထင်ရက်စရာ။ ရှူ၍လည်း ကောင်းလှပေသည်။ အော်... လူတွေတော့ ရူးနေပြီသာ ထင်တော့မည်။ ထူးဇော် ဆိုသော ကောင်လေးက ဘာတွေ လုပ်ထားမှန်း မသိ။

နေမင်းသည်လည်း ကောင်မလေးကိုသာ သဘောကျကျနှင့် စိုက်ကြည့်နေမိသည်မှာ ထူးဇော် လူနာကို ကုသနေသည်ကိုပင် မေ့သွားမိသည်။ သူ့မျက်စိထဲတွင် ခုနက ပတ်ဝန်းကျင် တစ်ခုလုံး မွှေးကြိုင်သွားစဉ်၊ အံ့သြဘနန်း ဖြစ်သွားသော စံကားနှင့် ရဲသွေးတို့၏ အမူအရာကို စိတ်ထဲ စွဲထင်နေမိသည်။ ကောင်မလေးရော ကောင်လေးပါ မထိရက် မကိုင်ရက်လောက်အောင် နုဖတ်လှချေသည်။ အသားကလေးများ ဖြူဖြူဝင်းနေလိုက်သည်မှာ ကြွေရုပ်ကလေး နှစ်ရုပ်ကို ပြိုင်တူ ယှဉ်ထားသလား ထင်ရပေမည်။ ထူးဇော်က အမှန်တော့ ပုပ်အဲ့ ညှီစို့သော အနံ့အသက်ကို အလွန် ရွံ့မုန်းသူ ဖြစ်ရာ သူတတ်သော ပညာဖြင့် ပတ်ဝန်းကျင်ကို ခဏတာမျှ မွှေးစေသော ဂါထာကို ရွတ်လိုက်ခြင်းပင် ဖြစ်သည်။ ဒါကိုများ... အင်းလေ... မကြုံဖူးတော့လည်း အံ့သြကြပေမပေါ့လေ။

ရဲသွေးသည် နေမင်းကို အရေးတယူ ကြည့်ဖို့ထက် ကျော်ထင်ကိုသာ စိတ်ပူတကြီး ကြည့်နေမိသည်။ မျက်နှာတွင် လွှမ်းနေသော ခရမ်းရောင် အသွေးမှာ သိသိသာသာ လျော့ကျသွားပြီ ဖြစ်သော်လည်း အကုန်အစင် ပျောက်သွားပြီလည်း မဟုတ်သေး။ ရဲသွေး စိတ်ထဲတွင် သည်ကဲ့သို့သော ရောဂါမျိုးလည်း ရှိသေးတာကိုး ဟု နှောက်ကျိစွာ တွေးတောနေမိသည်။ ပြီးတော့ သည်ကဲ့သို့သော ရောဂါက သေနိုင်လောက်သည်ဟုလည်း စိတ်ထဲတွင် အလိုလို ခံယူနေမိသည်။ အပြင်ဘက်တွင် လူသူလေးပါး ရှုပ်ထွေးလျက်၊ ကားသံ ဈေးသည်များ၏ ဈေးဝယ်သူ ခေါ်ယူသံများကို သဲ့သဲ့ ကြားနေရသည်။ တိုက်ခန်းများပေါ်မှ ကျလာသော မှုန်ပျပျ မီးရောင်အောက်တွင် ကျော်ထင်သည် ညီးများ ညီးညူနေမလား။ ယခုထိတော့ နှစ်ယောက်စလုံးက ပန်းပုရုပ် နှစ်ရုပ်နှယ်။

(အား... )

(ဟင်... ကျော်ထင်... နင် ဘယ်လိုနေသေးလဲ...ပျောက်သွားပြီလား...သက်သာရဲ့လား...)

(ဟုတ်တယ်... မဒမ် ညီမလေးတို့ရဲ့ ဒေါသအိုးကြီးရဲ့ ရောဂါ ပျောက်သွားပါပြီတဲ့ဗျာ...)

(ကျော်ထင်... ကျော်ထင်... ငါတို့ ခေါ်နေတယ်လေ... ကြားရဲ့လား...)

စံကားသည် ကျော်ထင်ကို လက်မောင်းမှ ကိုင်ကာ လှုပ်ခေါ်သော်လည်း ကျော်ထင်မှာ နွမ်းချိနေသည့်နှယ် ပျော့အိနေတော့သည်။ အသားများသည် ပူပူလောင်လောင်ကြီး ဖြစ်နေသည်။ စကားလည်း တစ်လုံးမှ မပြောနိုင်သေး။ ထူးဇော်ကတော့ သူ့ အနက်ရောင် ကုတ်အင်္ကျီထဲမှ လက်ကိုင်ပ၀ါကို ထုတ်ကာ ချွေးပြန်နေသော မျက်နှာကို တွင်တွင် သုတ်နေရသဖြင့် သူတို့ ဖြစ်နေပုံကို ဂရုမစိုက်အားချေ။ နေမင်းကပင် သူတို့၏ စိုးရိမ် ပူပန်မှုကို ဖြေဖျောက်ရသည်။

(ကဲ... အားလုံးပဲ... နားလည်ပေးစေချင်ပါတယ်... ကိုကျော်ထင်က အခုလောလောလတ်လတ် ကုသမှုကို ခံယူထားတော့ အားအင်တွေ ကုန်ခမ်းသွားတာပါ... ဘာမှ မဖြစ်ပါဘူး ဒီည တစ်ညလုံး အနားယူလိုက်... မနက်လင်းတာနဲ့ ကုန်သွားတဲ့ အားတွေ ပြန်ပြည့်ပြီး ဖြစ်နေမှာပါ... ကုပြီးရင် အနားယူရတာလည်း ထုံးစံပဲလေ...)

(ရဲသွေး... လာ... တွဲ... ငါတို့တွေ သူ့ကို အိမ် ပြန်ပို့ဖို့ပဲ ရှိတော့တာပဲ... မ... လက်မောင်းကနေ ဆွဲတင်လိုက်... ကိုနေမင်းနဲ့ ကိုထူးဇော်တို့ကိုလည်း... ကျေးဇူး အများကြီး တင်ပါတယ်...)

(ရပါတယ်... ဒါနဲ့ ကိုကျော်ထင် ရောဂါ ဖြစ်ရတဲ့ အကြောင်းကိုလည်း သိဖို့ လိုပါတယ်... ကိုကျော်ထင်က အချိန်ကို လေးစားသူ ဖြစ်တာကြောင့် ညီမလေးရဲ့ အပြုအမူက လွန်သွားတယ်လို့ မထင်ဘူးလား... သူ့မှာကလည်း နဂို ဒေါသ အားကြီးတဲ့ ရောဂါက ရှိနေတော့...)

(ကျွန်မက ဘာလုပ်လို့လဲ ရှင်... ကျွန်မတို့ သုံးယောက် လက်ဘက်ရည်ဆိုင်က ထွက်လာတဲ့ အချိန်မှာ သူက ရုတ်တရက်ကြီး အဲလို ထဖြစ်တာလေ...)

(ဒါနဲ့ မေးပါရစေ... ညီမလေး နာမယ် တဆိတ်လောက်...)

(ကျွန်မ နာမယ် အပြည့်အစုံက စံကားဝါပါ... စံကားလို့ပဲ ခေါ်ပါတယ်...)

(သြော်... မစံကားဝါ... စံကားဝါ သူငယ်ချင်း နာမယ်ကရော... သူ့ကို ပြောတာ...)

(သူက ရဲသွေး...တဲ့...)

(သြော်... ရဲသွေး... အင်း... မှတ်ထားပါမယ်...)

(ရှင်တို့ ဘယ်မှာ နေကြသလဲဟင်... ကျော်ထင် နေကောင်းလာတဲ့ အခါကျရင်... လာတွေ့မလို့ပါ...)

(အောင်မယ်... လာတွေ့ရုံနဲ့ ဘယ်ရမလဲ... မုန့်ပါ ကျွေးရမှာ နော...)

(ကျွေးဆိုလည်း ကျွေးရမှာပေါ့... ကျွန်မတို့ ကျွေးနိုင်ပါတယ်...)

(ဟဲဟဲ...နေမင်း ကြည့်စမ်းပါဦး... ပြောနေပုံက... ဒီကလည်း စားနိုင်ပါတယ်နော်...)

(ဟုတ်တယ်... စံကားဝါ... မူဆယ်က လာတဲ့ ကောင်ကိုမှ အဲလို သွားပြောမိတာကိုး... ဒီကောင်က မူဆယ်မှာ အစုံ စားတဲ့ကောင်... အစားပုပ်လေ... စားသာ စားတာ... လူက ဘယ်လိုမှ ၀လာတယ် မရှိဘူး...လေ... ကျွေးလို့ကတော့ အားနာမယ် မထင်နဲ့...)

(သြော်... ဒါဖြင့် ကိုနေမင်းကရော အားနာတတ်တယ်ပေါ့... အဲလိုလား...)

(အဟဲ...ဒီလိုတော့လည်း ဘယ်ဟုတ်ပါ့မလဲ... ရဲသွေးရ... ကောင်မလေး ချောချောလေးက ကျွေးတဲ့ မုန့်ဆိုရင်တော့ အဆိပ် ဖြစ်နေပစေ... စားသင့်ရင် စားရမှာပဲလေ...)

(ဘာပြောတယ်... ခင်ဗျား....)

စံကားသည် ထိုစကားကို ရုတ်တရက်ကြီး ကြားလိုက်ရသည်နှင့် အပေါစားဆန်လှချည်လားဟု တွေးကာ ချက်ချင်းပင် ငူငူကြီး ဖြစ်သွားလေသည်။ ရဲသွေးမှာကား သူ့ သူငယ်ချင်းကို ထိပါး၍လား မသိ။ မျက်နှာသည် ချက်ချင်းပင် နာမည်နှင့် လိုက်ဖက်အောင်ပင် တစ်ပြင်လုံး ရဲတက်သွားတော့သည်။ ရုတ်တရက် ဘာပြောရမည်မှန်း မသိ ဖြစ်နေပုံ ရသည်။ နေမင်းတို့ နှစ်ယောက်မှာမူ တခွိခွိ ရယ်မောနေလေတော့သည်။ စံကားသည်လည်း စကား မပြောဖြစ်။ ကျော်ထင်ကိုသာ အတူတွဲထားရင်း တိတ်တိတ်ဆိတ်ဆိတ် လမ်းလျှောက်ကာ အားလုံးပင် ဘတ်စ်ကား မှတ်တိုင်သို့ ပြန်ရောက်လာကြလေသည်။

Part (5)

နေသည် အရှေ့ဘက်မှ ဖြည်းညင်းစွာ ပြူထွက်လာလေသည်။ နှင်းမှုန်များသည် လုံးဝ မကွဲသေးသည် ဖြစ်ရာ အရာရာသည် မှုန်မှုန်မွှားမွှားကလေးမျှသာ မြင်နေရသည်။ လေထုသည်လည်း လုံးဝ လတ်ဆတ်နေသည်။

နေမင်းသည် အိပ်ရာမှ စောစီးစွာ နိုးနေသည် ဖြစ်ရာ၊ ည၀တ်အင်္ကျီ အပြာကို မချွတ်ဘဲ ခုနှစ်ထပ် တိုက်၏ ၀ရန်တာ အပြင်ဘက်သို့ ဖျတ်လတ်စွာ လျှောက်လာသည်။ လုံချည်သည် ကြမ်းပြင် တစ်လျှောက် ဒရွတ်တိုက် ဆွဲပါလာတော့သည်။

ထူးဇော်မှာ အိပ်ကောင်းတုန်းပင် ရှိသေးသည်။ နေမင်းသည် အိပ်ပျော်နေသော သူငယ်ချင်း ဖြစ်သူကို မနိုးတော့ဘဲ၊ စောစောစီးစီး မက်လိုက်သော အိပ်မက်ကို တရှိုက်မက်မက် တွေးတောနေလေသည်။ အချိန်သည် ဝေလီဝေလင်း ဖြစ်လေရာ နှင်းမြူများသည် နေမင်း၏ ပါးပြင်ကို ကလူကျီစယ်သွားကြသည်။ ကုပ်ဝဲအထိ ရှည်ကျနေသော ဆံပင်များသည် လေတိုက်လိုက်လျှင် တစ်ချက်တစ်ချက် လှုပ်သွားသည်။

နေမင်းသည် အမြင့်မှနေ၍ အောက်ဘက်တွင် လှုပ်ရှားစ ပြုနေပြီ ဖြစ်သော လောက ရှုခင်းကို ကြည်ကြည်လင်လင် ကြည့်မိသည်။ ပဲပြုတ်သည်မှာ ၀မ်းရေးအတွက် အစောကြီး ထကာ အော်ရောင်းနေလေပြီ။ သူသည် ဖြတ်သန်းလာခဲ့ရသော နှစ်နှစ်တာ ကာလကို ရုတ်ခြည်းပင် ပြန်အောက်မေ့မိလေသည်။ ထိုအချိန်တုန်းက နေမင်းသည် ဘာဆိုဘာမှ မဟုတ်ခဲ့ပါ။ လူဘော်ကြော့ တစ်ယောက်ဟု ဆိုလိုလျှင် ဆိုနိုင်သော အခြေအနေတွင် ရှိခဲ့သည်။ ဘ၀ဆိုသည်မှာ လောကီ သုခဘုံ အဖြစ် သတ်မှတ်ခဲ့သူ ဖြစ်သည်။

