မျက်နှာ/ Face

ဒီည လထွက်တယ်။ လခြမ်းကွေးကွေးလေး။ ငါဆိုင်ကယ် မောင်းရင်း မော့ကြည့်မိတော့ က ငါ့ကို ပြုံးပြလိုက်သလိုလို။

ဒီနေ့ မနက် လမ်းထိပ်က အသုဘအိမ် သွားပြီး မွန်းတည့်ဆွမ်း စားတယ်။ အချိန်တွေ တရားလွန် အကုန်မြန် နေသလိုပဲ။

သွေးသားရင်းချာ တစ်ဦး မဟုတ်တဲ့ လူသေမျက်နှာကို အနီးကပ် ဥပမာ သုံးပေလောက် အကွာက ကြည့်ဖူးပါသလား။ ဟိုတစ်နေ့ကပဲ ကိုယ်နဲ့ စကားပြောလိုက်ရတဲ့ လူတစ်ယောက် ဒီညနေ ဆေးရုံမှာ ဆုံးသွားပြီ ဆိုတဲ့ သတင်းစကားမျိုး သင် လက်ခံ ရရှိဖူးပါသလား။ လူတစ်ဦး သေဆုံးပြီလို့ ကြားလိုက်ရတာနဲ့ သင့်ခေါင်းတွေ ချာချာလည်ပြီး ရုတ်တရက် ဦးနှောက် အာရုံကြောတွေ တဒင်္ဂ ကြောင်အသွားတာမျိုး ကြုံရဖူးပါသလား။ အဲလို ဆွေမျိုးသားချင်း ဆုံးပါးတဲ့ သတင်း ကြားပြီးတော့ကော စိတ်ထဲမယ် ထုံတုံတုံနဲ့ တုန်တုန်ယင်ယင်ကြီး ဖြစ်မနေဘူးလား။

တစ်ယောက်ယောက်ကို စိတ်ဆိုးချင်သလိုလို အော်ငေါက်ချင်သလိုလိုနဲ့ ဘာကြောင့်မှန်း မသိ နောက်ဆုံးကျတော့မှ ကိုယ်ဟာ လူသေကို ကြောက်နေတာပါလား ဆိုတာကို သိမြင်လိုက်ရတာမျိုးပေါ့။

ဒါတောင်မှ သင်ဟာ နေ့တိုင်း ကြက်သေတွေ ကိုင်တွယ်ပြီး ချက်ပြုတ်နေရတာတောင်မှ၊ သင့်ပါးစပ်ထဲကို ဝက်သေရဲ့ သကြားလူး အဆီပြန်တစ်တုံး ကိုက်ဝါးနေတာကို သတိ မထားမိတာတောင်မှပဲပေါ့။

သတ္တဝါတွေရဲ့ အသက်နဲ့ ပတ်သက်လာရင် ကိုယ့်ကိုယ်ကို တတ်လှပြီ အထင်နဲ့ အလှူအတန်းမှာ ကြက်သတ်တာ မကောင်းဘူး၊ ဝက်သတ်တာ အပြစ်နည်းတယ်လို့ တရားဟောပြီး ဘုန်းကြီးထက် တလကြီးနေတတ်သူပဲပေါ့နော်။ အလှူ တစ်ခုမှာ ကြက်သားဟင်း ကျွေးဖို့ အတွက် ကြက်တွေရဲ့ အသက် အမြောက်အများ ဆုံးရှုံးရပြီး ဝက်သားဟင်း ကျွေးမယ်ဆိုရင်တော့ ဝက်ရဲ့ အသက်တစ်ချောင်းတည်းပဲ သေမှာ ဆိုပြီး သင့်အလှူ ကျရင်လည်း ဝက်ပဲ ကျွေးဖို့ ကြိုလျာထားသူလားပေါ့။

