ခွင့်လွှတ်ခြင်းသည်သာ

ပြာလဲ့ ကြည်လင်သော စမ်းချောင်းပေါ်သို့ နေရောင်စူးစူး ဖြာကျနေသည်။

"ခစ် ခစ်"

ရယ်မောသံတွေ အဝေးက လွင့်ပျံ့လာသည်။ မြစ်ကမ်းပေါ်မှာ ကောင်မလေး သုံးလေးယောက်နှင့် ကောင်လေး သုံးလေးယောက် ရှိနေသည်။

"အမေ လာလေ၊ ရေဆင်းကူးမယ်"

ကောင်မလေးတို့က အဖေနှင့်အတူ အသားကို မီးကင်ခြင်း ပြုနေသော မိခင်ကို လှမ်းခေါ်ရင်း ရေစပ်သို့ ပြေးဆင်း သွားကြသည်။

"သမီးတို့ ဘာသာပဲ သွားကြပါ၊ တော်ကြာကျ သမီးတို့ အကြိုက် အကင် လာစားဖို့ မမေ့ကြနဲ့နော်"

"သားတို့လည်း ရေသွားကူးမယ် မေမေ"

"အေး မကြာစေနဲ့ ပြီးရင် အကင်တွေ လာစားကြ"

ရေကူးရန် ထွက်သွားကြသော သားနှင့် သမီးတို့၏ သူငယ်ချင်း အုပ်စုကို လှမ်းကြည့်ကာ မိဘက စကားပြော ကျန်ရစ်သည်။ နှစ်ဖွဲ့ ထွက်သွားရာ အရပ် မျက်နှာမှာ မတူကြချေ။

ကြိုင်မင်း သူငယ်ချင်း နှစ်ယောက်နှင့်အတူ ဤဘက် တောစပ်သို့ ထွက်လာသည်။ သူတို့ မိသားစု ပျော်ပွဲစား ထွက်ရာသို့ သူ့သူငယ်ချင်းများ ဖြစ်သော ဆန်းအောင် နှင့် ရဲရင့်ကို ခေါ်လာခဲ့သည်။ သူတို့အားလုံး ဆယ်တန်း ဖြေပြီးသွားကြပြီ။

ရာသီ ဥတုက နေစူးသော်လည်း တိမ်တွေက ဟိုတစ်ဆုပ် သည်တစ်ဆုပ် ပျံ့ကြဲနေသည်။ သစ်ပင် အရိပ်အာဝါသသို့ ရောက်လာကာ စီးဆင်းနေသော ချောင်းထဲ ရေဆင်းကူးရန် တိုင်ပင်သည်။ ရဲရင့်က အင်္ကျီ ချွတ်လိုက်သော်လည်း ဆန်းအောင်က မချွတ်။ ဆန်းအောင် အင်္ကျီ မချွတ်သည်ကို စနောက်လိုသဖြင့် ရဲရင့်က အနောက်မှ လိုက်ချွတ်သည်။

"ဆန်းအောင်၊ ရေ အတူတူ ချိုးရအောင် အင်္ကျီ ချွတ်လေကွာ။ ဘာလဲ မင်း ဗလ လူမြင်မှာ စိုးလို့လား"

"ဟုတ်ပါဘူး၊ ငါ နည်းနည်း ရှက်တယ်၊ ဒီအတိုင်း ကူးလည်း ရသားပဲ၊ ရဲရင့် မလုပ်နဲ့ကွာ"

"မရဘူး ချွတ် ချွတ်"

ဆန်းအောင် ပြောလေ၊ ရဲရင့်က ကဲလေ ဖြစ်နေတော့သည်။ သူတို့နှစ်ဦး လုံးထွေးနေစဉ် ကြိုင်မင်း က နံဘေး၌ ပွဲကြည့် ပရိသတ်သာသာ။ ဤသို့ ရုန်းကန်ရင်း နှစ်ယောက်စလုံး အားမာန် ပါပြီး ပြင်းထန်လာကြသည်။ မည်သည့် အတွက် ဤမျှ ဖြစ်နေရသည်ကို ကြိုင်မင်း မစဉ်းစားတတ်သော်လည်း ရယ်သာ ရယ်မိသည်။

