ပစ္စခတ်ကို ရင်ဆိုင်ခြင်း

အချိန်သည် အလွန်ကုန်မြန်သည်ဆိုသည်ကို နှစ်ပေါင်းများစွာကို ဖြတ်သန်းလာပြီးမှ ကျနော် သိလိုက်ရသည်။ မနက်ဖြန်ပေါင်းများစွာသည် မနက်ဖြန်တွင် စောင့်မျှော်နေသည်ကို သိသော်လည်း ထိုရက်များသည်လည်း မနေ့ပေါင်းများစွာကဲ့သို့ပင် လျင်မြန်စွာ ကုန်ဆုံးသွားပေလိမ့်မည်။ ဤကား အမှန်အကန်စကားတည်း။ ဘဏ်ရှေ့တွင် ပျင်းရိစွာ ထိုင်နေကြသော လုံခြုံရေးများသည် သိုင်းတတ်မတတ် မည်သူသည် သတိထားမိပါသနည်း။ သိုင်းများ မိုးပျံအောင် တတ်ကျွမ်းသည် ဆိုသော်လည်း ယခု လတ်တလော ကြားရသော သတင်းအရ ကျနော်တို့ မြန်မာပြည်ကြီး၏ နိုင်ငံ့ဂုဏ်ဆောင်ဖြစ်ထသော၊ ယခု မေရီလန်းတွင် သားမယားနှင့်အတူ နေထိုင်လျက်ရှိသော အလအဆတယောက် ကိုဗစ် ကူးစက်ခံရ၍ နေအိမ်၌ပင် ၁၄ ရက် ကျူဝင်မည်ဟု ပြောသံ ကြားရကား၊ ယင်းသည် လွန်ခဲ့သော ရက်သတ္တပတ်က ကျောက်စိမ်းထွက်ရာ ဖားကန့်မြေတွင် မြေပြို၍ ရေမဆေးကျောက်သမား ၁၇၀ ကျော် သေဆုံးသွားသည့် သတင်းကို မကျော်နိုင်ချေ။ သူ ရောဂါကူးသည်ကို ကြားရသည့် အခိုက် လူတွေက အံ့ဩဘနန်း ဖြစ်ချင် ဖြစ်မည် ဟုတ်သော်လည်း၊ ပြည်သူပေါင်း ၁၇၀ ကျော် သေဆုံးပြီး နောက်ထပ် လူဘယ်နှယောက်လောက် မြေအောက်ထဲ နစ်မြုပ်နေပြီး ယခုထိ မရှင်းလင်းနိုင်သေးသော သတင်းသည် မြန်မာပြည်သူများအတွက် ပို၍ ဂရုစိုက်ဖွယ်ရာ အလေးအနက် ထားဖွယ်ရာ ဖြစ်နေသည်။
မုန်တိုင်းပြီးလျှင် လေပြည်လာမည်ဟု လူတိုင်းသူတိုင်း မှတ်သားမိသော်လည်း၊ မြန်မာပြည်သူများအတွက် မုန်တိုင်းသည် ဘင်္ဂလားပင်လယ်အော်မှ သော်လည်ကောင်း၊ ကပ္ပလီပင်လယ်မှ သော်လည်းကောင်း၊ တောင်တရုတ်ပင်လယ်မှ သော်လည်းကောင်း အကြိမ်ကြိမ် အလီလီ မနားတမ်း ဝင်နေသကဲ့သို့ ထင်ရသည်။ မြန်မာပြည်သူများအတွက် ရှူရှိုက်ကောင်းသော လေပြည်သည် အဘယ်မှာများနည်း။ အများသူငှာ တွေးထင် နေသကဲ့သို့ ကြက်မတွန် မိုးလင်းရမည်လား၊ ကြက်ဖတွန် မိုးလင်းရမည်လား။ ရတက်မအေးရအောင် ဖြစ်နေရသည့် တခုမှကား၊ တောင်နှင့် မြောက် ကိုရီးယား