ကုလနတ်မင်းနှင့် စတင် တွေ့ရခြင်းသည် သူ့ဘ၀အတွက် စွန့်စားခန်းများကို အလိုအလျောက် စတင် ဖြစ်ပေါ်စေလိုက်ခြင်နှင့် တူနေသည်။ ကုလနတ်မင်း သာမက ကုလီကဲကလေးကလည်း သူ့ကို အစစ အရာရာ ကူညီခဲ့သည်။ နှစ်နှစ်လုံးလုံး အခက်အခဲပေါင်းစုံကို ခံစားရပြီးလျှင်၊ လူသူမနီးသော တောကြီးမျက်မည်းထဲသို့လည်း ရောက်သည်။ လေ တဟူးဟူး တိုက်ခတ်သော တောင်ကုန်းဒေသများကိုလည်း ဖြတ်ကျော်သည်။ ရေစီး ကြမ်းသော မြစ်ချောင်းများကိုလည်း ကူးသည်။

ထူးဇော်နှင့် သိကျွမ်းခဲ့သော နေရာမှာ မြန်မာပြည်တွင်း တစ်နေရာ မဟုတ်ချေ။ ရှန်ဂရီလာ တောင်ထိပ် တစ်ဖက်စွန်းတွင် ထိုးထွက်နေသော ပါဟီဟိ တောင်စွန်း ကျောက်ဖျာပေါ်တွင် တရားထိုင်နေသော ထူးဇော်ကို စတင် တွေ့ရှိရသည်။ ကုလနတ်မင်းက ညွှန်ကြားခဲ့သည်မှာ သူတို့နှစ်ယောက်သည် ဘီလူးကြီး တစ်ကောင်ကို နှိမ်နင်းရန်အတွက် ပူးပေါင်းရမည်ဟု ဆိုလာသည်။ သူတို့သည် ငယ်ပေါင်းကြီးဖော်များသဖွယ် များစွာ ရင်းနှီး ခင်မင်သွားကြသည်။ သူတို့သည် ဘီလူးကြီးကို လုံးဝ မမြင်ဖူးသဖြင့် အလွန် စိတ်ဝင်စားခဲ့ကြသည်။ တိုက်ခိုက်ရန် အားထုတ်ခဲ့ကြသည်။ extra ordinary creature ကို သာမန်ထက် ပိုလွန်၍ အားစိုက်ခဲ့ကြသည်။ လက်တွဲဖော်များ ဖြစ်ခဲ့ကြသဖြင့်၊ တစ်ယောက် အကြောင်းကို တစ်ယောက် နောကြေအောင် သိနေကြသည်။

ထူးဇော်သည် အိပ်နေတုန်းပင် ရှိသေးသည်။ စောင်ကို ကွေးကွေးကလေး ခြုံထားသည်ကို တစ်ချက်လှည့်ကြည့်ပြီးနောက် နေမင်းသည် မျက်နှာတွင် အပြုံးတစ်ပွင့်ကို ပေါ်စေမိသည်။ နေပင် တစ်ဖြည်းဖြည်း မြင့်လာချေပြီ။ ထူးဇော် ထသင့်ပြီ။ ရှိရှိသမျှ သက်ရှိသတ္က၀ါများပင် နိုးထနေလျက် ထူးဇော် မထသေးသည်ကို မြင်လျှင်၊ မနေ့က အဖြစ်အပျက်ကို သတိရပြီး ပြုံးမိခြင်း ဖြစ်သည်။ ကျော်ထင်ကို ကုပေးလိုက်ရ၍၊ ထူးဇော် အားတွေ ဆက်တိုက်ကုန်ကာ ခုနှစ်ထပ်တိုက်ကိုပင် မတက်နိုင်တော့သဖြင့် နေမင်း ပွေ့ချီခဲ့ရသည်။ တိုက်ခန်းထဲ ရောက်သည်နှင့် ဘာမပြော ညာမပြော အိပ်ရာထဲ ၀င်ထိုးအိပ်နေသဖြင့် အနွေးထည် ထုတ်ပေးချိန်ပင် မရလိုက်။ ဤတွင် ထိုညက နေမင်းတို့ ဘာစကား တစ်လုံးမျှ မပြောလိုက်ရဘဲ စောစီးစွာပင် အိပ်ရာ ၀င်ခဲ့ကြသည်။

တစ်ဆက်တည်းပင် စံကားဝါဆိုသော ကောင်မလေး၏ ဖြူနုနေသော မျက်နှာ ၀င်းဝင်းကို ပြေးမြင်မိလေသည်။ အဘယ်မျှလောက် လှသော မျက်နှာလေးပင်နည်း။ မိမိ စိတ်ဝင်စားသည် ထင်လျှင်၊ ထင်ရာ လုပ်ရဲသော သတ္တိ ရှိကြောင်း ထူထဲသော မျက်ခုံးနှင့် ပါးလျသော နှုတ်ခမ်း ဖူးဖူးလေးက ဖေါ်ပြနေသည်။

နေမင်းသည် တိုက်ထဲ ၀င်တော့မည် ပြင်စဉ်၊ နောက်ကျောမှ လေတိုးသံကို ကြားလိုက်ရာ၊ ရုတ်ခြည်း နံဘေးသို့ ရှောင်လိုက်ရသည်။ ကြည့်လိုက်ရာ ခေါင်းအုံး တစ်လုံး လွင့်ကျလာသည်ကို တွေ့ရသည်။ လက်စသတ်တော့ ထူးဇော်က အိပ်ရာမှ နိုးသည်နှင့် နေမင်းကို ခေါင်းအုံးနှင့် ပစ်ပေါက်၍ ကျီစယ်လိုက်ခြင်းပင်တည်း။

နေမင်းက အနွေးထည်ကို ဖြေးညင်းစွာ ချွတ်ရင်း

(နိုးနေပြီလားကွ... ဟဲ ဟဲ... တော်တော် မောသွားသလား သူငယ်ချင်းရ...)

(ဟကောင်... နေမင်းရ မင်းက အစောကြီးထတာလား... တစ်ညလုံး မအိပ်တာလား... ထပြီး ၀ရန်တာမှာ ဘာလုပ်နေတာလဲ... ဒါကြောင့် မင်းကို စလိုက်တာ... အဟဲ)

ထူးဇော်ကတော့ ပါးစပ် အဖြဲသားနှင့် ရယ်နေလေတော့သည်။ နေမင်းက ခြေရှပ်တိုက် လျှောက်လာရင်းမှ၊

(ကဲ... လုပ်.. လုပ်.. ပျင်းမနေနဲ့တော့... ပလန်ရှိသေးတယ်... မနေ့က မင်း အိပ်နေတာ သိုးနေတာပဲ... ငါ မင်းအိပ်နေတဲ့ ပုံစံ ပေါင်းစုံကို မြင်ဖူးပါတယ်... ဒီတစ်ခါတော့ လက်လန်တယ်...ကွာ တိုးတိုးလေး ခေါ်ကြည့်တာကို မကြားတော့ဘူး...)

ထူးဇော်ကလည်း

(အေးပါ... ငါကလည်း အားမရှိရင် ဘယ်လိုမှ မနေနိုင်တော့ဘူးကွ... ဒါနဲ့ ဒီမနက် ငါ့အတွက် မင်း ဘာနံနက်စာများ စီစဉ်ထားသေးသလဲ... မစီစဉ်ရသေးဘူးနဲ့ တူတယ်...)

(အစစ်ပေါ့... မုန့်ဟင်းခါး သွားစားမလားလို့ စဉ်းစားနေတာ... မင်းရော... လာကွ ပြောနေ ကြာတယ်... ထ... အ၀တ်လဲ... ဟိုဘက် ဗီရိုထဲမှာ မီးပူ တိုက်ပြီးသား အ၀တ်တွေ ထုတ်လဲ... အခုတလော... မီးက မမှန်ဘူးကွ... လိုက်ချော့နေရတယ်... ကိုယ်နဲ့ ကင်ထားတာတွေချည်းပဲ...)

ထူးဇော်က မင်း ပညာက ဒီနေရာမျိုးမှာတော့ အသုံးဝင်သားပဲ ဟု ပြောရင်း ရေချိုးရန် အနောက်ဖက်သို့ ထွက်သွားလေတော့သည်။ ကုလနတ်မင်း လက်ဆင့်ကမ်းခဲ့သော အပူတန်ခိုး ပညာမှာ လျော့သွားသည် မရှိ။ နှစ်နှစ် အတွင်းတွင် တိုးပြီးရင်း တိုးနေရာ နေမင်း အဖို့မူ တစ်ခါတစ်ရံတွင် ကိုယ်လက် မအီမသာ ဖြစ်တတ်သည်က လွဲပြီး အလွန် အသုံးဝင်သော တန်ခိုး ပညာ တစ်မျိုး ဖြစ်သည်။ ထူးဇော်ကိုတော့ ကုလနတ်မင်းက အအေးတန်ခိုး ပညာကို လက်ထပ် သင်ကြားပေးထားလေသည်။ သူတို့ နှစ်ယောက်၏ ဆန့်ကျင်ဘက် ပညာများက ရန်သူကို အရှုံးပေးစေသည်။ အောင်ပွဲ အနေနှင့်တော့ လေးငါးခု ရပြီး ဖြစ်သည်။ ဘ၀ကိုလည်း တစ်ခါတစ်ရံ သတိရမိသည်။ နေမင်းအတွက် လိုအပ်နေသော အပိုင်းများကို ဘ၀က အိပ်မက် အနေဖြင့် တစ်ဖုံ၊ လူဝှက်ဖြင့် တစ်သွယ် လမ်းညွှန် ကူညီသည်။ ဘ၀က မျက်နှာ မလိုက်တတ်။ နေမင်း ညံ့လျှင် ချက်ချင်း သတိပေးသည်။ အိပ်မက်ထဲတွင် အပြစ်ပေးသည်။ သူတို့ နှစ်ယောက်စလုံးပင် ဘ၀ကို ရိုသေကြောက်ရွံ့လေးစားကြသည်။ ဘ၀ကတော့ သူတို့ လုပ်ဆောင်ရမည့် အရာများ အားလုံး ပြီးစီးပြီ ဆိုလျှင်၊ ပင်စင်စားတွေကဲ့သို့ အနားပေးမည် ဟု ကတိပေးထားသည်။ အခုတော့ ခရမ်းပုပ်တွေကို လိုက်ရှင်းရမည်။ အချိန်ကျလျှင် ပလန်ကျလာမည်။ လောလောဆယ် အထိမှာ၊ အရာရာ အဆင်ပြေ ချောမွေ့ကာ ဟန်ကျ ပန်ကျ ဖြစ်နေတုန်း ဖြစ်၏။

---------------------------------------



ထူးဇော် ရေချိုးပြီး ထွက်လာသည့် အချိန်တွင် နေသည် အတော် မြင့်နေလေပြီ။ နေမင်းသည် ရေ မချိုးတော့ချေ။ သို့သော်လည်း အ၀တ်အစား အသစ်များကို ၀တ်ဆင်ပြီးသွားလေပြီ။ ထူးဇော်ကဲ့သို့ မနက် အိပ်ရာ ထလာတိုင်း ရေမချိုးတတ်သော်လည်း၊ ကိုယ်ခန္ဓာမှာ ထုံးစံ အတိုင်း လန်းဆန်း တက်ကြွလျက် ရှိသည်။ ထူးဇော်က

(နေမင်းရေ... ငါ ဒီအင်္ကျီပြာလေးကို ရွေးဝတ်လိုက်မယ်... အိုကေရဲ့လား...)

(အိုကေပါတယ်ကွာ...)

(မုန့်ဟင်းခါးပဲ စားရင် ကောင်းမယ်...)

(ငါလည်း မုန့်ဟင်းခါးကို အီကြာကွေး ထည့်ပြီး စားမယ်လို့ ကြံတယ်...)

(ကောင်းပါ့ကွာ... အခုခေတ်ကလည်း အရင်တုန်းကနဲ့ မတူတော့ဘူး... အစားအသောက်ဘက်မှာ တင်မက အ၀တ်အစားဘက်လည်း၊ ကြည့်လိုက်ရင် အရောင်တွေ ကာလာတွေ စုံပြီး စားချင်စရာ ၀တ်ချင်စရာတွေချည်းပဲကွာ... ရင်အေးတယ်ဆိုတာကို မရှိတော့ဘူး... ဟုတ်ဘူးလား... နေမင်း...)

(ဒါတော့ မင်း ဒီလို ထင်ရင်လည်း ဒီလိုပဲပေါ့... ငါတော့ ဘာမှ ပြောစရာ မရှိဘူး...)

(ဟေ့ကောင်...)

(ဘာလဲ...)

(မင်း နည်းနည်း အားထုတ်လိုက်ပါလား... ငါ နည်းနည်းလောက် ချမ်းချင်သလိုပဲ... ရေ ချိုးပြီးတော့...)