ထို၌ ဆန်းအောင်က ခြေဖြင့် တစ်ချက် ကန်လိုက်ရာ ရဲရင့်၏ ပေါင်ကြားကို ထိမိပြီး၊ ညည်းညူရင်း လဲကျသွားသည်။ ထိုမှတဖန် ပြန်ကုန်းထလာပြီး ဒဏ်ရာ ရသွားသဖြင့် ရဲရင့် ဒေါသ ထွက်ကာ ဆန်းအောင်၏ လည်ပင်းကို အတင်း ဝင်ညစ်သည်။ ရုတ်တရက် ရုန်းရင်း ဆန်ခတ် အဖြစ်သို့ ပြောင်းလဲသွားကာ အဖြစ်အပျက်မှာ မြန်လွန်း၍ ကြိုင်မင်း တစ်ယောက် ဘာလုပ်ရမှန်း မသိဘဲ ကြောင်အမ်းအမ်း ဖြစ်ပြီး ဤအတိုင်း ရပ်ကြည့်နေမိသည်။

"မင်းက ငါ့ကို လုပ်တယ်လား၊ မင်းကို အသေ ညစ်သတ်မယ်"

"အစ် အစ်၊ ကြိုင်... ကြိုင် မင်း ... လုပ် အစ် အု"

သရဲ စီးသကဲ့သို့ သန်မာသော လက်ချောင်းများဖြင့် ဆန်းအောင် လည်ကို ညစ်နေသည်ကို မြင်ရသော်လည်း၊ ဆန်းအောင် အသံ အစ်အစ်ဖြင့် အကူအညီ တောင်းနေသည်ကို ကြားရသော်လည်း ကြိုင်မင်း တစ်ယောက် နှုတ်မှာ အာစေး ထည့်ထားသကဲ့သို့ ဖြစ်ပြီး၊ တစ်ကိုယ်လုံး မလှုပ်နိုင် မရှားနိုင်ဘဲ ပြူးပြီးသာ ကြည့်မိသည်။

ဆန်းအောင် မျက်လုံးကြီး ပြူးထွက်လာကာ နာကျင်နေပုံက အထင်းသား။ နောက် တဖြည်းဖြည်း ငြိမ်သက်သွားတော့သည်။ ရဲရင့် ထိုအခါကျမှ သတိဝင်လာသလို ဖြစ်ပြီး လက်လွှတ်လိုက်ရာ ဆန်းအောင် မြေပေါ် ပျော့ခွေ လဲကျသွားသည်။

"ဟင် ဆန်း ဆန်းအောင်"

"ရဲရင့်၊ မင်းဘယ်လို လုပ်လိုက်တာလဲ"

"ငါ ငါလည်း မသိလိုက်ဘူး၊ ငါ မသိလိုက်ခင် ဒီ ဒီလို ဖြစ်သွားတာပဲ"

"သေ သေသွားပြီလား မသိဘူး"

ကြိုင်မင်း မိဘများကို သွားခေါ်ရန် အပြေးတစ်ပိုင်း ထွက်လာစဉ် ရဲရင့် လိုက်လာသည်ကို မြင်လျှင် ကြောက်အားပိုပြီး အသည်းသန် ပြေးတော့သည်။ ရဲရင့် အော်ခေါ်သံက အဝေးတွင် ကျန်ရစ်ခဲ့သည်။

"ကြိုင်မင်း ကြိုင်မင်း၊ မပြေးပါနဲ့၊ ကြိုင်မင်း နေပါဦး ကြိုင်မင်း"

"အဖေ အဖေ၊ အမေ အဖေ၊ လုပ်ပါဦး၊ သားနောက်မှာ ရဲရင့် လိုက်နေလို့၊ ဆန်းအောင်လည်း သေပြီ"

မိဘတွေက ရုတ်တရက် နားမလည်။ အကြောင်းစုံ သိသော် လန့်ဖျပ်ကုန်ပြီး၊ အဖေက ဖုန်းဖြင့် ရဲစခန်းကို အကြောင်း ကြား၍ အမေက ကြိုင်မင်းကို ထွေးပွေ့ ထားပြီး ကျီးကန်းတောင်းမှောက် ကြည့်နေရသည်။

ထိုအချိန်မှာပင် သမီးတွေလည်း အော်ရင်း ဒယိမ်းဒယိုင်ဖြင့် ပြေးလာကြသည်ကို တွေ့လိုက်ရပြန်သည်။

"အမေရေ အမေရေ "

"အမလေး သမီးတို့ ဘာဖြစ်လာတာလဲ"