ရန်စောင်နေခြင်းကို မဟုတ်၊ မြန်မာနှင့် နီးနီးကပ်ကပ် ထိစပ်နေသော အိန္ဒိယနှင့် တရုတ်၏ နယ်စပ်အရေး ကြိုးပမ်းလှုံ့ဆော်နေခြင်း ဖြစ်သည်။ "စစ်ဖြစ်လျှင်ကား" စစ်ဖြစ်လျှင် အကုန်လုံး နားကားကုန်မည် ဖြစ်၍ စစ်ဖြစ်လျှင် "ကား"ဟု တမင်ရွဲ့ပြောခြင်းသည် ဝင်္ကဝုတ္တိအလင်္ကာ မြောက်လား မမြောက်လား မသိရ၊ နှစ်နိုင်ငံ နားကားမကားတော့ မသိရသေး၊ မြန်မာတွင် အသံကြောင့် ဖားသေသည်ထက် ဆိုးနိုင်သည်။ စကားပုံအရ အသံကြောင့် ဖားသာ သေသွားနိုင်သည်။ မြန်မာတွင်မူ ဖားသေရုံတင်မက၊ လိပ်ဥပါ ကြေသွားပြီး၊ သဲကျိုင်း(ကန္တာရကျိုင်းကောင်၏ အတိုကောက်)များပင် ဆီကြော်အိုးထဲ ရောက်သွားပေလိမ့်မည်။ နီပေါ၊ ဘူတန်၊ တိဗက်၊ ပါကစ္စတန် ဆိုဖွယ်ရာပင် မရှိ။ ချိန်ခွင်လျှာ လုနေသည့် ကြားထဲ မြေစာပင် ဖြစ်ဖို့ရာ ကျန်သည်။
အခြေအနေအရပ်ရပ်သည် လွန်ခဲ့သော ၂၀၂၀ နှစ်ဦးကပင် တအုံ့နွေးနွေး (မဟုတ်တန်ရာ "ဗြုန်းစားကြီး"ဟု ခေါ်နိုင်လောက်သည်) ဖြစ်ပွားလာသော ကိုဗစ်က လက်သည် ဖြစ်နိုင်သည်။ တရားခံ ရှာမတွေ့တော့ သင်းကိုပဲ လက်ညှိုးငေါက်ငေါက် ထိုးရချေတော့မည်။ တရုတ်၊ ဝူဟန်မြို့က စတင်တွေ့ရှိသော်လည်း၊ တရုတ်က စတွေ့တိုင်း တရုတ်က မဟုတ်ဟု ငြင်းဆိုချေသည်။ အကယ်၍ ကိုဗစ်ရောဂါ အစတွေ့ရာသည် မြန်မာပြည်ဟု သဘောထား ကြည့်လိုက်ပါ၊ မြန်မာပြည်သည် ကမ္ဘာ့အလယ်တွင် မျက်နှာပျက် အရှက်ရပြီး၊ ခေါင်းတောင် ဖော်နိုင်တော့မည် မဟုတ်။ ငါတို့နိုင်ငံကမဟုတ်ဟု ငြင်းမည်လောဟု အတွေးနယ်ချဲ့မိသည်။ နိုင်ငံတကာကို အကူအညီတောင်းမည်လော၊ နိုင်ငံတကာကရော အကူအညီများကို အနှောင်အဖွဲ့ကင်းကင်းနှင့် ဖောဖောသီသီ လိုလိုလားလား ပေးမည်လော၊ သို့မဟုတ် ဝူဟန်မြို့ကို ဝင်ရောက်စမ်းသပ် စစ်ဆေးရန် ခွင့်တောင်းသည်ကို တရုတ်အစိုးရက ကနဦးက ဘယ်အကြောင်းကြောင့်မှန်း မသိ တောက်လျှောက် ငြင်းဆန်လာပြီးမှ လွန်ခဲ့သော ငါးရက်လောက်ကမှ အစစ်ဆေးခံရန် သဘောတူလိုက်သည်မှာ မည်သည့် သဘောလဲ မသိရ။ ဤအတိုင်း မြန်မာကိုလည်း ဝင်ရောက်စစ်ဆေးရန် နိုင်ငံတကာ (အထူးသဖြင့် အမရက) က တောင်းဆိုလျှင် မြန်မာက ခွင့်ပြုလိမ့်မည်လော။ 