(ဟာကွာ... မင်းကတော့ လုပ်တော့မယ်...)

(လုပ်စမ်းပါကွာ တစ်ချီလောက်...)

(အေး... လုပ်တာက ကိစ္စ မရှိဘူး... ငါ့မှာပဲ ပူပြီး ကျန်ခဲ့မှာ... မင်းကလည်း သိသားနဲ့... အမြဲတမ်း ... ကတ်သီး ကတ်သတ် လာလုပ်တယ်...)

(သူငယ်ချင်းရာ... ငါ တကယ် အေးစိမ့်စိမ့် ဖြစ်ချင်နေလို့... တစ်ချီလောက် လုပ်လိုက်ရင်ကော ဘာဖြစ်သွားမှာ မို့လို့လဲ...)

(ဒီလောက် ဖြစ်နေရင် သော့ပိတ်ပြီးတာနဲ့ တိုက်ခန်းအောက်ကို အပြိုင် ပြေးဆင်းမယ်ကွာ... ပြေးသွားရင်းနဲ့ မင်းလည်း အားထုတ်... ငါလည်း အားထုတ်မယ်... လုပ်... ဒီလိုပဲ လုပ်... အိုကေ...)

(အိုကေ... နေမင်း Great thanks...!)

သို့နှင့် သူတို့သည် တိုက်ခန်းသော့ကို အရင်ဦးစွာ ခတ်လိုက်သည်။ သံတံခါးကြီး ၀ုန်းကနဲ ပိတ်သွားသည်နှင့် တစ်ပြိုင်နက် ထူးဇော်သည် အတန်ငယ် ညစ်လိုလာသဖြင့်...

(ငါ အရင် ပြေးပြီ... အောက်ကို အရင် ရောက်တဲ့ သူ အနိုင်...)

(ဟမ်... ဟေ့ကောင် မင်း ဒီလို လုပ်လို့ ဘယ်ရမလဲကွ... ဟေ့ကောင် နေဦးလေ...)

(မီနိုင်ရင် လိုက်ခဲ့လေ... ပြောမနေနဲ့တော့... အချိန်... အချိန်...)

ထူးဇော် အော်သွားသော အသံသည် တိုက်ခန်း လှေကား တစ်လျှောက်လုံး အတန်ငယ် ဟိန်းသွားလေသည်။ ချက်ချင်းပင် ထူးဇော် ထုတ်လွှတ်လိုက်သော အအေးဓာတ်လှိုင်းသည်၊ ပြေးဆင်းသွားရာ လှေကား တစ်လျှောက် စွဲထင် ကျန်ရစ်လေသည်။ နေမင်းလည်း ချက်ချင်းပင် အားကို ဆယ်ပုံ တစ်ပုံ ထုတ်ပြီး နောက်မှ ပြေးလိုက်သွား၏။ ထူးဇော် ပြေးဆင်းသွားရာ နေရာတစ်လျှောက်တွင် ရေခဲမှုန်ကလေးများသည် ဝေ့၀ဲ လွင့်ပျံ့ ကျန်ရစ်ရာ၊ ယင်းကို နေမင်းက ကိုယ်ထဲမှ အပူလှိုင်းဖြင့် တိုက်ခိုက်ရတော့သည်။ လေထုထဲတွင် ၀ဲနေသော ရေခဲမှုန်များသည် နေမင်းကိုယ်မှ ပြင်းထန်သော အပူငွေ့နှင့် တွေ့သည်တွင် ရှဲကနဲ မြည်ကာ မြူထူများ ဖြစ်ပေါ်လေသည်။ ပြေးနေရင်းမှ နေမင်းသည် မိမိ၏ အပူလှိုင်းကို ရှေ့မှ ပြေးသွားသော ထူးဇော်ဆီ ကြိုတင် ပို့လွှတ်လိုက်သည်။

ယင်း အပူသည် လမ်းကြောင်း အတိုင်း လျင်မြန်စွာ ပြေးလိုက်သွားလေသည်။ ထူးဇော်သည် ထိုအပူကို ပြေးနေရင်းမှပင် ခံစားမိလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ ပြေးဆင်းရာ ပတ်ဝန်းကျင်သည် ချက်ချင်းပင် ရှဲကနဲ မြည်လာပြီး ပူနွေးသော မြူထူများ သူ့ကို ၀ိုင်းရံလာသောကြောင့်ပင် ဖြစ်သည်။ သို့နှင့် သူ့ ခန္ဓာကိုယ်သည် နဂို ချမ်းစိမ့်စိမ့် ဖြစ်နေရာမှ အတန်ငယ် နွေးထွေးလာသည်ဟု ခံစားမိသည်။ အပေါ်ထပ်မှ နေမင်း ပြေးလိုက်လာသော ခြေသံကို တဒိုင်းဒိုင်း ကြားရလေသည်။ ဤတွင် သူကတော့ တိုက်အောက်ရှေ့သို့ ရောက်ပြီး ဖြစ်လေသည်။ နေမင်း ရှုံးပြီ။

(ဟောဟဲ... မောလိုက်တာကွာ... နိုင်လည်း မနိုင်ဘူး... ဘယ်လိုလဲ... မင်း နွေးပြီလား...)

(နွေးပါပြီ... ဟူး မင်း အပူကလည်း ပြင်းလိုက်တာ... နေမင်းကျနေတာပဲ...)

(သေလိုက်... ငါ့မှာတော့... အေးမယ် မကြံနဲ့... နောက်ဆုံး ငါပဲ ပူကျန်ခဲ့တာပဲ...)

ထူးဇော်က တဟဲဟဲသာ ရယ်နေလိုက်တော့သည်။ သူတို့ နှစ်ယောက် တစ်လမ်းကျော်မှ မုန့်ဟင်းခါးဆိုင်သို့ ရောက်ကြသော် မုန့်ဟင်းခါး တစ်ယောက် တစ်ပွဲ မှာကာ စားကြသည်။ ထို့နောက်တွင် သူတို့ မြို့ထဲ သွားရန် ဘတ်စ်ကား မှတ်တိုင်၌ ကား စောင့်ကြသည်။

မှတ်တိုင်နှင့် ခပ်လှမ်းလှမ်း၌ လူတစ်စု ရှိနေသည်။ ပုံသဏ္ဌာန်မှာ မိုက်ကန်းဟန် ပေါက်နေကြသည်။ စကားကိုလည်း အော်ဟစ် ပြောဆိုသည်။ ကြည့်ရသည်မှာ မိမဆုံးမ ဖမဆုံးမ ကလေးများ ဖြစ်နိုင်သည်။ ထူးဇော်က...

(သူငယ်ချင်း ဝေါင်ဝေါင်ရှေးပါ...)

(သိပါတယ်... ငါ့ စိတ် ငါနိုင်ပါတယ်ကွ...)

(မြို့ထဲသွားရမယ့် ကားကလည်း လာခဲလိုက်တာ... ခြေတောင့်နေပြီ...)

(မင်းတောင် ဒီလို ပြောမှတော့ ငါ ဘယ်သွားရမလဲ... ငါလည်း တောင့်တာပဲ...)

(ကားတွေက ကွာ... လွန်လွန်းတယ်လို့ ထင်တယ်... ဒီလောက်ကြာနေရင် လူတွေ ဒုက္ခ ဖြစ်မယ်ဆိုတာ မသိလေရော့သလား...)

နေမင်းလည်း ထူးဇော်က လာငြီးပြနေသောကြောင့် သူလည်း ရက်ရက်စက်စက် ပြောချင်လာ၍

(သေရင် ငရဲ ရောက်မယ့် ဟာတွေများ ဘာလို့ လိုက်ပြောနေလဲကွ... ထူးဇော်ရ... မင်း မပြောနဲ့ ငါလည်း တစ်ခါတစ်လေကျရင် ဒီကောင်တွေကို မေတ္တာ တုံးလွန်းလို့...)

(မင်းလည်း ပြောတတ်လာပြီပဲ...)

ထူးဇော်က ကျီစယ်လိုက်သည်။ နေမင်းသည် အထက်ပါ စကားစုများကို ပြောပြီးသည်နှင့် အားအင်များ ကုန်ခန်းလာသည်ဟု ခံစားမိလေသည်။ သူသည် ထူးဇော်ကို လှည့်ကြည့်ပြီး မောလိုက်တာဟု ပြောရန် ပြင်စဉ် ထူးဇော်သည် ယိမ်းယိုင်သွားတော့မည်ကဲ့သို့ ရှိသည်ကို တွေ့လိုက်ရသည်။ အမှန်မှာ ထူးဇော် ယိမ်းယိုင်သွားခြင်း မဟုတ်ဘဲ သူကိုယ်တိုင် အားကုန်ခမ်းလာပြီး ပလက်ဖောင်းပေါ် လဲကျသွားခြင်း ဖြစ်ကြောင်း သိလိုက်ရ၏။

ထူးဇော်သည် စိတ်ပူသွားပြီး နေမင်းကို အလျင်အမြန် ပွေ့ချီသည်။ နေမင်းသည် ထူးဇော် လာပွေ့လိုက်သည်နှင့် ခေါင်းသည် မူးနောက်လာသောကြောင့် မပွေ့ရန် ပြောလိုက်ရသည်။ မှတ်တိုင်မှ လူအများလည်း သူတို့နှစ်ယောက်ကို ၀ိုင်းဝန်း ကြည့်လာကြသည်။ ကျွန်တော့် သူငယ်ချင်း နေမကောင်းလို့ပါဟု ရှင်းပြ၍ ထူးဇော်က နေမင်းကို တွဲခေါ်ပြီး မှတ်တိုင်တွင် ရှိသော ထိုင်ခုံဆီသို့ ခေါ်ဆောင်လာသည်။ နေမင်းသည် အားအင်များ တဖြည်းဖြည်း ကုန်ခမ်းလာနေသည်ဟု ထူးဇော်ကို ပြောပြသည်။

ထူးဇော်သည် အဘယ်ကြောင့် ထိုသို့ ဖြစ်ရသည်ကို ရုတ်တရက် နားမလည်နိုင်ချေ။ နောက်မှ သူတို့ ပါးစပ် သရမ်း၍များလားဟု စတွေးမိသည်။ ဤသည်နှင့် ဘ၀ကို စိတ်ထဲမှ တိုးတိုး ခေါ်ကြည့်သည်။ ဘ၀သည် ထူးဇော်၏ ရင်ဘတ်ထဲတွင် တဖြည်းဖြည်း ထင်ရှားလာသည်။ ရင်ဘတ်ထဲတွင် အလုံးစုံ မှောင်မည်းနေရာမှ တဖြည်းဖြည်း လင်းလက်လာသည်။ ထိုအလင်းထဲတွင် သူရှာနေသော ဘ၀မျက်နှာကို တွေ့ရသည်။ ဘ၀၏ မျက်နှာမှာ ယခင်ကထက် ပို၍ ခက်ထန်နေသည်ကို သူ တွေ့လိုက်သဖြင့် ကြောက်ရွံ့သွားမိသည်။

(ဘိုး... ခွင့်လွှတ်ပါ.. သားတို့ မှားမိပါတယ်... ဘိုး)

(အေး... ကိုယ်မှားတာကို ကိုယ် ချက်ချင်း သိနိုင်ရင် အကောင်းဆုံးပဲ... မင်းတို့ကို လူ့လောက လွှတ်လိုက်တာ လူဖြစ်ဖြစ် တိရစ္ဆာန်ဖြစ်ဖြစ် ပုတ်ခတ်ဖို့ မဟုတ်ဘူး... လောကကို ဖျက်ဆီးနေတဲ့ အရာတွေ လူဖြစ်ဖြစ် တိရစ္ဆာန်ဖြစ်ဖြစ် တိုက်ဖို့ လောကကြီး သာယာစေဖို့... ဖြစ်နေတဲ့ အရာတွေအပေါ်မှာ မုဒိတာ မထားနိုင်ရင်တောင် ကရုဏာတော့ ထား... လူတွေက ဒုက္ဒတွေ တစ်လှေကြီး ရောက်နေတယ်... မကောင်းတဲ့သူဆိုရင် သူ့ စရိတ်နဲ့ သူ ကြွမယ်... မြင်အောင် ကြည့်ကြ... ဟိုကောင်လည်း သတိပေးလိုက်... ဒါပဲ... ကောင်းကောင်း နေရစ်ကြ...)

(ဟုတ်ကဲ့ ဘိုး... သားတို့ မှားမိပါတယ်... ဘိုး... သတိပေးလိုက်ပါ့မယ်... ဟုတ်ကဲ့ပါ...)