"လင်းနို့ လိုက်ကိုက်တယ် သမီးတို့ကို၊ သမီးတို့ စမ်းချောင်းထဲမှာ ရေကူးနေတုန်း တောထဲက လင်းနို့တွေ အများကြီး ထွက်လာပြီး ကိုက်လို့ အမေ၊ နာတယ်"

ဟုတ်ပေသည်။ အမေ ကြည့်လိုက်တော့ သမီးနှင့် သူငယ်ချင်းများ လက်မောင်း၊ မျက်နှာ စသည်တို့တွင် ကိုက်ခြစ်ရာများ၊ သွေးစများ တွေ့ရသဖြင့် ပျာပျာသလဲ ဖြစ်ကာ စိတ်ပူပြီး ဘာလုပ်ရမှန်းပင် မသိတော့။

"အကောင်ကြီးတွေ တစ်ကိုယ်လုံး မည်းနက်နေတာပဲ၊ ကြောက်စရာကြီး"

သမီးလေးတို့ ကြောက်နေသလို ကြိုင်မင်းလည်း ကြောက်နေရှာသည်။ သုံးယောက် သွားတာ တစ်ယောက်ပဲ ပြန်လာသည်။ တစ်ယောက်က သေသလား ရှင်သလား မသိရ။

မကြာမီ ရဲများ ရောက်လာ၍ ကြိုင်မင်း ပြသည့် နေရာကို တောနင်း ရှာဖွေရာ စမ်းချောင်း နံဘေး မြေပေါ်၌ အသက် မဲ့နေသော ဆန်းအောင် အလောင်းမှ လွဲ၍ ရဲရင့် အရိပ်အယောင်ပင် မတွေ့ပေ။

ကြိုင်မင်း အိမ် ပြန်ရောက်သည်နှင့် ဖျားတော့သည်။ သုံးလေးရက်ခန့် ကယောင်ကယမ်း ပြောနေပြီး နောက်ပိုင်း သက်သာလာသော အချိန်၌ ရဲရင့် တစ်ယောက် အခင်း ဖြစ်ရာမှ ထွက်ပြေးသွားပြီး ယခုထိ ဖမ်း မမိသေးကြောင်း ကြားရလျှင် စိတ်ထဲ မအေးသလို ဖြစ်မိ၏။ မမျှော်လင့်ဘဲ သေသွားသော သူငယ်ချင်း ဆန်းအောင်၏ ပုံရိပ်ကို ရက်ဆက် မြင်နေကာ ထိုအချိန်က အကူအညီ တောင်းသည်ကို မကူညီ မိသည့် အတွက် နောင်တရပြီး ဝမ်းနည်းသလိုလို ဖြစ်နေလေသည်။

ရက်လများ ကုန်လွန်လာပြီး ဆယ်တန်း အောင်စာရင်းများ ထွက်ချိန်၌ သူတို့ သုံးယောက်စလုံး အောင်သည်ဟု သိရသော်လည်း ကြိုင်မင်း ရင်ထဲမှာ ဝမ်းမသာနိုင်ချေ။ ဆန်းအောင်ကိုသာ အကြိမ်ကြိမ် အထပ်ထပ် တောင်းပန်နေမိသည်။

(ငါ့ကို ခွင့်လွှတ်ပါ၊ ဆန်းအောင်)

ရဲရင့်ကတော့ ဝရမ်းပြေး လုံးလုံး ဖြစ်နေသည်။ ကြိုင်မင်း တုန်လည်း တုန်လှုပ်၊ စိတ်ထဲလည်း မကောင်း။

တစ်ပတ်ခန့် ကြာသွားသည့် အချိန်၌ ကြိုင်မင်း မက်ဆေ့တစ်ခု လက်ခံရသည်။ ရေးထားတာက ပို့သူ အမည်မပါဘဲ လိပ်စာနှင့် အချိန်ကိုသာ ပေးထားပြီး အောက်တွင် တွေ့ချင်လို့ ဆက်ဆက်လာပါ ဟု ဖြစ်သည်။ ပို့သူ မသိသော်လည်း ရဲရင့် ဖြစ်လိမ့်မည်ဟု တွေးမိသည်နှင့် ရင်ထဲ၌ တဒိန်းဒိန်း ခုန်ကာ ဘာကြောင့် တွေ့ချင်တာလဲ ဆိုသော မေးခွန်းက ဆက်တိုက် ပေါ်လာသည်။