ထားလိုက်ပါ။ ကိုဗစ်သည် နှစ်တရာ ကြာတိုင်း တခါလာသော ပလိပ်ရောဂါနှင့် တူသည်။ ပလိပ်ရောဂါမဟုတ်သေး၊ မနေ့ကပင် သတင်းဖတ်လိုက်ရသည်။ မွန်ဂိုလီးယားတွင် မည်းသေရောဂါဟု ခေါ်သော ကြွက်ပလိပ်ကို လယ်သမားတဦးတွင် တွေ့သည်ဟု ဆိုသည်။ ဤအချိန်တွင် ဘုရားမတပါက  မည်သည်အချိန် တမည်ကို ခင်ဗျားတို့ကို မေးလိုသည်။ သတင်းကြားရသော မြန်မာပြည်က လူတိုင်း "ဆိုင်ချင်ဆိုင် မဆိုင်ချင်နေ" မိမိတို့ သက်ဆိုင်ရာ ဘုရားကို တကြကုန်ပြီ ဖြစ်သည်။ စိတ်သက်သာရာ ရသည်မှာ ကိုဗစ်ထက် ဆိုးဝါးသော ရှစ်ရက်အတွင်း သေဆုံးနိုင်သော ၎င်းရောဂါအတွက် ဆေးဝါး ရှိပြီး ဖြစ်သည်ဆိုသည်။ အမှန်သာ ဖြစ်ပါစေ။ 
ယခုမူ မည်သို့ ဖြစ်နေသနည်း။ ကပ်ကြီး သုံးပါးထက် ကျော်သွားပြီဟု လူတွေက ပြောနေကြသည်။ ရောဂါဘေး၊ ငတ်မွတ်ဘေး၊ စစ်မက်ဘေး။ အစမူ အင်မတန် နားမလည်ချေ။ ယခု နည်းနည်းပါးပါး လည်လာပြီ။ ကပ်တခု ဆိုက်လျှင် ကျန်ကပ်များ အလိုလို ဆိုက်လာသည်ဆိုသော စကားကို ဖြစ်သည်။ အဟုတ်တည်း။ ပထမ ကမ္ဘာနှင့် ချီသော ရောဂါ စဖြစ်သည်။ လူတွေ ပျောက်ပျက်လဲ သေဆုံးသည်။ (သောက်သောက်လဲ မသုံးချင်၍ ထွင်သုံးလိုက်သည်၊ အမှန်လည်း နေ့မြင်ညပျောက်သလို တဖြုတ်ဖြုတ် ကြွေသွား) ငတ်တဲ့သူတွေ ငတ်ကုန်သည်။ အကုန်မဟုတ်သေး။ ထိုအခါ ဖျက်လို ဖျက်ဆီးလုပ်၍ အားမရသေးသော ကံသည် သဲကျိုင်းများ ဘယ်က ပေါ်လာမှန်းမသိ (မြန်မာပြည်သူတွေအတွက် ပြောသည်၊ အာဖရိကကလာတာတော့ သိသည်) မြို့ရွာများကို ဖြတ်သန်း ပျံ၍ သီးနှံစိုက်ခင်းများတွင် အုပ်လိုက် ကျရောက်၍ လူတွေ မစားရခင်၊ သူတို့ အလုအယက် စားကုန်သည်။ ဆိုးလှချေတကား။ ထိုအခါမှပင် ငတ်မွတ်ဘေးသည် အမှန်အကန် ဆိုက်ရောက်လာတော့မည်ဟု လူတွေ ထင်မြင်လာသည်။ ခလုတ်ထိမှ အမိတဆိုသကဲ့သို့၊ မြန်မာပြည်သည် ကိုဗစ်တွင် ခလုတ် နည်းနည်း ထိသွားသည်။ ကျိုင်းကိစ္စတွင် ခလုတ်မထိသေးတော့ အမိမတကြသေး။ မစိုးရိမ်ဘူးလားတော့ မဖြစ်တန်ရာ။ စိုးရိမ်စိတ်နှင့် ပူပင်သောကကို ရင်ထဲ လောင်မြှိုက်လျက် သိမ်းဆည်းထားရသည့်မှာ မြန်မာပြည်သူပြည်သားတွေအတွက်တော့ ထူးမခြားနားသော ပတ်ပျိုး ဖြစ်နေလေပြီတည်း။ နောက်ထပ် ပူစရာ ရှိလာလည်း ရင်ထဲပဲ ထိုးသွင်း သိမ်းဆည်းရမည်သာ။ ၎င်းကား စစ်မက်ဘေး။ လူတွေမှာ ငတ်မွတ်ခေါင်းပါးလာသည်နှင့် ကိုယ်ချင်းစာတရားများ နည်းပါးလာမည် ဖြစ်သည်။ ငါးပါးသီလလည်း လုံခြုံအောင် ထိန်းသိမ်းနိုင်သူ နည်းပါးသွားမည် ဖြစ်ရာ၊ သူခိုးသူဝှက်၊ ဒုစရိုက်မသူတော်များ၊ ပွဲလန့်တုန်း ဖျာခင်းချင်သူတွေ ပေါ်လာမည် ဖြစ်သည်။ ဟောကိန်းထုတ်နေခြင်းမဟုတ်၊ ဤအတိုင်းပဲ နိုင်ငံတိုင်းမှာ ကြုံနေရသည် ဖြစ်ပြီး၊ ငြိမ်ဝပ်ပိပြားရေးကို တော်တည့် ဖြောင့်မတ်သော အကြီးအကဲများက နိုင်နင်းစွာ ကြီးကြပ်ကွပ်ကဲမှသာ အခြေအနေမဆိုး၊ အဖြစ်မသည်းမှာ ဖြစ်၏။ စိတ်အလိုလိုက်၍ စစ်မီးတောက်စေလျှင်၊ ကံကြမ္မာကို အရှုံးပေးရာ ရောက်သည်။ 
လူတွေမှာက အပြင်ထွက်လျှင် နှာခေါင်းပိတ် တပ်ရတာ မလုံလောက်သေး၊ အသက်ရှူက မဝရသည့် ကြားထဲ၊ ကုန်ဈေးနှုန်းက မမျှော်မှန်းနိုင်လောက်အောင် ကြီးမြင့်သွားပြီး၊ ငတ်မွတ်ရမည်ဆိုလျှင် မဟုတ်သေး။ ဤကြားထဲ စစ်မက်က ဖြစ်ပွားရဦးမည်ဆိုလျှင် မိုးရာသီပင် ဖြစ်လင့်ကစား၊ ကောင်းကင်မှာ မီးခိုးမြူတွေ ကျိုင်းတွေ ဝေ့ဝဲ့လွင့်ပျံ့နေပြီး၊ မိုးရေ မမြင်ရဘဲ ဖုန်ရေ မြင်နေရမည်ဆိုလျှင် မဟုတ်သေး။ ကျိုင်းမိုးတွေ ရွာနေလျှင်လည်း မဟုတ်သေး။ ကိုဗစ်ကို ကြောက်ရ၍ အနည်းဆုံး ခြောက်ပေခွာ၊ လက် စင်စင်ဆေး၊ ဤသို့ မှာကြားနေသော်လည်း ဗုံးသံ၊ သေနတ်သံ၊ ဒုံးကျည် ကျသံ၊ လေယာဉ်ပျံသံများကြောင့် ဗုံးခိုကျင်းထဲ တယောက်နှင့် တယောက် တလက်မပင်မကျန် ပူးကပ်နေရမည် သို့မဟုတ် စစ်မက်လွတ်မည် ထင်ရာ (နျူခေတ်မှာတော့ ဘယ်နေရာမှ လွတ်နိုင်မည် မထင်တော့) တောဂနိုင် ချောင်ကြိုချောင်ကြား အပြေးအလွှား သွားရမည်ဆိုက မဟုတ်သေး။ အတွေးနှင့်ပင် ကြောက်ဖွယ်ရာ။