ထူးဇော်က ဤသို့ ကတိပေးလိုက်မှ ဘ၀သည် ထူးဇော်၏ ရင်တွင်းမှ တဖြည်းဖြည်း မှေးမှိုန်ကာ ပြန်လည် ထွက်ခွာသွားလေတော့သည်။ အချိန်မှာ မွန်းတည့်တော့မည်။ နေရှိန်သည် အလွန် ပူပြင်းလျက် ရှိနေသည်။ ထူးဇော်သည် အဲဒီမှာ စမှားတာပဲဟု ရေရွတ်ရင်း စူးရှစွာ ဖြာကျနေသော နေရောင်ခြည်ကို စိုက်ကြည့်ရင်း ဂါထာ တစ်ပုဒ်ကို ခပ်တိုးတိုး ရွတ်လိုက်သည်။

ဂါထာ ဆုံးသည်နှင့် သူတို့သည် ကမ္ဘာ တစ်ဖက်သို့ ရောက်သွားသည်။ ထိုနေရာတွင် ကမ္ဘာအဆုံး ဖြစ်လေသည်။ ထိုထက် လွန်လျှင် အသူရာ နက်သော ချောက်ကမ်းပါးထဲ ကျမည် ဖြစ်သည်။ ၎င်းကို နတ်သမီး ချောက်ကမ္ဘားကြီးဟု ခေါ်သည်။ နတ်သမီး ချောက်ကမ္ဘားကြီး နံဘေးတွင် ထူးဇော်သည် နေမင်းကို အသာအယာ ချထားလိုက်သည်။ ကြယ်တာရာများသည် တဖျတ်ဖျတ် လက်နေသည်။ ကြယ်ရောင်သည် သူတို့ နှစ်ဦး စလုံးပေါ်သို့ ထိုးကျနေသည်။ နတ်သမီး ချောက်ကမ္ဘား နံဘေး ဖြစ်သောကြောင့် အရာရာကို အနက်ရောင်က လွှမ်းခြုံထားလေသည်။ ထူးဇော်သည် အလိုလို ၀မ်းနည်းလာသလို ရှိသည်။ သို့သော်လည်း စိတ်အား တင်းပြီး ဂါထာ တစ်ပုဒ်ကို ရွတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် ငှက်မွေးသဖွယ် ပေါ့ပါးလာပြီး စကြာဝဠာတံတိုင်းဆီသို့ လွင့်သွားလေသည်။

နေမင်းသည် ခေါင်းပင် မထူနိုင်သော်လည်း အရာရာကို စိတ်အာရုံဖြင့် သိရှိနေသည်။ ထူးဇော် ထွက်ခွာသွားလျှင် တစ်စုံတစ်ရာကို ရိပ်မိလာသကဲ့သို့ ရှိသည်။ သူသည် တတ်နိုင်သရွေ့ ခန္ဓာကိုယ်ကို လှုပ်ကြည့်သည်။ တစ်စုံတစ်ခုက ဆွဲဆိုင်းထားသကဲ့သို့ ခံစားရသည်။ ကိုယ် အမှားကို ကိုယ် ပြန်သိသည့် အချိန်တွင် ဒဏ်ခတ်ခြင်း ခံရပြီး ဖြစ်နေသည်။ ဘ၀ကို နေမင်း ချစ်လည်း ချစ်၊ ကြောက်လည်း ကြောက်ရသည်။ စိတ် မထင်လျှင် မထင်သလိုပါပဲ။ သူ ဘယ်လိုမှ မတွန်းလှန်နိုင်ပါလေ။ ထို့နောက်တွင်ကား စိတ်လျှော့ကာ ခန္ဓာကိုယ်ပေါ် ဖြာကျနေသော ကြယ်ရောင်ကလေးများနှင့်သာ အဖော်ပြု၍ ထူးဇော်ကို စောင့်ဆိုင်းနေရလေသည်။

အခြေနေမှာ တိုးတက်သည်လည်း မဟုတ်၊ ဆုတ်ယုတ်သည်လည်း မဟုတ်၊ တန့်နေသည်။ ထိုအချိန်တွင် ထူးဇော်သည် စကြာဝဠာတံတိုင်းဆီမှ ပြန်လွင့်လာပြီး နတ်သမီး ချောက်ကမ္ဘားကြီး၏ နှုတ်ခမ်းစွန်းတွင် ရပ်လိုက်သည်။ ထိုင်ချပြီး ဂါထာ တစ်ပုဒ်ကို တိုးတိုးရွတ်သည်။ ငှက်မွေးပမာ ပေါ့ပါးနေသော ကိုယ်ခန္ဓာသည် ထိုအခါမှ မူလ အလေးချိန်အတိုင်း ပြန်လည် ရှိလာသည်။ ထို့နောက် နေမင်းဆီသို့ လျှောက်လာပြီး လက်ခုပ်ထဲမှ ရေကြည်ကို တိုက်သည်။ နေမင်းသည် ပါးစပ်ကို ဖြည်းဖြည်း ဟပြီး ရေကို စုပ်သောက်သည်။ သောက်ပြီး ခဏတွင် အားအင်များ ပြန်လည် ပြည့်ဖြိုးလာသည်။ ထူးဇော်က နေမင်း... လှုပ်လို့ ရပြီလားဟု ကြင်နာစွာ မေးလေသည်။

(ရပြီ... သူငယ်ချင်း၊ တစ်ခါတစ်လေတော့လည်း...)

(တစ်ခါတစ်လေတော့လည်း... ဘာဖြစ်သလဲ... ပြောလေကွာ...)

(တစ်ခါတစ်လေတော့လည်း သေချင်တယ်လို့...)

(ဟာကွာ... မင်းကလည်း ဘယ်လို ဖြစ်နေတာလဲ... ငါတို့ တစ်တွေ အသက် ဆက်ရှင်ရမယ်... လူတွေကို ကယ်ရမယ်... ငါ တစ်ယောက်တည်း လူတွေကို ကယ်နေရမယ် ဆိုရင်ရော မင်းက ဘယ်သွားနေမှာလဲ...)

(မဟုတ်ဘူး... ဘ၀က ငါ့ကို အပြစ် ပေးတာ တစ်ခါတစ်လေ မပြင်းလွန်းဘူးလားလို့... ဒီတစ်ခါ ပိုကြမ်းလာတယ်... ငါ ဘာဖြစ်သွားမှန်း ကိုယ့်ဟာကိုယ်တောင် မသိလိုက်ဘူး...)

(ဒါလည်း ဟုတ်တာပဲ... ငါက ဒီနှစ်နှစ် အတွင်းမှာ လေးကြိမ်၊ မင်းကတော့ အမှတ် မရှိတဲ့ ကောင်ဆိုတော့ အပြစ်ခံရတာ ငါထက်တောင် များသေး၊ ခုနစ်ခါ၊ ဒီတစ်ခါနဲ့ပါ ပေါင်း ရှစ်ခါ၊ ဒီတစ်ခါတော့ ဟုတ်တယ်... ငါလည်း ရုတ်တရက် ကြောင်တက်တက် ဖြစ်သွားသေးတယ်... ဘာဖြစ်တာလဲလို့ပေါ့... နောက်မှ သတိရပြီး ဘ၀ကို ခေါ်ကြည့်မှ အဲလိုကိုးလို့ သဘောပေါက်သွားတာ... ငါတို့တွေ နှုတ်စောင့်စည်းဖို့ လိုနေပြီ ထင်တယ်... သူများ မကောင်းကြောင်းတွေ မပြောဘဲ နေကြစို့ကွာ... သက်တံ့ကြောင့်တော့ ရေတံခွန်ကြီး မပျက်စီးဘူးလို့ သဘောထားလိုက်ကြစို့...)

နေမင်းသည် ဘာမှ ပြန်မပြောသေးဘဲ၊ အတန်ကြာ တိတ်ဆိတ်နေသည်။ သက်ပြင်း တစ်ချက် ချလိုက်ပြီးမှ

(မင်း နတ်ရေစင် သွားယူတော့ ဟိုမှာ ဘယ်သူတွေနဲ့ တွေ့ခဲ့သေးသလဲ...)

(စကြာဝဠာတံတိုင်း အပြင်ဘက်မှာတော့ ကြယ်စင် အဆုံးမရှိ နတ်သမီး စောင့်တုန်းပဲ... ငါ့ကို တွေ့တော့ မင်း ပါမလာဘူးလားလို့ မေးသေးတယ်...)

(အဲဒီတော့ မင်းက ဘာပြန်ပြောလိုက်သလဲ...)

(အင်း ခရီး လွန်နေတယ် လို့ပဲ... ပြန်ဖြေလိုက်ရတာပေါ့... မင်း အပြစ်ခံရမှန်း သိရင် စိတ် မကောင်း ဖြစ်နေဦးမှာ စိုးလို့...)

(ဘာဖြစ်လဲကွာ... ပြောပြလိုက်ပေါ့... ငါလည်း စိတ် မကောင်းဘူး... သူ့ဆီက ငွေသား တစ်တုံး ချေးထားပြီး အခု ပြန်မပေးရသေးဘူး...)

(ဟကောင်... မင်း အပြောစောသွားတယ်... နတ်သမီးက ပြောသေးတယ်... မင်း ယူသုံးထားတဲ့ အဲဒီ ငွေတစ်တုံးကို သူ ပြန်မယူတော့ဘူးတဲ့... လျော်ပစ်လိုက်တော့မယ်တဲ့...)

(ဟာ... ဘယ်ကောင်းမလဲ... နောက်ကော... ဘယ်သူတွေနဲ့ တွေ့သေးလဲ...)

(ဟဲဟဲ... နတ်ရေကန်ဘေးမှာ ဘာပင်တွေ ပေါက်နေလဲ သိလား... ကမ္ဘာမှာ အရမ်း ရှားတဲ့ စိမ်းခရမ်း သစ်ခွတွေ အဆုပ်လိုက် အဆုပ်လိုက်ပဲကွ... ခူးလာမလို့ပဲ... ကန်စောင့် မေခလာက ပေးဘူးကွ... နေမင်း လာယူမှ ဆိုပဲ... အဲဒါပဲ ကြည့်... မင်းကို ကြင်နာသူတွေ ရှိပါသေးတယ်... ဘာလို့ သေချင်နေတာလဲ... မင်း သေချင်လာပြီဆိုရင် သူတို့ အကြောင်းတွေ မြဲမြဲ တွေးကြည့်သင့်တယ်...)

(တော်ပါကွာ... အရေးမပါတာတွေ... အခုရော ဘယ်အချိန်လဲ...)

ထူးဇော်သည် နေမင်းကို ပြုံးစိစိနှင့် ကြည့်ပြီး မေးလိုက်သည်။

(မင်း အခု ရောက်နေတဲ့ နေရာက ဘာလဲ... ငါ့ကို အရင် ဖြေ...)

(အား... အေး... ဟုတ်သားပဲ... ကမ္ဘာအစွန်းမှာ အချိန်တွေ ကွေးကောက်တယ် ဆိုတဲ့ ဥပမာကို မေ့သွားတယ်...)

ဟုတ်သည်။ သူတို့ ရောက်နေသော ကမ္ဘာစွန်းတွင် အချိန်သည် မရှိမဟုတ်၊ ရှိသည်။ ကမ္ဘာပေါ်မှ အချိန်ကမူ တသမတ်တည်း ကုန်ဆုံးသွားသော်လည်း၊ စကြာဝဠာ ကမ္ဘာစွန်းတွင်မူ အချိန် အမျိုးမျိုး လှည့်ပတ် ကူးလူးနေသည်။ အဆုံး မရှိသလို၊ အစလည်း မရှိ၊ သံသရာ စက်ဝန်း အတိုင်းပင် လည်သည်။ ယင်းနေရာသို့ ရောက်ပြီ ဆိုပါက၊ ဆန္ဒရှိလျှင် အတိတ်ဖြစ်စေ၊ အနာဂတ်ဖြစ်စေ၊ ဖြစ်နေသော အဖြစ်အပျက်များကို Rewind လုပ်ချင်လျှင် ဖြစ်စေ Time machine ကဲ့သို့ ဆန္ဒရှိရာ ဖြစ်နိုင်သည်။ သို့သော် ပစ္စုပ္ပန်ကာလကို ပြန်ရောက်လာလျှင်မူ ကိုယ်တွင်း ဇီဝကမ္မဗေဒသည် အခိုက်အတန့်အားဖြင့် ယိုယွင်းသွားတတ်သည်။ Black hole, mini universe များသည် ယင်း နတ်သမီး ချောက်ကမ္ဘား နံဘေးတွင် အချိန်ကြောင့် နီးကပ်သွားသည်။ တစ်ချိန်တွင် အလိုလို ပြန်လည် ဝေးကွာသွားသော သဘော သဘာဝရှိသည်။

နေမင်းသည် ကြယ်ကလေးများ၏ အနောက်ဘက်မှ black holeများကို မျှော်ကြည့်ရင်း သက်ပြင်းကိုသာ ချလိုက်မိလေသည်။ ထူးဇော်သည် နေမင်းကို ကြည့်နေသည် ဖြစ်ရာ ဘာ သက်ပြင်း ချနေလဲ... စိတ်ညစ်ရင်... လာ... နတ်သမီး ချောက်ကမ္ဘားကနေ စကြာဝဠာ တံတိုင်းကို နောက်တစ်ကြိမ်သွားမယ်ဟု ခေါ်တော့သည်။ နေမင်းက

(ဟင့်အင်း... သွားချင်ပါဘူး... ထူးဇော်... ငါတို့ ပြန်ကြရအောင်လေ... ငါ ဂါထာ ရွတ်လိုက်တော့မယ်...)