"ဘာကြောင့် ငါ့ကို တွေ့ချင်တာလဲ၊ ရဲကို အကြောင်းကြားလိုက်ရမလား၊ အကြောင်းကြားလိုက်လို့ သိသွားရင် ရှောင်ထွက်သွားမလား၊ သူလည်း ဒုက္ခများ ရောက်နေလို့လား၊ ဘယ်လို လုပ်ရပါ့မလဲ"

စိတ်ထဲ ချီတုံချတုံ ဖြစ်နေပြီးမှ သူ ချိန်းသည့်အတိုင်း သွားရန် ကြိုင်မင်း စိတ်ပိုင်း ဖြတ်လိုက်သည်။ ဒုက္ခ ရောက်နေ၍ အကူအညီ တောင်းတာ ဆိုလျှင် သူ့ဘက်က မပစ်ပယ်သင့်။

အင်္ဂါနေ့ည ၈း၀၀ နာရီ။

သူ မောင်းလာသော ကားကို လမ်းဘေးတွင် ထိုးရပ်လိုက်သည်။ ဟိုဘက်ဓာတ်တိုင်တွင် လမ်းမီးဝါဝါ ကလေး မြေပြင်၌ လင်းနေသည်မှ အပ ပတ်ဝန်းကျင်တွင် စုံးစုံး မှောင်မိုက် နေသည်။ အရက်ဆိုင် တစ်ဆိုင်ကို တွေ့ရသည်။ ကောင်းကင်မှာ ကြယ်ကလေးများပင် မလင်း၊ လမိုက်ည ဖြစ်သည်။ ဤလမ်းက လူအတော် ပြတ်ပါလား။ ထို၌ အရက်ဆိုင်က မစိမ်းတစိမ်း မီးရောင်အောက်မှ လူတစ်ယောက် ထွက်လာပြီး သူ့ကို လက်ပြသည်။ သူ ကားပေါ်က မဆင်း၊ မဆင်းဘဲ လက်ပြန်ပြလိုက်သည်။ ထိုလူ ပြန်ဝင်သွားပြီး စားပွဲခုံပေါ် ထိုင်လိုက်သည်ကို လမ်းကို ကျော်ပြီး မှုန်ဝါးဝါး မြင်နေရသည်။ အခြေအနေ ကြည့်ပြီး သူ မဆင်းပေ။ အရက်ဆိုင်ထဲက လူသည် သူ့ကို ဆိုင်ထဲ လာစေလိုဟန် ရှိသည်။ ရဲရင့်မှန်း မသေချာသေးဘဲ သူ မဆင်းလို။

အတန်ကြာသော် အရက်ဆိုင်ထဲက လူ ပြန်ထွက်လာပြီး မီးရောင်ဝါအောက်တွင် သူ မြင်အောင် ရပ်ပြသည်။ ကြိုင်မင်းက မျက်နှာကို သေချာ ကြည့်ရာ ပိန်ကပ်ပြီး ငေါထွက်နေသော အရိုးများဖြင့် ပိန်ချုံးသွားသော ရဲရင့် တစ်ယောက်ကို တွေ့လိုက်ရသည်။ သူလည်း ထိုအခါမှ ကားပေါ်က ဆင်းပြီး ရပ်ပြလိုက်ရာ ရဲရင့်ဘက်မှ ကြိုင်မင်းမှန်း သေချာသွား၍ သူ့ဆီ လျှောက်လာရန် လက်ယပ် ခေါ်သည်။

ကြိုင်မင်းလည်း လမ်းမကို ဖြတ်ကူးရင်း ရဲရင့်ကို သတိထား ကြည့်နေစဉ် ရုတ်တရက် အလွန် ထူးဆန်းသော အဖြစ်အပျက် တစ်ခု ဖြစ်သွားသည်။

ဓာတ်တိုင်ကို ကျောပေး ရပ်နေသော ရဲရင့် အနောက်မှ လူရိပ် တစ်ရိပ် ပေါ်လာပြီး လက်နှစ်ဖက်ဖြင့် သိုင်းဖက်ကာ ရဲရင့်ကို ဓာတ်တိုင်နောက်ဘက် အမှောင်ရိပ်ထဲ ဆွဲသွင်းသည်။ ပိန်လှီသော ခန္ဓာကိုယ် စွေ့ကနဲ့ မြောက်သွားခိုက် ကြိုင်မင်း မြင်လိုက်ရသူကတော့ သေပြီဟု ထင်ထားသော ဆန်းအောင်၏ အသက်မရှိသော မျက်နှာ။

