အတ်တတစ်ခုနဲ့ သတ်ပုတ်ခြင်း

ဒီနေ့ သိပ်ပျော်ဖို့ ကောင်းတယ်လို့ ထင်တယ်။

တရုတ်စာ Certificate အောင်လက်မှတ် ရတယ်လေ။

ဘာပြောပြော ဒါဟာ ကျွန်တော့ အတွက်တော့ စိတ် ဖြေသိမ့်မှု တစ်ခု ရလိုက်သလိုပဲ။

လူတွေက ဒီ အလွတ်ပေးတဲ့ အောင်လက်မှတ်ကို မသိဘူးလို့ပဲ ပြောရင် ဖြစ်စေ၊

ဘယ်ကျောင်းက ပေးတာလဲလို့ မေးစမ်းရင် ဖြစ်စေ ကျွန်တော်ကတော့ ၀မ်းသာ အားရ ပြောမှာ အသေအချာပဲ။

မနက် အစောကြီး အိပ်နေတုန်း၊ လူတစ်ယောက်(ခပ်ငယ်ငယ်လေး ရှိသေးတယ် ထင်တယ်) လာနိုးတယ်။

ဆရာခေါ်ခိုင်းလိုက်တယ် ဆိုတော့ မခေါ်စဖူး အခေါ်ထူးလို့ ဘာကိစ်စများ ဘာလိမ့်လို့ စိတ်စိုးသွားသေးတယ်။

ဒါနဲ့ သွား အမြန်တိုက်၊ အင်္ကျီ အမြန်လဲပြီး အပြင်ကို ခပ်သုတ်သုတ် ထွက်လာခဲ့တယ်။

ဟိုရောက်တော့ လူတွေ သိပ်မစုံသေးပေမယ့် ရောက်နေတဲ့ သူက ရောက်နေပြီ။

ဆရာက ကြိုဆိုတယ်။ ဘာတစ်ခွန်းမှတော့ မပြောသေးဘူး။

ခုံတန်းရှည်မှာ ၀င်ထိုင်လိုက်ရင်း နံဘေးက အရင်းနှီးဆုံး သူငယ်ချင်းကို အကြောင်းရင်း မေးမှ သိရတော့တယ်။

ဒီနေ့ တရားနာပြီးရင် အောင်လက်မှတ် ပေးမှာ ဆိုပဲ။

ရင်မခုန်ပါဘူး။ ခုန်စရာလား ဆိုပေမယ့် Certificate ရဖို့ မျှော်လင့်ခဲ့တာတော့ အချိန် အတိုင်းအတာ တစ်ခုထိ ဟုတ်တယ်။

လက်တွေ့ ကြုံတဲ့ အချိန်မှာ စိတ်က တည်ငြိမ်နေတယ်။

တေးသီချင်းတွေ ဘာတွေ မဖွင့်ထားဘဲ ဒီ ရိုးရိုးကြီး ကျင်းပသွားတဲ့ ငါးနာရီကြာ ပွဲလတ် တစ်ပွဲပါ။

ကျောင်းသား ကျောင်းသူတွေ အားလုံး ထိုင်နေကြတဲ့ အရှေ့မှာ အာပေါင် အာရင်း သန်သန်နဲ့ ပြောနေကြတာက တရားဟော ဆရာ နှစ်ယောက်။

တက်ညီ လက်ညီ ရှိလိုက်ကြတာ။ ဒါပေမယ့် နောက်ပိုင်းကျတော့ ငြီးငွေ့ပြီး ပျင်းလာတယ်။

ကျွန်တော် လက်ဝါးနဲ့ အုပ်ပြီး ဟား ခဏခဏ သမ်းမိတယ်။

ဆရာ အလှည့်ကျတော့ ပြောပြတဲ့ ပုံပြင်က စိတ်ဝင်စားဖို့ ကောင်းတယ်။

အဆုံးသတ်မှာ ဇာမဏီ ငှက်လား သပိတ်လွယ်ငှက်လား စာကလေးလား မမှတ်မိတော့ဘူး။

ဒါပေမယ့် ကျောင်းသား/သူ တော်တော်များများ သဘောကျ ရယ်ကြတယ်။

ဒီလိုနဲ့ တစ်ယောက်ပြီး တစ်ယောက် မိန့်ခွန်း ပြောသွားလိုက်တာ.. သူငယ်ချင်း အလှည့် ရောက်လာတယ်။