(လုပ်ပါနဲ့... သူငယ်ချင်းရာ... နတ်သမီး ချောက်ကမ္ဘားကို ရောက်တုန်း ရောက်ခိုက် အပန်းဖြေဦးမှပေါ့... ဟိုမှာကြည့်... တွေ့လား... ကြယ်တာရာတွေ... ကမ္ဘာသူ ကမ္ဘာသားတွေ ပိုင်တဲ့ ဧရာမ ပန်းခြံကြီးတွေထက် အဆရာထောင်ပေါင်းများစွာ ပိုလှတယ် မဟုတ်လား...)

(အဲင်း... လှတော့ လှပါရဲ့... ဆန်းလည်း ဆန်းကြယ်ပါရဲ့... ကဲ... မင်း ပြောလို့ ကုန်ပြီလား... လာ... ကမ္ဘာသူ ကမ္ဘာသားတွေ မြင်ရင် သူတို့ စိုက်ပျိုးထားတဲ့ ပန်းခြံကြီးတွေကို စိတ်ကုန်သွားအောင်လို့ လုပ်နေတာလား...)

(သူငယ်ချင်းကတော့ ပြောရော့မယ်... အလို...)

နေမင်းနှင့် ထူးဇော်သည် နတ်သမီး ချောက်ကမ္ဘားမှ ရုတ်ခြည်း ပျောက်ကွယ်သွားလေသည်။ အမှန်မှာ ထူးဇော် စကား ပြောနေစဉ်၊ နေမင်းမှ ကမ္ဘာမြေပေါ် ပြန်ရောက်စေရန် ဂါထာ ရွတ်လိုက်သောကြောင့်ပင် ဖြစ်လေသည်။ နတ်သမီး ချောက်ကမ္ဘားမှာမူ ယခင် အတိုင်းပင် ကြယ်တာရာများ လင်းလက်လျက်၊ black holes နှင့် mini universe များသည် လည်ပတ်လျက်၊ အချိန်ဟူသော အရာသည် Auto လည်လျက် တိတ်ခြင်းကြီးမက တိတ်ဆိတ်လျက် ကျန်ရစ်ခဲ့လေတော့သည်။

Part (6)

နေမင်းတို့ နှစ်ယောက်သည် လောကသို့ တည့်တည့် ပြန်ရောက်လာသောအခါ၊ မွန်းလွဲ ၁ နာရီ ရှိလေပြီ။ ထူးဇော်သည် နေမင်းကို မြို့ထဲသို့ သွားရန် စည်းရုံးလေသည်။ မှတ်တိုင်တွင် လူ အနည်းငယ်သာ ရှိသည်။ နေမင်းသည် ခွန်အား ပြည့်ဖြိုးလျက် ရှိရာ၊ အရာရာကို စိတ်ပါလက်ပါ လုပ်ကိုင်ရန် စိတ်အား ထက်သန်နေသည်။ ထို့ကြောင့် ထမင်း မစားသေးဘဲ၊ မြို့ထဲ ရောက်မှ စားကြရန် သဘောတူလေသည်။

(**)ကား ဆိုက်ရောက်လာသော အခါ၊ တက်စီးကြသည်။ ကားသည် တလှုပ်လှုပ်နှင့် ဆက်လက် ရွေ့လျားသည်။ မြို့ထဲ ရောက်သော အခါ၊ ဆူးလေ ဘုရား အနားတွင် ဆင်းလိုက်ကြသည်။ အချိန်သည် ကုန်လွန်နေရာ ၁ နာရီခွဲ ရှိလေပြီ။ သူတို့ နှစ်ယောက်သည် ထိုအခါကျမှ ဗိုက်ဆာလာသည်ဟု ခံစားမိကြရာ နှစ်ယောက် စလုံးပင် ထမင်းစားကြရန် သဘော ကြိုက်ညီသည်နှင့်၊ ထမင်းဆိုင် တစ်ဆိုင်သို့ ၀င်ရန် ခြေလှမ်း ပြင်လိုက်စဉ်၊ တစ်စုံ တစ်ယောက်သောသူ၏ လက်ခုပ်တီး ခေါ်သံကို ကြားလိုက်ကြရသည်။ ထူးဇော်က သမင်လည်ပြန် လှည့်ကြည့်လိုက်ပြီး...

(နေမင်းရေ... မနေ့က ကိုကျော်ထင်ရဲ့ သူငယ်ချင်းက ခေါ်နေတာ... တိုက်တိုက်ဆိုင်ဆိုင် မြို့ထဲမှာမှ လာတွေ့တတ် ပလေ...)

နေမင်းက (ဘယ်နေရာမှာပဲ တွေ့တွေ့လေ... အချိန်ဆိုတဲ့ ကာလ တစ်ခုထဲမှာပဲ ရှိတယ်ဆိုတာ သဘောပေါက်...)

နေမင်းလည်း လှည့်ကြည့်လိုက်ရာ၊ ရဲသွေး တစ်ယောက်တည်းကို တွေ့ရလေသည်။ တစ်ယောက်တည်း ကော်ဖီ သောက်နေပုံ ရသည်။ သို့နှင့် ထမင်းဆိုင်သို့ မ၀င် ဖြစ်ကြဘဲ၊ Coffee Bar ထဲသို့ ၀င်သွားကြသည်။ အနီးသို့ ရောက်ကြလျှင် ရဲသွေးက ထိုင်ခိုင်းလေသည်။

(လာဗျ... အစ်ကိုတို့ နေကောင်းကြရဲ့လား... ဘာသောက်ကြမလဲ...)

(နေကတော့ မကောင်းတကောင်းပေါ့...) ဟု ထူးဇော်က ပြန်ဖြေသည်။

နေမင်းကမူ...(အရမ်း ကောင်းတယ်... ဟေ့ကောင်... မင်းရော... ပြောရဦးမယ်... ငါတို့ ထမင်းမှ မစားရသေးတာ... ကော်ဖီ သောက်ရင်လည်း စတိပဲ ဖြစ်မယ်... အားနာပါတယ်ကွာ... မသောက်တော့ပါဘူး...)

သို့သော်လည်း ရဲသွေးက လှိုက်လှဲသော အသံဖြင့်...

(သောက်ကြပါဗျာ... သောက်လည်း သောက်... စားလည်း စားပေါ့... ဒီမှာက ကော်ဖီ အပြင် တခြား မုန့်လည်း ရှိပါတယ်... စားပါလား...)

နေမင်း။ (ဒါနဲ့ ကိုကျော်ထင် တစ်ယောက်ကော...)

ရဲသွေး။ (အခု အိမ်မှာလေ... အနားယူနေပါတယ်... မျက်နှာက တော်တော် လန်းနေပါပြီ... အားတော့ မရှိသေးဘူး... ပြောတာပဲ...)

ထူးဇော်။ (စံကားဝါရော သူ့အိမ်မှာပဲလား...)

ရဲသွေး။ (အခု ပြောမလို့ဟာ... ကျွန်တော်တို့ မနက် အစောကြီးက ကျော်ထင်အိမ် သွားကြည့်ကြတယ်... မုန့်တွေလည်း ယူသွားပေးခဲ့တယ်... နေ့လည်ခင်းကျတော့ကာ သူ့အိမ်မှာပဲ စားသောက်ပြီးမှ... စံကားက ကွန်ပျူတာသင်တန်း ရှိသေးတယ် ဆိုပြီး မြို့ထဲ ထွက်လာတာ... ဆူးလေ အောက်ဘလောက်မှာ အခု တက်နေတုန်း... ၂ နာရီလောက်ဆို ပြီးပြီ...)

နေမင်း။ (မင်း သွားကြိုရမှာပေါ့ ဟုတ်လား...)

ရဲသွေး။ (အရင်က ဆိုရင် ကျော်ထင်နဲ့ နှစ်ယောက် အတူတူ ဒီဆိုင်ကနေ စောင့်ပြီး သွားကြိုနေကျပါ...)

ထူးဇော်။ (၀မ်းနည်းစရာပဲ... ကြိုမယ့် လူတစ်ယောက် လျော့သွားတော့...)

ရဲသွေး။ (မိနစ် နှစ်ဆယ်လောက် ကျရင် သွားကြိုကြမယ်လေဗျာ... စံကားကလည်း တွေ့ချင်တယ်လို့ ပြောနေပါတယ်... အခုတော့ စားစရာတွေ မှာကြပါဦး...)

ရဲသွေးက ထပ်တိုက်တွန်းလိုက်သော အခါမှ၊ နေမင်းက မီနူးကို ကောက်ကိုင်လိုက်ပြီး ထူးဇော်ကမူ နေမင်းနံဘေးသို့ ကပ်ကာ ဘာမှာလျှင် ကောင်းမည်ဟု တိုင်ပင်လေသည်။

***

စံကားဝါသည် သင်တန်း လွှတ်သည်နှင့်၊ တိုက်အောက်သို့ ပြေးဆင်းလာခဲ့သည်။ အောက်တွင် ရဲသွေး တစ်ယောက်တည်း စောင့်နေပေရော့မည်။ ကျော်ထင် တစ်ယောက်တော့ သူ့ကို လာမကြိုနိုင်သည့် အတွက် စိတ်မကောင်းများ ဖြစ်ချင်ဖြစ်နေပေလိမ့်မည်။ မပြောနိုင်။

စံကားဝါ။ (ဟယ်... ကို... ကျော်... အဲလေ... ကိုနေမင်းတို့ပါလား... ကိုထူးဇော်ရောပဲ... တွေ့ရတာ ၀မ်းသာလိုက်တာ... စံကားက ပြန်တွေ့ရမယ်လို့တောင် မထင်ဘူး...)

နေမင်း။ (ပြန်တွေ့ရမယ်တောင် မထင်ဘူးတဲ့ ထူးဇော်ရ...)

ထူးဇော်။ (ဟုတ်ပ... အဲလို ပြောတယ်... မုန့်ကျွေးမယ်ဆို... အချိန် မဆွဲနဲ့တော့နော်...)

စံကားဝါ။ (အောင်မယ်... စံကားက ကျောင်းတုန်းက ရက်ရောတယ်ဆိုပြီး နာမယ်ကြီးနော်... စားလေ... ကြိုက်သလောက်သာ စား...)

နေမင်း။ (ကောင်းတာပေါ့ မူဆယ်လမ်းက ကောင်နဲ့ မြေပြန့်က စေတနာရှင်မလေးနဲ့ အားပြိုင်ပြီပေါ့ကွာ...)

ရဲသွေး။ (ဒါဆို ကိုနေမင်းတို့ လာ... ဒီနားလေးက Resturant တစ်ဆိုင်ကို သွားကြရအောင်...)

ထူးဇော်။ (ဟားဟာ... အထူးတလည် လုပ်မနေကြပါနဲ့တော့လေ... ခုနင်က မင်း ကျွေးတာကို စားပြီးသွားမှပဲ... ငါတို့တွေလည်း ဗိုက်ပြည့်နေပါပြီ...)

နေမင်း။ (အေးကွာ... သွားခြင်းသွား အင်းယားကန် သွား လေညင်းခံကြရအောင်...)

စံကားသည် ဘာမှ မပြောတော့ဘဲ လမ်းလျှောက်လာရင်းနှင့်၊ စိတ်ထဲတွင်သာ အောက်ပါအတိုင်း စဉ်းစားနေလေသည်။

{အင်းယားကန် နေက အရမ်း ပူနေတုန်း ကိုနေမင်းက အင်းယားကန် သွားမယ်လို့ ပြောနေပုံက အခုချိန်က ညနေခင်း ဖြစ်နေတဲ့ အတိုင်းပဲ... အပူကို လုံးဝ ခံစားမိဟန် မတူဘူး... ကိုထူးဇော်လည်း အဲဒီအတိုင်းပဲ... သူ့ကို ကြည့်ရတာ... အေးတယ်... ရေခဲတုံးနဲ့ တူသလိုလိုပဲ... ပြီးတော့ ရယ်လိုက်လို့ ရှိရင် ရေခဲ တစ်တုံးကို ရိုက်ခွဲလိုက်သံနဲ့လည်း တူတယ်... အေးစက်စက်နဲ့ အပူကို သိပ် မကြောက်ကြဘူး... ဒါ ဘာကြောင့်လဲ မသိဘူး... ငါကလည်း ဒီ အချိန်ကြီး အင်းယားကန် ဂိုးရမှာ... ပျင်းစရာကြီး... ရဲသွေးကလည်း ဘာမှ မပြောဘူး... ငါ ငြင်းလို့လည်း မကောင်းပါဘူးလေ... }

နာရီဝက်ခန့် ကြာသော်...
အင်းယားကန်စောင်းတွင် ဆိုင်တစ်ဆိုင်မှာ သူတို့ လေးယောက်ထိုင်လျက် ရှိကြသည်။ သူတို့သည် စကား စမြည် ပြောကြသည်။ ဟိုအကြောင်း ဒီအကြောင်းများ ပြောကြသည်။ အတွေးအမြင်ခြင်း ဖလှယ်ကြသည်။ ရဲသွေးသည် အမြဲတမ်း ရယ်မောနေလိုသော လူငယ် တစ်ယောက် ဖြစ်ကြောင်း ကျန်ယောကျာင်္းလေး နှစ်ယောက်မှာ တွေ့ရှိသည်။ ထို့ကြောင့် ပျော်ပျော်နေတတ်သော ထူးဇော်နှင့် အဖွဲ့ကျသည်။ ပြောရင်း ဆိုရင်း နေ၀င်လာလေပြီ။ သူတို့သည် နေအေးလာသော အချိန်တွင်မှ အင်းယားကန်ဘောင်ပေါ်တွင် လမ်းလျှောက်ကြရန် ထောက်ခံကြသည်။ သို့နှင့် လေးယောက်သား ဖြည်းညင်းစွာ လျှောက်ကြသည်။ စကားဝါသည် အိမ်ပြန် နောက်ကျခြင်းအတွက် နည်းနည်းလေးမှ စိတ်ပူခြင်း မရှိ။ ရဲသွေး ပြန်လိုက်ပို့မည် ဖြစ်သောကြောင့် ဖြစ်လေသည်။