"ကြိုင်မင်း၊ ကယ်ပါဦး၊ ငါ့ကို ဆန်းအောင် ဆွဲနေပြီ"

"ရဲရင့် တောင့်ထား၊ ငါ လာပြီ"

သူ ခုန်အုပ်လိုက်ချိန်တွင် ရဲရင့် ခြေထောက်ကို ဆုပ်ကိုင်မိသော်လည်း နောက်မှ ဆွဲယူသော မမြင်ရသည့် အားမှာ ကြီးမားလှသဖြင့် သူပါ ဒရွတ်တိုက်ပြီး အမှောင်ထဲ ပါသွားသည်။ ကုန်းစောင်းတစ်လျှောက် ကြမ်းတမ်းစွာ ဆွဲယူသွားပြီး တစ်နေရာ အရောက်၌ တွင်းထဲ ကန်ချလိုက်သလို ဖြစ်ပြီးလျှင် ရဲရင့်နှင့် သူ ဒလိမ့်ကောက်ကွေး ကျကုန်သည်။

ကျလာသည့် အရှိန် သေသွားသော အခါမှ ၎င်းတို့ နှစ်ဦး၊ အလင်းပြာပြာ လွှတ်နေသော ဂူပေါက်ဝတစ်ခုသို့ ရောက်နေကြောင်း တွေ့ရတော့သည်။ ကျလာသော တွင်းထဲမှ အပေါ်သို့ ပြန်တက်ရန် မဖြစ်နိုင်ကြောင်း တွေ့ရသဖြင့် ဂူပေါက် တစ်ပေါက်သာ ဆင်းရန် လမ်း ရှိပေသည်။

သို့ဖြစ်၍ နှစ်ဦးလုံး ဂူပေါက်မှ အောက်ဘက်သို့ တရွေ့ရွေ့ ဆင်း လာခဲ့ကြရာ တောင်ပံခတ်သံများ ကြားရသည်။ မြေသားလှေကားအတိုင်း တစ်ယောက်ကို တစ်ယောက် မှီတွယ်၍ ဆင်းလာရာ တောင်ပံခတ်သံများ ပို၍ ကျယ်လောင်လာသဖြင့် ငှက်များ ခိုအောင်းရာသို့ တိုးဝင်မိပြီဟု သိနေရသည်။ မြေအောက် အတော် နက်နက် ဆင်းပြီးနောက် လှိုက်ပေါက်ဝသို့ ရောက်လာသည်။ လှိုဏ်ဝမှ အတွင်းသို့ လှမ်းကြည့်လိုက်ရာ၊ အတွင်း၌ မိုးထိအောင် ကျယ်ဝန်းလှသော လှိုဏ်ဂူကြီး ဖြစ်ပေါ်နေပြီး ရေထွက်ပေါက်မှ စမ်းချောင်းလေး ဖြစ်ပေါ်နေကာ လှိုဏ်ဂူ အောက်ပိုင်းမှာ မြေသားမဟုတ်ဘဲ ရေပြင်ကြီးဖြင့် အနားသတ်ထားသည်။ အလွန်တရာ ကြည်ပြာလဲ့နေသော ရေထဲတွင်မူ ငါးမည်းများ ဤမှထိုမှ ကူးခတ် သွားလာနေသည်ကို မြင်တွေ့ရသည်။ ရေပြင် အောက်ခြေ၌ တောက်ပနေသော အပြာရောင် အလင်းတန်းများသည် ဂူနံရံကို ရိုက်ခတ်ပြီး အလင်းပြန်လျက် ရှိသည်။

အေးစိမ့် မှောင်မည်းလျက် ရှိသော ဂူနံရံတွင်ကား နက်ပြောင်သော လင်းနို့ အကောင် ထောင်သောင်းများစွာ ကုတ်ကပ် တွယ်ထားလျက် အတောင်ပံများ တဖျတ်ဖျတ် ခတ်ကာ တစ်ကောင်နှင့် တစ်ကောင် တိုးဝှေ့နေသည်။ ကြိုင်မင်းနှင့် ရဲရင့်တို့ နှစ်ဦး လှိုဏ်ပေါက်မှ ထွက်လိုက်သည်နှင့် လင်းနို့များ လန့်ဖျပ်ပြီး တဝုန်းဝုန်း ထပျံကြသဖြင့် ဂူထဲ၌ တော်လဲသကဲ့သို့ ပဲ့တင်သံ မြည်ဟိန်းသွားလေသည်။