သူက ဟိုတလောကလေးတင် သွားတက်တဲ့ ခွိန်းမိန် တက်ကသိုလ် ဆရာဖြစ် မွမ်းမံ သင်တန်း အကြောင်း သူကိုယ်တိုင် ကြုံတွေ့ ခဲ့ရတဲ့ အဖြစ်အပျက်လေးတွေနဲ့ ချိန်ထိုးပြီး အချိန် မရတဲ့ ကြားက ကသောကမျော ရှင်းပြသွားတယ်။

ရယ်ရဖို့ ကောင်းပါတယ်။

ဆရာဆို သဘောကျလို့ ရယ်နေတာ တွေ့လိုက်တယ်။

ကျွန်တော်လည်း ဆရာ့လိုပဲ သူငယ်ချင်း အောင်မြင်တာကို သဘောကျတဲ့ အပြင် ချီးမွမ်းပါတယ်။ အတု ယူစရာ ရှိတာ ယူပါတယ်။

အောင်မြင်မှုဆိုတာ ခက်ခက်ခဲခဲ ကြိုးပမ်း အားထုတ်မှုရဲ့ ရလာဒ်လေ.. အဲဒီလို ခံယူထားတယ်။

အောင်လက်မှတ် ပေးရာမှာ ကျွန်တော့ နာမယ်က ပထမ ဦးဆုံး ပါလာလို့ အံ့သြသွားရတယ်။

ဘာကြောင့် ပထမဦးဆုံး နေရာမှာ ထားပြီး အရင် ပေးရတာလဲ။ ကျွန်တော့မှာ အဲဒီ အချိန်တုန်းက စဉ်းစားနေဖို့ အချိန် မရလိုက်ဘူး။

အားလုံး ရှေ့မှောက်မှာ ထွက်ပြီး လက်ခံ ရယူလိုက်ရတယ်။

အားလုံးရဲ့ မျက်လုံးတွေက ကျွန်တော့ဆီမှာ။

ဒီခဏလေးမှာပဲ ကျွန်တော် ပျော်လည်း ပျော်သလို ရှက်လွန်းလို့လည်း အငွေ့ပျံသွားချင်ပြန်သေးတယ်။

ဒီနောက်မှာ နေ့လည်စာ အုန်းနို့ ခေါက်ဆွဲ ကျွေးတယ်။

အတိတ်ကို ပြန်ပြန် သတိရတယ်။

မှောင်မိုက်တဲ့ လမ်းတွေမှာ စမ်း တ၀ါးဝါး လျှောက်ခဲ့တာတွေ စဉ်းစားရင်း ကျွန်တော် အရည်ပျော်ချင်နေတယ်။

ရိုင်းစိုင်းတဲ့ စိတ်ဆိုး စိတ်ညစ်တွေ ကြားက ထွက်ပြေး လွတ်မြောက်ချင်ခဲ့တဲ့ စိတ်ဓာတ်က အခု မြင်နေရတဲ့ စားပွဲခုံတွေက တဆင့် တန်ပြန် ရိုက်ခတ်ပြီး ကဲ.. မင်း မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်သွားပြီလားတဲ့.. မေးနေသလိုပဲ..

ဒီနေ့မှာ မိုးရွာတယ်။

အပျင်းကြီးလို့ ကောင်းပေမယ့် အလုပ်တာဝန် ၀တ်တရား ရှိသေးလို့ ကျွန်တော် အပြင်မှာ ရှိနေရသေးတယ်။

အိမ်နဲ့ အဝေးဆုံး အရပ်မှာ ကျွန်တော် တည်ရှိနေချင်သေးတယ်။

ဒါပေမယ့်… …

Comments

Popular posts from this blog

မင်္ဂလာဦးညကို လွန်သော်

ဆယ်တန်း အောင်စာရင်း 2013