ညနေခင်း နေ၀င်သည်ကို အင်ယားကန်ဘောင်ပေါ်မှ ကြည့်ရှုရသည်မှာ အလွန်တရာ ရင်သပ် ရှုမောဖွယ် ကောင်းလေသည်။ ညနေခင်း လေကလေးသည် နူးနူးညံ့ညံ့ တိုက်ခတ်နေလေသည်။ နေမင်းကြီးသည် နေ့တစ်နေ့တာကို ပူလောင် ပြင်းပြသော ရောင်ခြည်များ ပေးဝေခဲ့ရသည့် အတွက် ၀မ်းနည်းကြောင်း သတင်းစကားကို ပြောကြားနေသကဲ့သို့ အားလုံး၏ စိတ်တွင် ခံစားရလေသည်။

ထိုနေရာတွင် ကြုံကြိုက်သောကြောင့် တစ်ခု ပြောလိုပါသည်။ ရဲသွေးကို ဥပမာ ပေးပါမည်။ ရဲသွေးသည် အသက် ၁၆ နှစ်သာ ရှိသေးသော လူငယ် တစ်ယောက် ဖြစ်လေသည်။ လူငယ်ဆိုသည်မှာ အမှန်စင်စစ် အချိန်ကာလ တစ်ခုထဲတွင် ကျင်လည်နေရသော ပညတ်ချက် တစ်ခု ဖြစ်သည်။ ထိုပညတ်ချက်သည် တစ်ခုသော အတိုင်းအတာနှင့် အချိန်ကာလ လွန်မြောက်သွားလျှင် ရဲသွေးအပေါ်မှ ပျောက်ကွယ်သွားပေလိမ့်မည်။ နေမင်းနှင့် ထူးဇော်တို့သည်လည်း ယင်းအချိန်သတ်မှတ်ချက်ထဲတွင် ပါဝင်လှုပ်ရှားနေသူများသာ ဖြစ်သည်။ အချိန်ကာလ သတ်မှတ်ချက်ထဲတွင် လူသားများ ချစ်ကြိုက်နေကြသည်။ မုန်း၍ ကြေကွဲနေကြသည်။ ဤတွင် မလိုလားအပ်သော အခြေအနေများ ဖြစ်လာတော့သည်။

နေမင်းသည် စံကားဝါကို စူးစူးရှရှ စိုက်ကြည့်လိုက်သည်။ စိတ်ထဲတွင် စံကားဝါ... ဒီနေ့ သိပ်လှနေပါလား ဟု တွေးနေမိသည်။ နေမင်း၏ အကြည့်များကြောင့် စံကားဝါသည် ခေါင်းကိုသာ ငုံ့ရင်း လမ်းလျှောက်နေမိတော့သည်။ ကိုနေမင်း မျက်လုံးတွေက တစ်မျိုးကြီးပဲ... ငါ့ကို စိတ်ဝင်စားနေတာလား မသိဘူး... ရဲသွေးသည် ထူးဇော်နှင့် စကားပြောနေသည်။ စံကားဝါသည် ရင်ခုန်နှုန်း မြန်လာနေသည်ကို မနည်းပင် ထိန်းချုပ်နေရသည်။ [မှတ်ချက်။ လူငယ်များသည် တခဏတာ အချစ်အတွက် မိုက်မဲကြသည်။] စံကားဝါသည် အိမ်ကို အခု ပြန်ချင်နေပြီ... ရဲသွေးရယ်... နင် စကားတွေ ပြောလို့ မပြီးသေးဘူးလား ဟင်... ဟု တွေးနေမိသည်။

---------------------------------


သို့နှင့် အချိန်ကာလများသည် ရွေ့လျောကုန်လွန်ခဲ့လေသည်။ နေမင်းတို့နှင့် ကျော်ထင်တို့ အုပ်စုသည် ထိုအခါမှ စ၍ တစ်စစ ရင်းနှီး ခင်မင်လာခဲ့ကြသည်။

ဘ၀သည် မုန်တိုင်းထန်ရန် အသင့် စောင့်နေသည်ကို သူတို့ အားလုံး သတိ မပြုမိခဲ့ကြပေ။ လေထန်နေသော နေ့ရက်များလည်း တဖြည်းဖြည်း နီးကပ်လာခဲ့ပါတော့သည်။ မုန်တိုင်းကလည်း တောင်ဘင်္ဂလား ပင်လယ်အော်မှ မုန်တိုင်းကြီးများကဲ့သို့ပင် ပြင်းထန်မည်ကို ကြိုတင်၍ နိမိတ် မပြခဲ့ပါ။

နေမင်းသည် စံကားဝါကို ကြိုက်မိသွားသည်။ ထိုအခါ စံကားဝါ၏ ချစ်ခြင်းကို ရရှိရန် ကဖေးဆိုင် တစ်ခု၌ နှစ်ယောက်တည်း ကော်ဖီ သောက်ရန် စတင် ချိန်းလိုက်လေသည်။ စံကားဝါကလည်း တစ်ယောက်တည်း ချိန်းခြင်းကို အလိုလို နားလည်နေသည့် အလျောက်၊ မည်သူကိုမှ အသိ မပေးတော့ဘဲ ကဖေးဆိုင်သို့ သွားခဲ့သည်။ နေမင်းသည် အသွယ်သွယ် နိဒါန်း ချီမနေတော့၊ ရှင်းရှင်းဘွင်းဘွင်းကြီးပင် ချစ်ကြိုက်ကြောင်းကို ဖွင့်ဟ ပြောပြလိုက်လေရာ၊ စံကားဝါသည် မူလက ဤသို့ ဖြစ်မည်ကို သိပါသော်လည်း ယခုကဲ့သို့ ပြောင်ကျလွန်းအားကြီးနေသည့် နေမင်း၏ စကားကြောင့် စဉ်းစားပါဦးမည်ဟူ၍သာ ပြော၍ ထပြန်လာခဲ့သည်။ နေမင်းက လိုက်ပို့မည်ဟု ပြောသည်ကိုပင် လက်မခံခဲ့ချေ။ ထိုအခါ နေမင်းကလည်း စံကားဝါ မိမိကို စိတ်ဆိုးသွားသည်လားဟု ထင်မြင်ယူဆကာ ၀မ်းနည်းကာ ကျန်ရစ်ခဲ့လေသည်။ ထိုမြင်ကွင်းကို အစ အဆုံး တွေ့မြင်လိုက်သူ တစ်ယောက်တော့ ရှိနေခဲ့သည်။ ၎င်းမှာ တစ်ခြားလူ မဟုတ်၊ ကျော်ထင်ပင် ဖြစ်လေသည်။ ကျော်ထင်သည် တောက်ကို တစ်ချက်ခေါက်လိုက်ပြီး၊

(တောက်... ငါကွာ...)ဟုသာ ဆိုနိုင်သည်။ သို့သော် သူသည် သူ၏ ဒေါသကို အနိုင်နိုင် ချုပ်တည်းထားရလေသည်။ သို့မဟုတ်က ဒေါသ အရှိန်သည် ပေါက်ကွဲ ထွက်သွားပြီး၊ အနီးရှိ လူများကို သတ်မိမည် စိုးရလေသည်။ သို့သော် ထို ချုပ်တည်းထားသော ဒေါသသည် ရင်ထဲ၌ အတန်ငယ် ဆူလောင်နေလေသည်။ အလျှံ ညီးညီး တောက်လောင် ပြင်းပြနေသော်လည်း အချိန် အနည်းငယ် အကြာတွင် ယင်းဒေါသသည် ပြန်ပြေငြိမ်းသွားလေသည်။ ကျော်ထင်သည် မကျေမနပ်ဖြင့်

(စံကားဝါကို လက်ဦးချင်တဲ့ ကောင်က ပေါ်နေပြီပဲ... ငါ ဘယ် အလျှော့ပေးလို့ ရပါ့မလဲ... နောက်မှ ပေါက်တဲ့ ရွှေကြာပင်က ကွာ...)ဟု ဆိုလိုက်လေသည်။

********************

စံကားဝါသည် အိမ်သို့ ပြန်ရောက်သည် အချိန်မှာပင် အမေဖြစ်သူ၏ ခေါ်သံကို ကြားရသဖြင့် အိမ်ထဲသို့ အပြေးကလေး ၀င်သွားရသည်။

(အမေ... ဘာလဲ...)

(ဘာမှ မလဲဘူး... ရော့ ဒီမှာ... မောင်ရဲသွေးဆီက ဖုန်းလေ... ဒီညနေ သူတို့ အိမ်မှာ ဒင်နာ လုပ်မလို့ သမီးကို လာခေါ်မယ်တဲ့... မေမေနဲ့ တွေ့လို့ သူက ပြောပြနေတာ... လာပြောလိုက်ဦး...)

စံကားဝါ မေမေသည် ဖုန်းကို စံကားဝါလက်ထဲ အပ်ပြီးသည်နှင့် အိမ်ပေါ်သို့ ပြန်တက်သွားလေသည်။ စံကားဝါသည် ဖုန်းကို နားထောင်လိုက်ပြီး

(ဟယ်လို... ရဲသွေးလား...)

(ဟုတ်တယ်... နင်က ဘယ်သွားနေရတာတုန်းဟ... ဒီနေ့ နင် အိမ်မှာ ရှိမယ်လို့ မှန်းပြီးတော့ ဖုန်းဆက်တာ... ကွန်ပျူတာ ကျူရှင်ကလည်း ဒီနေ့ မရှိဘူး မဟုတ်လား...)

(ဟုတ်တယ်... ရဲသွေးရ... ငါ့ သူငယ်ချင်း တစ်ယောက် ရောက်လာလို့ အပြင်ထွက်သွားပြီး နန်းကြီးသုပ် သွားစားတာပါ...)

(ဟုတ်လား... ဘယ်သူလဲ...)

(အို... နင် မသိပါဘူး... ငါနဲ့ တစ်ဝမ်းကွဲ တော်တဲ့ ဖြူနုရဲ့ သူငယ်ချင်း တစ်ယောက်ပါဟာ... ဒါနဲ့... ထားပါဦး... ဒင်နာက ဘာကိစ္စ လုပ်ရတာလဲ...)

(ဘာရယ် မဟုတ်ပါဘူး... နင် မသိဘူးလား... ခရစ်စမတ် ရောက်တော့မယ်လေ... ဒီနေ့ ၂၀ ရက် မဟုတ်လား... ငါးရက်လိုသေးတယ်... လိုပေမယ်... ဒီနှစ်တော့ ငါတို့ စောစော လုပ်လိုက်တာ... နင် လာခဲ့... ကြားလား... ဒက်ဒီရော မာမီရော နင်ကို မျှော်နေမယ်တဲ့... ငါ့ကို ပြောတယ်..)

(သြော်... ဟုတ်လား... ရဲသွေး... အင်း.. ဒါပေမယ့်..)

(ဟမ်.. ဘာ ဒါပေမယ့်..လဲ.. မလာချင်လို့ မရဘူးနော်.. အချိန်တန်လို့မှ ရောက်မလာရင် အိမ်က ကားနဲ့ ငါ ပေါက်ချလာမယ်... ဘာမှတ်လဲ..)

(အဟော်.. ကြောက်ပါတယ်.. ရဲသွေးရယ်... ကဲပါ.. လာမယ်.. ဟုတ်ပြီနော်.. ဒါဆို နင် တခြား ဘာပြောစရာ ရှိသေးလဲ.. ငါ ဖုန်းချပြီးရင် ရေသွားချိုးလိုက်ဦးမယ်..)

(မရှိတော့ဘူး.. နေပါဦးဟာ... နင်က ဘာလို့ အဲလောက် လောနေရတာလဲ... ခါတိုင်းဆို နင်က စချတယ် ဆိုတာ ရှိလို့လား...)

(ဘာမှ မဟုတ်ပါဘူးဟာ... သူငယ်ချင်းနဲ့ စကားပြောပြီး အပြင်က ပြန်လာတော့ ရေကလေး ချိုးပြီး ခဏလောက် နပ်မလားလို့... ဒါပဲနော်...)

(အေး... ဒါနဲ့ ဒင်နာကတော့ ၈ နာရီ နောက်ဆုံးလို့ သတ်မှတ်ထားတယ်... လူနည်းနည်းနဲ့ပဲ လုပ်မှာ... နင့် အမေကိုလည်း ငါ ပြောပြထားပြီးပြီ... အေးတဲ့... အမေကိုယ်တိုင်က သဘောတူနေမှတော့... နင်က ဘာငြင်းစရာ ရှိသေးလို့လဲ... ဟဲ.. ဟဲ..)