"ဖလူးဖလူး ဖလပ် ဖလပ်"

တစ်ဖက် ကျောက်သားတွင် နံရံကို ထွင်းဖောက်ပြီး သစ်သားအိမ်သဖွယ် ဆောက်လုပ်ထားသော ဟောင်းနွမ်း အိုမင်းလှသည့် အခန်း တစ်ခန်းကို တွေ့ရသည်။ ကြိုင်မင်းနှင့် ရဲရင့် တစ်ဦးကို တစ်ဦး လှည့်ကြည့်ပြီး ထို ကျောင်းသင်္ခမ်း တစ်ဆောင်နှင့် တူလှစွာသော အခန်းဆီသို့ ဆက်သွယ်ထားသည့် ရေထဲ တစ်ကြောင်းသာ ပေါ်နေသော ကျောက်သား လမ်းမှတဆင့် လျှောက်သွားရာ လမ်းတစ်လျှောက် ရေထဲရှိ ငါးမည်းကြီးများကို အသည်းယား စဖွယ် တွေ့ရသည်။ ငါးများသည် ကြိုင်မင်းတို့၏ ခြေကို လိုက်ကိုက်ဆွဲရာ ဟိုဘက်ကမ်းသို့ အမြန်ဆုံး ဖြတ်ကူးရ လေသည်။ ပျဉ်ချပ်ပြားများပေါ်သို့ တက်လိုက်သောအခါ ရေငွေ့ စိုထိုင်းမှု ကြောင့် ပျဉ်များ ဆွေးနေပြီ ဖြစ်ရာ ကျိုးအက်သံ ကျွီ ကျွီ ကျွီ ထွက်လာသည်။ ရဲရင့်မှာ ကြောက်ရွံ့တုန်လှုပ်ကာ တောင်ကြည့် မြောက်ကြည့် လုပ်လျက် အသံ မထွက်ဝံ့ချေ။

"ဗွမ်း"

"အမလေး"

ထို၌ ငါးမည်းကြီးတစ်ကောင်သည် ရေထဲမှ ကမ်းပေါ်သို့ ဗွမ်းကနဲ ခုန်တက်လိုက်ရာ အခန်းထဲ ရောက်လာသဖြင့် ကြိုင်မင်းနှင့် ရဲရင့် နှစ်ဦးစလုံး လန့်တုန်သွားကြသည်။
ငါးကြီး အမြီးတယမ်းယမ်း ခေါင်း တယမ်းယမ်း လှုပ်နေစဉ် နောက်ထပ် ထိုငါးထက် ကြီးသော ငါးမည်းကြီး တစ်ကောင် ထိုးတက်လာပြီး ၎င်းကို ဟပ်လိုက်ရာ အမြီးကို ခဲမိသွားသည်။ ထို့နောက် မြွေမြိုသည့်နှယ် အမြီးမှတဆင့် ကိုက်မြိုလေရာ ငါးနှစ်ကောင် ရုန်းကန်သံဖြင့် ဆူညံနေတော့သည်။ သူတို့ နှစ်ဦး ဘာလုပ်ရမှန်း မသိဘဲ ကြောင်အလျက် ဤအတိုင်း ရပ်ကြည့် နေမိသည်။ ထိုစဉ် ငါးကြီး မြိုပြီးသွား သောကြောင့် ငြိမ်သက်သွားလေရာ အသံဗလံများ ပြန်လည် တိတ်ဆိတ် သွားသည်။ ငါးမည်းကြီးသည် ကြည့်ရင်း ကြည့်ရင်း တဖြည်းဖြည်း ကြီးထွားလာရာ ခေါင်းတလားအရွယ်သို့ ရောက်ရှိလာပြီး နောက် ရပ်တန့်သွားပြီး တဖန် ငြိမ်သက် သွားပြန်သည်။

ကျွီကနဲ အသံ မြည်သွားပြီးနောက် ငါးကြီးသည် နှစ်ခြမ်း ကွဲသွားကာ တလားဖုံးကဲ့သို့ အဖုံး တစ်ခြမ်းသည် ထူးဆန်းစွာ အပေါ်သို့ ကြွပြီး ထောင်တက်လာသည်။ ထိုအဖုံး ထောင်တက်လာသည်နှင့်အတူ ငါးထဲမှ အလောင်း တစ်လောင်းလည်း ထောင်ထလာတော့ရာ ၎င်းမျက်နှာကို မြင်လိုက်ရသော ကြိုင်မင်းနှင့် ရဲရင့်တို့မှာ ပါးစပ်မှ အားကနဲ အော်ပြီး နောက်ဆုတ် သွားကြသည်။

