ငြီးငွေ့ခြင်း

လမ်းမီး ဖြူဖြူတစ်ပွင့် လက်နေသည်။ လမ်းမပေါ်တွင် လူအသွားအလာ မရှိသလောက်။ ခွေးတွေက လမ်းမပေါ် တက်အိပ်နေပြီ။ ဝန်ထုပ်ဝန်ပိုး ထမ်းထားရသလို စိတ်ထဲ လေးလံလှသည်။ မိုးမရွာ၍ တိုက်ခတ်လာသော လေပူများက သဲကန္တာရကို ဖြတ်ကာ တိုက်လာသည့်နှယ်။ အချိန်လွန်နေပြီ ဖြစ်သော်လည်း သူ့အတွက်တော့ ညဥ့်က ဤထက်ပို မနက်နိုင်လေပြီ။ ဖြတ်လျှောက်လာသည့် အချိန်တွင် ရုတ်တရက် ခွေးတစ်ကောင်က နောက်မှနေ၍ စူးစူးဝါးဝါး ထိုးဟောင်လိုက်ရာ တိတ်ဆိတ်နေသော ညမှာ အတန်ငယ် လှုပ်သွားသလိုပင်။ သူ့အဖို့မှာ ခွေးဟောင်သံသည် ထူးမခြားနား ကြားရလွန်း၍ အရေထူနေပြီ။ ငြီးငွေ့၍ပင်နေသည်။

မိုးချုန်းသံ ခပ်အုပ်အုပ် ကြားရသည်။ အမေသည် ချောင်း တဟွတ်ဟွတ် ဆိုးပြီးသော် ပြန်လည် ငြိမ်သက်သွားသည်။ လေပြင်းလာသည်။ သည်ည ခပ်စောစော အိပ်တော့မည်။ ခြေဆေးပြီး အိပ်ရာထဲ ဝင်သည်။ ဖယောင်းတိုင်မီး မှုတ်ကာ စောင်ကို ဆွဲခြုံလိုက်သည်။ တစ်အိမ်လုံး တိတ်ဆိတ်သွားသည်။ ထိုစဉ် မိုး တစ်ချက် ချုန်းပြန်သည်။ မိုးရွာတော့မည်လား။

ဖလတ် ဖလတ် ဖျပ်

မျက်လုံး နှစ်လုံး ဖွင့်ကာ ကြည့်လိုက်ရာ အမေက လက်ယပ် ခေါ်နေသည်။ အိပ်ရာမှ လူးလဲ ထကာ ဟားသမ်းလိုက်သည်။ ဒီလောက် အိပ်တာတောင် အိပ်ရေးက မဝ။ အိမ်တစ်ဆောင်လုံး မနက်ခင်း နေရောင်အောက်တွင် ဖုန်မထဘဲ ငြိမ်သက်နေသည်။ မီးတစ်ဖို ဖိုပြီး ရေနွေး အလျင် တည်လိုက်ပြီးမှ အမေ့ကို မျက်နှာ သစ်ပေး သွားတိုက်ပေးသည်။ လုပ်သမျှ အလုပ်တွေ တန်းစီနေရာ ဇယ်ဆက်သလို လုပ်နေသော်လည်း စိတ်ထဲတွင် အတွေးစဉ် ကင်းမဲ့နေသည်။

်နေက ပိုပူလာသည်။ စိတ်က ပိုငြီးငွေ့လာသည်။ ချွေးတွေ ပိုစီးကျလာသည်။ လက်ခုံနှင့် သုတ်ပစ်လိုက်ရင်း မပြီးနိုင်သော အလုပ် တစ်ခုကို စေ့စေ့ကြည့်သည်။ ဘယ်တော့ပြီးမှာလဲ။ ဟူး အောင့်ထား။ ဆက်လုပ်လိုက်အုံး။ အုတ်ခြောက်လုံး စီပြီး ပုဆိုးခံထားသော ပုခုံးပေါ်တင်လိုက်သည်။ လေးသည်။ အလွန်လေးသည်။ သယ်နေကျ ဆိုသော်လည်း ဤနေ့က ပိုလေးလံနေသည်။ နေကလည်း ကျဲကျဲ။ ညတုန်းကတော့ မိုးပဲ ရွာမလိုလို။ လှုပ်လီလှုပ်လဲ့ ယိမ်းနေသည့် သစ်သားပြားပေါ် နင်းလာစဉ် ချွေးတွေက ခြေမပေါ် တစ်တောက်တောက် ကျသွားသည်။

တောက်တစ်ချက် သူ ပြင်းပြင်း ခေါက်လိုက်မိသည်။ ရင်ထဲမှာ ကြိတ်မနိုင် ခဲမရ။ ဘဝက ဟာလာဟင်းလင်း။ အိမ်ထဲမှာ လူတွေ ရှုပ်ထွေးနေပြီး သူကတော့ အခန်းထောင့်မှာ ထိုင်ပြီး လူတွေ အလုပ်များနေတာကို ကြည့်သည်။ စည်ကားသည်။ အမေက အရင်တုန်းက အသိအကျွမ်း မိတ်ဆွေ ပေါသူ ဖြစ်သည်။ လူကြီးတစ်ယောက်က မင်း အားမငယ်ပါနဲ့၊ ယောက်ျားပဲကွဟု နှစ်သိမ့်သည်။ ပြောရလျှင် ဤစကားတွေ ကြားရတာ သူ ငြီးငွေ့သည်။

မိုးချုန်းသံက ကျယ်လောင်သည်။ ပတ်ဝန်းကျင်က လေမတိုက်ပါ။ ထုံးစံအတိုင်း ခြေဆေးပြီး အိပ်ရာ ဝင်သည်။ ချောင်းဆိုးသံ ကြားရသလား သတိမထားမိ။ စိတ်က ထုံနေသည်။ မီးမှုတ်လိုက်စဉ် မိုးတစ်ချက် ချုန်းလိုက်ပြန်သည်။ လေတိုက်လာသဖြင့် စောင်ကို ဆွဲလိုက်သည်။ အေးသည်။ ကြမ်းကြားက ဝင်သော လေက သည်နေ့ ပိုအေးသည်။ ရင်ထဲတွင် တစ်ချက် တုန်သွားသည်။ မိုးတွေ ဝေါကနဲ ရွာချလာသည်။ မျက်လုံးအစုံကို တင်းတင်း ပိတ်လိုက်ရာ ပါးပြင်တွင် ပူနွေးသော စီးကြောင်း နှစ်ခု စီးကျလာတော့သည်။

Comments

Popular posts from this blog

မင်္ဂလာဦးညကို လွန်သော်

ဆယ်တန်း အောင်စာရင်း 2013