(ဟမ်... ရဲသွေး.. နင် ဘာစကား ပြောတာလဲ... စကား ကြည့်ပြောထားနော်... ငါ မလာဘဲ နေလိုက်မယ်...)

(အေးပါ.. ငါက စတာ... ဒါပဲနော်... ချလိုက်မယ်... အိုကေ...)

(အိုကေ... အိုကေ... ချလိုက်တော့...)

စံကားဝါသည် ဖုန်းခွက်ကို ချလိုက်ပြီးသည်နှင့် အိမ်ပေါ်သို့ ပြေးတက်လာခဲ့တော့သည်။ ရင်တွေ အခုန် မြန်နေပါတယ်ဆိုမှ ဟု တွေးလိုက်သေးသည်။ အိပ်ခန်းထဲသို့ ရောက်သည်နှင့် တစ်ကိုယ်လုံးကို အိပ်ရာပေါ် ပစ်လဲလိုက်လေသည်။ ဟူး... စိတ်မော လူမော ဖြစ်နေသည်။ နေမင်းရယ်... ငါ့ ရင်ကို နင် ဘယ်လိုများ ခုန်နေအောင် လုပ်လိုက်ပါလိမ့်။ နင့်ရဲ့ နူးညံ့တဲ့ မျက်နှာထားကလား။ မည်းနက်တဲ့ ဆံပင်တွေကလား။ ငါ အခု ငိုချင်သလို ဖြစ်နေတယ်။ ငါ အချစ်ဆိပ် တက်နေပြီ ထင်တယ်။ သူ ငေးကျန်ခဲ့လိုက်တာ သနားတောင် သနားချင်လာပြီ။ ငါလည်း ရုတ်တရက်ကြီး ဘယ်လို အဖြေ ပြန်ပေးရမလဲနော်။ ဒါလေးတောင် သူ မစဉ်းစားတတ်ဘူးလား။ ဟင်း...။ စံကားဝါသည် တောင်တွေး မြောက်တွေးရင်း ရေချိုးမည် ပြောပြီး မချိုးသေးဘဲ၊ မွေ့ရာ ကုတင်ထက်တွင် လူးလိမ့်နေသည်။ အင်း ဒီည ပါတီပွဲကတော့ ဘယ်လို နေမလဲ မသိဘူးဟု တွေးတောနေလေသည်။

Part (7)

နေမင်းသည် ထူးဇော်၏ ပုခုံးကို ဖက်ကာ ရဲသွေးတို့ ခြံထဲသို့ ကွေ့ဝင်လာလေသည်။ ထူးဇော်သည် နဂိုက ဖက်ထားသော လက်ကို ခြံထဲ ရောက်ခါနီးတွင် ပုတ်ချလိုက်ပြီး (လူကြီး လူကောင်းဆန်ဆန် နေရတယ်ကွ)ဟု ဆိုကာ လွတ်လွတ်ကျွတ်ကျွတ် ထွက်သွားလေသည်။ နေမင်းလည်း နောက်မှ လိုက်သွားပြီးလျှင် ရဲသွေးနှင့် သူ၏ မိဘများကို သွားရောက် နှုတ်ဆက်လေသည်။

(အန်ကယ်... နေကောင်းရဲ့လား... အန်တီရော... နေကောင်းပါရဲ့လား...)

(ကောင်းပါတယ်ကွယ်... သားနဲ့ စကား သွားပြောကြလေ... အန်တီတို့က အန်တီတို့ သူငယ်ချင်းတွေ မလာကြသေးလို့ စောင့်နေတာကွဲ့...)

(ဟုတ်ကဲ့... ဟုတ်ကဲ့...)

(လာ... ကိုနေမင်း... ဒီဘက် စားပွဲဝိုင်းမှာ ထိုင်မလား... အေးဆေးတယ်... ချောင်ကျတယ်...)

(ကောင်းတာပေါ့... ထူးဇော်ရေ... မင်းလည်း ထိုင်မှာ မဟုတ်လား... လာလေ...)

(ဟင့်အင်း... နေဦး... ငါ အရေးထဲ... အိမ်သာ တက်ချင်လာလို့ ခဏ သွားလိုက်ဦးမယ်... မင်း သွားနေနှင့်လေ...)

စားပွဲ တစ်လုံးတွင် ထိုင်ပြီးကြသော်၊ ရဲသွေးက နေမင်း၏ ပွဲတက်ဝတ်စုံကို သေသေချာချာ ကြည့်မိသွားလေသည်။ ချက်ချင်းပင် အံ့သြသော စိတ် ဖြစ်လာသည်။ အဘယ်ကြောင့်ဆိုသော်၊ နေမင်း ၀တ်ဆင်လာသော ၀တ်စုံသည် အလွန်တရာမှ မည်းနက် တောက်ပြောင်နေသော အနက်ရောင် အနောက်တိုင်း ၀တ်စုံ ဖြစ်ပြီး၊ ယင်းဝတ်စုံမှ တစ်မူထူးခြားသော အနက်ရောင်များ ဖြာထွက်နေသည်ဟု ရဲသွေး ခံစားရသောကြောင့်ပင် ဖြစ်လေသည်။

နေမင်းသည် အဆိုပါ ၀တ်စုံသာ မည်းနက်သည်သာမက၊ ခေါင်းမှ ဆံပင်များကိုလည်း သေချာ သပ်ရပ်စွာ ဆီလိမ်ပြီးလျှင် ကျနစွာ ဖြီးသင်ထားလေသည်။ ထို့ကြောင့် နေမင်း၏ ပုံဟန်မှာ နတ်သားတစ်ပါး ကောင်းကင်မှ ရုတ်တရက် ကျရောက်လာသကဲ့သို့ ရှိလေသည်။ လူပုံ အလယ်တွင် ထင်ရှားလျက် ရှိနေလေသည်။

ရဲသွေး၏ အသိ မိန်းကလေးများသည် ဖြတ်သွားသည့်အခါ နေမင်းကိုပင် တထူးတဆန်း စိုက်ကြည့်သွားလေသည်။ ထိုအခါ နေမင်းသည် မည်သို့မှ မအံ့သြသကဲ့သို့ ရှိလေသည်။ ရဲသွေးသည် နေမင်းထံမှ ပူလောင်သော မွှေးရနံ့ တစ်မျိုးကို ရသည်တွင် စိတ်ထဲ၌ ထူးထူးခြားခြား ဂလိုဂလို ဖြစ်လာတော့သည်။ နေမင်းသည် တစ်စုံတစ်ရာကို မျှော်နေလေသည်။

ဒင်နာပွဲတွင် တိုးတိုးကလေး ဖွင့်ထားသော တေးသံသည် ပျံ့လွင့်နေသည်။ လူများလည်း ဟိုဟိုဒီဒီ လူးလာ ခေါက်တုံ့ သွားနေကြသည်။

(ရဲသွေးရာ... စံကားဝါ တစ်ယောက်ရော... မတွေ့ပါလား...)

(အင်း စံကားဝါ မလာသေးဘူး ကိုနေမင်းရ... အခု ဘာသောက်မှာလဲ... ထုံးစံ အတိုင်း အပူပဲလား...)

(အဟဲ... ဟုတ်တယ် အပူပဲ လုပ်ပေးပါ... ငါက အပူပဲ သောက်တတ်တယ်... ဒါနဲ့ ကျော်ထင်ကရော...)

(မသိဘူးဗျ... သူ့အိမ်ကိုတော့ ဖုန်းဆက်ထားတာပဲ... လာမှာပါ... ဘာလို့ နောက်ကျနေကြမှန်း မသိဘူး...)

(ဖုန်း ဆက်ကြည့်ပါလား...)

(ကိုနေမင်းက ဘာဖြစ်တာလဲ... လာမှာပေါ့ဗျ... စောင့်သာ စောင့်နေလေ... သူတို့တွေ တစ်ယောက်က ရှိုးထုတ်... တစ်ယောက်က အလှပြင်နေတုန်းမို့လို့ နေမှာပေါ့...)

ထိုစဉ် ထူးဇော် ပြန်ရောက်လာပြီး၊ နေမင်းတို့ ထိုင်နေသော စားပွဲတွင် ၀င်ထိုင်လိုက်သည်။ တေးသွားသည် မြူးကြွလျက် နေသည်။ ရဲသွေးသည် နေမင်း၏ ၀တ်စုံသာမက ထူးဇော်၏ ၀တ်စုံကလည်း တစ်မျိုးတစ်ဖုံ ထူးခြားနေသည်ကို တွေ့ရှိရပြန်လေသည်။ ထူးဇော် ၀တ်ဆင်ထားသည်မှာ အလွန် ဆွတ်ဆွတ်ဖြူနေသော ငန်းတောင်ကဲ့သို့သော အရောင်ရှိသည့် အဖြူရောင် အနောက်တိုင်း ၀တ်စုံကို ၀တ်ဆင်ထားလေသည်။

နေမင်းနှင့် ဆိုပါက ဆန့်ကျင်ဘက် အရောင်ပင် ဖြစ်သည်။ သူ၏ ၀တ်စုံမှာလည်း ထူးခြားသော အေးစက်စက် မွှေးရနံ့ တစ်မျိုးကို ရဲသွေး ရှူမိပြန်လေသည်။ ထူးဇော်သည်ကား ဆံပင်သားများကို အကုန် နောက်လှန်ထားရာ၊ လေရူးသုန်သုန် ၀တ္ထုထဲမှ ရက် ဘတ်တလာနဲ့ ပင် တူသေးတော့သည်။ ယောကျာင်္း ပီသခြင်း လက္ခဏာမှာ ဖော်ပြစရာ မလိုတော့လောက်အောင် ပြီးပြည့်စုံနေသည်။ ရဲသွေးသည် ထူးဆန်းလှပေတဲ့ သူငယ်ချင်း နှစ်ယောက်ပဲဟု စိတ်ထဲတွင် ရေရွတ်မိသည်။

ထိုအခိုက်တွင် တေးသွားတီးလုံးသည် ရုတ်တရက် ကီး ကျသွားသည်။ ပရိသတ် အပေါင်း၏ မျက်လုံး အစုံသည် ၀င်ပေါက်ဆီသို့ ရွေ့လျားသွားကြသည်။ ခြံတံခါး အ၀တွင်ကား ကျော်ထင်နှင့် စံကားဝါတို့ နှစ်ယောက်ကို နေမင်း တွေ့လိုက်ရသည်။ ရုတ်ခြည်း ဆိုသလိုပင် နေမင်းသည် အားအင်များ ကုန်ခမ်းသွားသကဲ့သို့ ခံစားရသည်။ သွေးသားများသည် အလိုလို ဆူဝေလာလေသည်။ စံကားဝါရယ်... မင်း ငါ့ကို မချစ်လို့လား... ကျော်ထင်နဲ့ တွဲပြပြီး၊ ငါ့ အသည်းကို သွယ်ဝိုက်ပြီး ခွဲပြလိုက်တာလား... သြော်.. စံကားဝါ... မင်း တော်ပါတယ်... ဟု ဆောက်တည်ရာမရ တွေးနေမိသည်။

ထိုအခိုက်မှာပင် ကျော်ထင်နှင့် စံကားဝါသည် အတူယှဉ်တွဲလျက် နေမင်းတို့ သုံးယောက် ထိုင်နေရာ စားပွဲဝိုင်းဆီသို့ ရောက်လာသည်။ နေမင်းသည် ခါတိုင်းလိုပင် နှုတ်ဆက်စကားကို ဆိုလိုက်ရသော်လည်း ရင်ထဲ လည်ချောင်းထဲတွင် ခြောက်ကပ် အက်ကွဲနေသည်ကို ခံစားရလေသည်။ စံကားဝါသည် နေမင်းကို တစ်ချက် ခိုးကြည့်လိုက်ရာ နေမင်း၏ မျက်နှာပေါ်မှ ခံစားချက်များကို ဖတ်မိသွားလေသည်။ စံကားဝါသည် နေမင်းကို အလွန် အားနာနေဟန် ရှိသည်။ နေမင်းသည် စံကားဝါကို နှုတ်ဆက်ပြီးသည်နှင့် လှည့်ပင် မကြည့်နိုင်တော့ချေ။ သူ့ရင်ထဲတွင် ငိုနေပြီ။ သူ့မျက်ရည်တွေကို စံကားဝါ မြင်သွားမှာ စိုးလေသည်။ သူတို့ နှစ်ယောက်သည် ဒင်နာပွဲ တစ်လျှောက်လုံးတွင် ဟန်လုပ်ပြီး သရုပ်ဆောင်နေရလေသည်။ စံကားဝါသည် နေမင်းကို တစ်ခုခု ပြောလို ရှင်းပြလိုဟန်ဖြင့် တကြည့်ကြည့်နှင့် နေသော်လည်း၊ နေမင်းက လုံးဝ မကြည့်ဘဲနေသောအခါ သူ အထင်လွဲနေပြီဟု သိကာ ရင်ထဲတွင် ဗလောင်ဆူနေတော့သည်။