"ဆန်း ဆန်း ဆန်း အောင်"

သေပြီးသော ဆန်းအောင် တလားထဲမှ အပြင်သို့ ထွက်လာလျှင် လေထုက အလျင်ကထက် အေးစိမ့်သွားသည်။ မျက်လုံးက မီးဝင်းဝင်း တောက်လျက် မျက်နှာက ခက်ထန်ပြီး သွေး မရှိဘဲ အစိမ်းပုပ်ရောင် လွှမ်းနေသည်။ ကြောက်ရွံ့ တုန်လှုပ်လျက် ရှိသော ရဲရင့်သည် ကြမ်းပေါ်သို့ ဒူးထောက်လိုက်ကာ ငိုသံ ပါကြီးနှင့် ဆန်းအောင်ကို တောင်းပန် သည်။

"ဆန်း ဆန်းအောင် ငါ တောင်းပန်ပါတယ်၊ ငါ့ကို ခွင့်လွှတ်ပါ"

ခွင့်လွှတ်မည့် ပုံ မပေါ်သည့် ဆန်းအောင် နှုတ်က တစ်ခုခု ပြောမည့်ဟန်ဖြင့် ပါးစပ်က တွန့်လိမ်ကောက်ကွေး၍ သရဲသဘက် အသွင် ပြောင်း သွားတော့သည်။ သရဲဆန်းအောင်နှင့် တွေ့နေမှန်း သိလိုက်ရသော ကြိုင်မင်းလည်း သွေးပျက်မတတ် ကြောက်လန့်ပြီး ဒူးထောက်ကာ တတ်အား သမျှ ဘုရားစာများ ရွတ်တော့သည်။ ဘုရားစာ ရွတ်နေသော်လည်း ဆန်းအောင်မှာ သူတို့ အနီးသို့ လျှောက်လာနေသည်ကို တွေ့ရလျှင် ရဲရင့်လည်း အကြောက်လွန်ပြီး သတိလစ်သွားတော့သည်။

ထိုစဉ် ဘယ်ကမှန်း မသိ၊ သူတော်စင် ရသေ့တစ်ပါး ရုတ်တရက် ရောက်လာ သည်ကို ကြိုင်မင်း မြင်လိုက်ရသည်။ ဆန်းအောင် အနား ကပ်လာလေ၊ ဆန်းအောင် ကိုယ်ပေါ်က လူသေနံ့ ပြင်းစွာ ရလေဖြစ်ရာ ကြိုင်မင်း ကိုယ့်ကိုယ်ကို သေလူဟု သဘော ထားကာ မျက်လုံး အစုံကို မှိတ်လျက် ဘုရားစာသာ ရွတ်နေလိုက်သည်။

အတန်ကြာသည် အထိ ဘာမှ မဖြစ်၍ မျက်လုံး ဖွင့်ကြည့်လိုက်ရာ ရသေ့က ဆန်းအောင် ပုခုံးကို တောင်ဝှေးနှင့် ထောက်ထားပြီး ဆန်းအောင် တွေတွေကြီး ရပ်လျက် ကြိုင်မင်းကို ကြည့်နေသည်ကို တွေ့ရလေသည်။ ယင်းသို့ ကြည့်နေ စဉ်မှာပင် ဆန်းအောင် မျက်ရည်များ စီးကျလာပြီး "မင်းတို့ကို ငါ ခွင့်လွှတ် ပါတယ်"ဟု ပြောပြီးလျှင် နောက်သို့ လှည့်ကာ သွား၍ တဖြည်းဖြည်း ပျောက်ကွယ် သွားလေတော့သည်။

ဆန်းအောင်ထံမှ ကြိုင်မင်းကို ခွင့်လွှတ်သည့် စကား ကြားလျှင် အလိုလို ဝမ်းနည်းလာပြီး မျက်ရည်များ စီးထွက်လာကာ ငိုချလိုက်တော့သည်။

နေဘုရင်







Comments

Popular posts from this blog

မင်္ဂလာဦးညကို လွန်သော်

ဆယ်တန်း အောင်စာရင်း 2013