လွန်ခဲ့တဲ့ သတ္တပတ်ကတော့ အသက် ၇၀ ကျော် အဘိုးကြီး တစ်ယောက် ဆုံးတယ်။ ကွေးသောလက် မဆန့်မီ ဆန့်သောလက် မကွေးမီတဲ့။ လူတွေများ သိသိကြီးနဲ့ မေ့မေ့လျော့လျော့ နေကြတယ်။ သံယောစဉ် အမျှင်တန်းနေရင်းနဲ့ပဲ သေမင်း လာခေါ်ချိန်မတော့ ဘာမှလည်း ပြင်ဆင်ချိန်လေးတောင်မှ မရဘူးလို့ ပြောကြသားနော်။

ငါ သွားတော့ အိမ်ထဲမှာ တလားတစ်လုံး ထားတာ တွေ့တယ်။ မမျှော်လင့်ဘဲ လူသေ မျက်နှာကို ကြည့်ရဖို့ ဖြစ်လာခဲ့တယ်။ ကြည့်ရတော့မယ် ဆိုတာ သိလာချိန်မှာ စိတ်ထဲမှာ အနည်းငယ် တုန်လှုပ်သွားတာပေါ့။ ဒါပေမယ့် သိတယ် မဟုတ်လား။ ကိုယ့်လောက် တရားစာအုပ်တွေ ဖတ်ထားတဲ့ လူ မရှိနိုင်တော့ဘူး။ ဘာဖြစ်ဖြစ်ကွာ၊ လူသေဆို လူသေပေါ့လို့ စိတ်ကို တင်းကာ မကြည့်ရဲ ကြည့်လိုက်ပြီးနောက် လူသေမျက်နှာပေါ်မှာ ရေငွေ့ ပြန်နေတာကို မြင်သွားပါလေတယ်။

အင်းဟင်းဟင်း စိတ်ဆိုးချင်သလိုလို အော်ငေါက်ချင်သလိုလို ဖြစ်လာပေမယ့် အပြတ် တင်းထားပြီး ဘာမှ မဖြစ်သလို နေရတယ်။ အဲဒါကို မြန်မြန် မေ့နိုင်အောင် တခြားဟာတွေ တွေးတယ်။

အိမ် ပြန်ရောက်တော့ စကားတွေ အများကြီး ပြောဖြစ်တယ်။ တရား အကြောင်း ပို ဆွေးနွေးဖြစ်တယ်။ ဘယ်အချိန် ဘယ်နေရာမှာ ငါလည်း ဘယ်လို သေရမှာလဲဆိုတာကိုပဲ စိတ်ထဲ တွေးနေမိတော့တယ်။

မိုးတွေကလည်း စွေပါတယ်၊ စွေပါတယ်။

တီဗွီ အစီအစဉ်တွေက သိပ်ကို ဆွဲဆောင်မှု ရှိနေလို့လားပေါ့။ နေ့စဥ် ငါ့သားလေး သမီးလေး စားစေချင်လို့ ဆိုပြီး အဖေအမေ ပြင်ပေးထားတဲ့ ကြက်၊ ဝက်၊ ဘဲ၊ ဆိတ်၊ နွား၊ ကင်းမွန်၊ ဘဝဲ၊ ငါး၊ ပုစွန်စတဲ့ အသေကောင်တွေရဲ့ အသားဟင်းများက သိပ်ကို အရသာ ထူးခြား မွှေးကြိုင် နေလို့လားပေါ့။

ငါ သေရင်ကော ငါ့သားသမီးတွေက ငါ့ အသုဘမှာ ကြက်ဆီထမင်း ကျွေးမှာလား၊ ဒံပေါက် ကျွေးမှာလား၊ ဝက်သား အာလူး ရောကျွေးမှာလား စိတ်တွေ ကယောက်ကယက် ဖြစ်သွားတယ်။

အခုတော့ ငါ လခြမ်းကွေးလေးလည်း မကြည့်အားတော့ပါဘူးဟာ။ ဘိတ်မြို့မှာတော့ သရဲခြောက်ညတွေ ရှိမက်နေအုံးမှာပါပဲ။ သူ မလာခင် ငါ သူ့ထက် လက်ဦးချင်တယ်။

Comments

Popular posts from this blog

မင်္ဂလာဦးညကို လွန်သော်

ဆယ်တန်း အောင်စာရင်း 2013