ကျော်ထင်ကား အောင်နိုင်သူ အပြုံးဖြင့် ရွှင်ရွှင်လန်းလန်း ရှိနေလေသည်။ သူ့စိတ်ထဲတွင် ကျေနပ် ပီတိ ဖြစ်ကာနေသည်။ သူသည် ဤသို့ ဖြစ်စေရန် တမင် စံကားဝါ အိမ်သို့ သွားကာ စံကားဝါကို အတင်း ဆွဲလာခြင်း ဖြစ်သည်။

စံကားဝါက မလိုက်ဟု အတင်း ငြင်းလိုသော်လည်း ကျော်ထင်က တကျီကျီ လုပ်နေသောကြောင့် ဘာမှ မဖြစ်တန်ရာ ဟု တွေးထင်ကာ ပါလာခဲ့ရခြင်း ဖြစ်သည်။ စံကားဝါသည် နေမင်းလည်း ဒင်နာပါတီသို့ ရောက်နေလောက်ပြီဟု မှန်းထားပြီး ဖြစ်သည်။ ကျော်ထင်၏ အမူအရာမှာလည်း ဤနေ့မှ ထူးခြားနေသည်။ မျက်နှာမှာလည်း ခါတိုင်းနှင့် မတူ။ စူးစူးရဲရဲ စိုက်ကြည့်တတ်လာသည်။ မျက်လုံးထဲတွင် အခိုးအငွေ့များ လျှံကျနေသကဲ့သို့ ရှိသည်။ ထို့ကြောင့် စံကားဝါ သူ့ကို သိပ် မငြင်းရဲဘဲ လိုက်လာမိမှ ယခုတော့ အကြပ်တွေ့နေရပြီ။

ဒင်နာပါတီသည် ၈ နာရီ ကျော်ကျော်လောက်တွင် ပြီးလေသည်။ ပိရိသတ်လည်း တဖြည်းဖြည်း စဲသွားသည်။ ကျော်ထင်နှင့် နေမင်းတို့လောက်သာ ကျန်ခဲ့သည်။ ခုံများကို လိုက်လံသိမ်းဆည်းပေးနေသော နေမင်းအနီးသို့ စံကားဝါ ကပ်သွားပြီး စကား ပြောရန် ပြင်သည်။ သို့သော်လည်း နေမင်းက အပြောမခံဘဲ ရဲသွေးကို မြန်မြန် နှုတ်ဆက်ပြီး ထူးဇော်နှင့် အတူ ပြန်သွားကြသည်။ စံကားဝါသည် အလွန် စိတ်ထိခိုက်သွားပြီး လဲကျမလို ဖြစ်သွားသည်။ ရဲသွေးသည် ယင်းအဖြစ်အပျက်များကို အစအဆုံး တွေ့မြင်လိုက်ရသည်တွင် တစ်စုံတစ်ရာကို အလိုလို သဘောပေါက်သွားလေသည်။ ကျော်ထင်ကမူ ပြုံးစစနှင့် ရှိလေသည်။ သူ ဖန်တီးလိုက်သော ဇာတ်ကွက်သည် အတော် ထိရောက်သည် မဟုတ်ပါလား။ ထိုညက စကားဝါကို ရဲသွေးနှင့် ကျော်ထင်က လိုက်ပို့ခဲ့ကြသည်။ သူတို့နှစ်ယောက် ကားဖြင့် ခြံဝမှ ပြန်ထွက်သွားသည့် အချိန်တွင်မှ စံကားဝါသည် အိပ်ရာထက်တွင် ရှိုက်ကြီးတငင် ငိုချမိလေသည်။

--------------------------------------



စံကားဝါ ဘယ်လို လုပ်ရမလဲ.. သူ့ကို တကယ် ချစ်နေမိပြီ.. သူ့ အချစ်ကို လက်မခံရလျှင် စံကားဝါ ဘ၀ ဘာအဓိပ္ပာယ်မှ မရှိတော့ဘူး ထင်သည်။ ဤသို့ အိပ်ခန်းထဲတွင် တစ်ယောက်တည်း ကြိတ်၍ ငိုကြွေးနေချိန်တွင် ခြံ အပြင်ဘက် မှောင်ရိပ်တွင် လူနှစ်ယောက် ရပ်နေလေသည်။ အချစ်သည် လုပ်ယူလို့ မရပါချေ။

မည်းနက်သော ညအရောင်သည် သစ်ရွက် သစ်ခက်များဆီမှ ဖြာကျနေသည်။ ဒီဇင်ဘာ ဆောင်းည တစ်ညတွင် မေဘယ်ပင်မှ အရွက်နီကလေးများသည် မြေပြင်ပေါ်သို့ ဖြုတ်ဖြုတ်လူးမျှ ကြွေသက်နေလေသည်။ ရဲသွေးသည် ကျော်ထင်ကို လိုက်ပို့ပေးပြီး အိမ်သို့ ပြန်ရောက်သည့် အခါ၊ အိပ်ခန်းထဲသို့ တန်းလာပြီးလျှင် အပေါ်ဝတ် ကုတ်အင်္ကျီကို ချွတ်လိုက်ကာ သက်ပြင်းကို ဟူးခနဲ မှုတ်ထုတ်လိုက်လေသည်။

ကုတင်နံဘေးတွင် ကပ်လျက် ထားသော စားပွဲခုံတွင် ၀င်ထိုင်လိုက်ပြီး ခုံကို လက်နှင့် ထောက်ကာ ထူးဆန်းလှသော ကံကြမ္မာကို စဉ်းစားနေမိလေသည်။ ယင်းသို့ စဉ်းစားရင်းမှ ကုတင်ပေါ်သို့ ပစ်တင်ထားသော ကုတ်အင်္ကျီကို မျက်လုံးများက အကြည့် ရောက်သွားသည်။

အဘယ်မျှလောက် ညံ့ဖျင်းသော အင်္ကျီပေနည်း။ နေမင်း ၀တ်ထားသော အင်္ကျီနှင့် လားလားမျှ မဆိုင်။ ထူးဇော် ၀တ်ထားသည်နှင့်လည်း လုံးလုံး ကွာသည်။ သူ စိတ်ညစ်လှသည်။ အနက်ရောင် ထွက်သော အင်္ကျီ၊ အေးစိမ့်စိမ့် အငွေ့ ထွက်သော အင်္ကျီ၊ သူ ဘယ်လိုမှ မမြင်ဖူးခဲ့သော အင်္ကျီမျိုးကို ပြုလုပ်နိုင်သူကို အလွန် အံ့သြသည်။ ယင်း ဒီဇိုင်း ချုပ်သူကို လိုက်ရှာနိုင်လျှင် ကောင်းပါလိမ့်မည်။

ထူးဇော်၏ မျက်နှာတွင် ဒင်နာပါတီ တစ်လျှောက်လုံး တည်နေသည်ကို သတိပြုမိသည်။ နေမင်းကလည်း သူ့ သူငယ်ချင်း ဖြစ်သော စံကားဝါကို ဘာလုပ်လိုက်သည် မသိ။ နေမင်းရော စံကားဝါရော ဒင်နာတွင် စကားနည်းလှသည်။ တစ်ယောက်ကို တစ်ယောက်ပင် ဟုတ်တိ ပတ်တိ မကြည့်ကြ။ ရဲသွေး စဉ်းစားလေသည်။ နေမင်းသည် စံကားဝါကို ဖွင့်ပြောလိုက်ပြီ ထင်သည်။ သို့ ဖြစ်လျှင် သူ့ အဖို့ ဘာမှ ကန့်ကွက်စရာ မရှိချေ။ နေမင်းက တည်ကြည်သော လူ ဖြစ်သည့် အလျောက်၊ စံကားဝါကိုလည်း ရဲသွေးက သူငယ်ချင်း တစ်ယောက်ကဲ့သို့ပင် ခင်သောကြောင့် နေမင်းနှင့် စံကားဝါတို့ အကြောင်းသင့်၍ ချစ်သူများ ဖြစ်သွားကြလျှင် သူကပင် ၀မ်းသာရဦးမည်။

အင်း... ၀မ်းမသာနိုင်သူကတော့ ကျော်ထင် တစ်ယောက်သာ ဖြစ်ပေလိမ့်မည်။ ကျော်ထင်ကလည်း စံကားဝါကို စိတ်ဝင်စားနေပါလား။ ရဲသွေး အခုမှသာ သိသည်။ ကျော်ထင်ရော နေမင်းပါ လျှို့ဝှက်လွန်းသော သူများပင် ဖြစ်သည်။ စံကားဝါ တစ်ယောက်လည်း ထို့ကြောင့် မူပျက်နေပေသည်။ ယင်းသို့ တစ်ယောက်နှင့် တစ်ယောက် အထင်လွဲနေကြပြီဆိုလျှင် သူက ကြားဝင် ကောင်းပါ၏လော။

ထို မည်းနက်နေသော ညတွင် ရဲသွေးသည် ညအိပ်မီးကို ဖွင့်လျက် အိပ်မပျော်နိုင်။ သန်းခေါင် ကျော်လေပြီ။ ဇီးကွက် တစ်ကောင်သည် ဂီးဂီး အော်ကာ အဝေးသို့ ပျံသန်းသွားလေသည်။ ရဲသွေးသည် စောင်ကို ဆွဲယူလိုက်ကာ မျက်နှာ လုံအောင် ဖုံးလိုက်သည်။ အပြင်ဘက်တွင် ဖြူလွသော နှင်းမှုန်များ ကျနေမလား။ ပြတင်းပေါက်မှပင် ကြည့်ချင်စိတ် သူ့မှာ မရှိတော့ပါ။ တစ်ယောက်သောသူကို ၀မ်းနည်းစေပြီး နှစ်ယောက်သော သူကို စိတ်ချမ်းသာစေခြင်းသည် တရား မျှတမှု ရှိပါမလား သူ တွေးရင်း တွေးရင်း.... ...။

**********************



ညသည် နက်ရှိုင်း မည်းမှောင်နေလေသည်။ စံကားဝါသည် သန်းခေါင် ကျော်သော်လည်း အိပ်မရသေး။ မျက်လုံးများက အလိုလို ကြောင်နေသည်။ မီးမှိတ်ထားသော အခန်းကျဉ်းကလေးထဲတွင် စံကားဝါသည် ရှိုက်သံသဲ့သဲ့ကို ကြားလိုက်ရသလို ရှိသည်။ ဘယ်သူများလဲ။ ပြတင်းပေါက်ကို ညအိပ်လျှင် ဖွင့်ထားတတ်၍ ညဥ့်လေသည် အတားအဆီး မရှိ တိုက်ခတ် ၀င်ရောက်နေသည်။

အပြင်ဘက်တွင် သစ်ပင်ကြီး တစ်ပင်အောက်၌ လူနှစ်ယောက် ရပ်နေသည်။ နေမင်းနှင့် ထူးဇော်တို့ နှစ်ယောက်ပင် ဖြစ်သည်။ အနောက်တိုင်း ကုတ်အင်္ကျီများကို ၀တ်ထားလျက်ပင် ရှိကြသေးသည်။ သူတို့ အိမ် မပြန်ကြသေး။ ထူးဇော်သည် နေမင်းကို တစ်ချက် စိုက်ကြည့်ပြီး

(မင်းကို ကြည့်ရတာ စိတ်မသက်သာလိုက်တာကွာ...)

(မင်း မခံစားဖူးလို့ ပြောနေတာ... ငါ ဒီမှာ လေနေပြီ... ရှိသမျှ အားတွေ ကုန်ခမ်းနေပြီလို့ ခံစားရတယ်...)

ခဏကြာမျှ တိတ်ဆိတ်သွားသည်။ ထူးဇော်သည် သက်ပြင်းကို တစ်ချက်ချသည်။ နေမင်းကတော့ ခေါင်းကို ငုံ့ထားလျက် ကြေကွဲနေသည်။ ဆွေးနေသည်။

(မင်းတို့ဟာက... တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြိုက်ကြသေးတာလည်း မဟုတ်ဘူး... ဟိုကောင်နဲ့ တွဲကြတာနဲ့ မင်းက ဒီလို ဖြစ်နေရင် ယောင်္ကျား မဟုတ်ဘူး...)

(ပြောကွာ... ပြောကွာ... ငါ ဒီမှာ လေနေပြီ... စကြာဝဠာ တံတိုင်း အဆုံးထိ ပြေးသွားပြီး ပေါက်ကွဲပစ်ချင်နေပြီ...)

ထူးဇော် ဘာမှ မပြောတတ်တော့ချေ။ ညသည် ဟိုး အရင်ကာလများကဲ့သို့ တိတ်ဆိတ် မည်းမှောင် နေလေတော့သည်။ သူတို့ အိမ်ပြန်သင့်ပြီ။ မှောင်ထဲတွင် သူတို့ တဖြည်းဖြည်း မှုန်ဝါးကာ ပျောက်ကွယ်သွားကြသည်။ သူတို့ ရှိခဲ့သော နေရာတွင် ဒြပ်မဲ့သော အမှုန်များက အစားထိုး နေရာယူလိုက်ကြလေသည်။

Comments

Popular posts from this blog

မင်္ဂလာဦးညကို လွန်သော်

ဆယ်တန်း အောင်စာရင်း 2013