အို တွေးရုံနှင့် ကြောက်စရာ မလိုသေး။ အချို့က ဆိုသည်။ အင်အားကြီး နှစ်နိုင်ငံစလုံး တကယ့် သေနတ် မပစ်ရဲ၊ လေသေနတ်သာ ပစ်ရဲ၍ ထိုကိစ္စ စိတ်ပူစရာ မလိုဆိုသည်။ ယခု လူတွေ အသိပညာ အတော်အတန် တိုးတက်လာ၍ စစ်မက် ဖြစ်မည့် ကိစ္စကြီးကို တနေ့တနပ်တည်းနှင့် ဆုံးဖြတ်ကြမည်ကား မဟုတ်။ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြမည်သာ ဖြစ်သည်ဟု အကောင်းဘက် တွေးသည်။ လူတိုင်း ဆန်ပြုတ် ပြန်သောက်ရမည့် ဘဝကို ပြန်မရောက်လိုကြ။ စစ်သည် မကောင်း။ နို့စို့ကလေးတွေကလွဲ၊ ကိုမာကြောင့် မေ့မျောနေသူတွေကလွဲပြီး ကျန်သူတိုင်း သိသည်။ သောက်စရာ ဆန်ပြုတ်တောင် မရှိတော့တဲ့ ဘဝကို ဖန်တီးပြီး ရောက်စရာ မလိုအောင် ဦးနှောက်ရှိသော သူများက စဉ်းစားပေးရမည်။ ကန်နဲ့ မြောက်လည်း ဤကဲ့သို့ လေပစ်လာရာ၊ ငါးနှစ်ငါးမိုး တိုင်ချေပြီ။ ဒေါ်နယ်ထွန်းလည်း သူ့ဟာသူ ခေါင်းမီးတောက်နေပြီ။ သို့သော် သူလည်း အားမလျှော့သေး။ သေနတ်တချက် မဖောက်ရဘဲ လောကကြီးကို သိမ်းချင်သူတွေ များလှသည်။ ထို့ထက် အကြမ်းဖက်၍ ကမူးရှူးထိုး သိမ်းပိုက်ချင်သူတွေကလည်း မရေမတွက်နိုင်။
နောက်ဆုံးတော့လည်း "နောက်ဆုံးသော ကာလရောက်လာပြီ၊ အခု သင်ကိုယ်တိုင် နိုးထရမယ့် အချိန် ရောက်လာပြီ"ဟု စင်ပေါ်က မိန်းကလေးလည်း ရော့ခ် အဆိုကျော်များထက်တောင် သူ့မိန့်ခွန်းက လူတွေကြားထဲ ရေပန်းစားသွားပြီး၊ ဖြူဖြူထွေးသည် ကိုဗစ်ကို အခွင့်အရေးအဖြစ် အသုံးချပြီး၊ လယ်ထွန်စက်များ၊ ပိုးသတ်ဆေးများ၊ ဘက်ထရီများ၊ ဘောများကို ဆိုရှယ်မီဒီယာများတွင် ကြော်ညာ ရိုက်လေသည်။ လူတွေလည်း သေမထူး နေမထူးဟု ဆိုကာ နှာခေါင်းပိတ်များကို မတပ်တော့ဘဲ၊ လက်ဘက်ရည်ဆိုင်များတွင် ပူးပူးကပ်ကပ် ထိုင်လာလေသည်။ လက်ဆေးသူများကို ကြောင်တက်တက် ပြန်ကြည့်လာပြီး၊ လုံခြုံရေးများ မြှောက်လိုက်သော အပူချိန်တိုင်းကိရိယာသည် တဖြည်းဖြည်း လေးလံလာလေသည်။

Comments

Popular posts from this blog

မင်္ဂလာဦးညကို လွန်သော်

ဆယ်တန်း အောင်စာရင်း 2013