ရွှေကံကူ လေပျံသစ်တော် ရုပ်ရှင်တော်မြတ်



ဘုရားရဲ့ ဘွဲ့တော်က ရွှေကံကူ လေပျံသစ်တော် ရုပ်ရှင်တော်မြတ်တဲ့။ ထူးဆန်းတာတော့ ပြောရမယ်ဆိုရင် ဦးနှောက်ထဲမှာ မှတ်မိနေတာက ရွှေကံကူ လေပျံသစ် ရုပ်ရှင်တော်မြတ်တဲ့။ အလယ်က "တော်"တစ်လုံး ပျောက်ပြီး မှတ်မိနေတယ်။

ဒီလထဲမှာ ဘိတ်မြို့ပင့်လာတယ်၊ မျက်လုံးတော် ပွင့်တယ် ကြားရလို့ မိဘတွေနဲ့ အတူ သွားဖူးမျှော်ပါတယ်။ ဘုရားက အိမ်ပေါ်ထပ်က ကျောင်းဆောင်ရှေ့မှာ နောက်ထပ် ကျောင်းဆောင်ငယ် တစ်ခုနဲ့ အပူဇော် ခံထားတာ တွေ့ရတယ်။ ဦးသုံးကြိမ်ချ ဖူးမြင်ပြီးနောက်မှာ အနီးရှိ အမျိုးသမီး တစ်ယောက်ကို အနီးကပ် ဖူးခွင့်တောင်းပြီး ဘုရားနား တိုးကပ် ကြည့်တဲ့အခါ မျက်လုံးတော် ပွင့်သလား မှိတ်နေလားဆိုတာ မသဲကွဲဘူး ဖြစ်နေတယ်။ အဖေက ပိုဆိုးတယ်။ နဂို မျက်စိမမြင်သမားဆိုတော့ အဖြေ မပေးနိုင်ဘူး။ မျက်လုံးတော်က မနေ့က ခဏပဲ ပွင့်ပြီး ပြန်မှိတ်သွားတာပဲလို့ မှတ်ရတော့မယ်။ ဓာတ်ပုံ တစ်ပုံ ရိုက်ယူလိုက်တယ်။

ပြန်အဆင်း အိမ်ရှေ့မှာ ဆိုင်ကယ်ပေါ် တက်နေတုန်း သတင်းကြားရလို့ ဘုရားလာဖူးဟန် တူတဲ့ ဆိုင်ကယ်သုံးစီးနဲ့ လူငယ်ခြောက်ယောက်ကို တွေ့တယ်။ လူငယ်အုပ်စု ဘုရားဖူးတာက မဆန်းဘူး။ ဆန်းနေတာက အားလုံး ဘောင်းဘီ ဝတ်ထားတာပဲ။ မြန်မာ့ ရိုးရာ ယဉ်ကျေးမှုနဲ့ မလျော်သလို ခံစားရပြီး ၎င်းတို့ပုံစံတွေက အမြင်မတော် ဆင်တော်နဲ့ခလောက် ဆိုသလို ဖြစ်နေကြတယ်။ ဒါပေမယ့် အဲဒီအိမ်က ဘုရားပေးဖူးလိုက်ကြတယ်။ ငါ့အမြင် မပေးဖူးသင့်ဘူး၊ အိမ်အရင်ပြန် လုံချည်လဲပြီးမှ ပြန်လာဖူးဆိုပြီး မြန်မာ့ယဉ်ကျေးမှုကို နားလည်အောင် ပြောပြလိုက်ရမှာ။

ငါလည်း တပြက်ပဲ ကြည့်ပြီး ပြန်လာတာဆိုတော့ နောက်ပိုင်း ကိစ္စ မသိတော့ဘူး။

အခုခေတ်မှာလည်း မြင်တဲ့အတိုင်း ဘုရားကျောင်းကန် စေတီတွေမှာ လုံချည် ထဘီနဲ့ ပျိုပျိုအိုအိုကို တွေ့ရလား၊ ဂျင်းတွေ စတိုင်တွေနဲ့ လူရွယ်သက်ကြီးတွေပဲ အများဆုံး တွေ့နေရတာ မဟုတ်လား။ ဘုရားစေတီရင်ပြင်တော်ပေါ်မှာ ဘောင်းဘီ စကပ် မဝတ်ရဘူးလို့ တားမြစ်ချက်ကို မနှစ်သက်တဲ့သူ ရှိကောင်း ရှိနိုင်ပါတယ်။ အဲလို ယူဆတဲ့သူကိုလည်း တစ်ချို့ကိုတော့ နားလည်ပေးလို့ ရနိုင်ပါတယ်။ ဘာကြောင့် နားလည်ပေးလို့ ရနိုင်တာလည်း ဆိုတော့ တစ်ချို့က ကိုယ်နှုတ်စိတ် သုံးပါးမှာ အပြစ် အရှိဆုံးက စိတ်နှလုံးလို့ ခံယူလို့ ဘုရားပေါ်မှာ ဖြူစင်တဲ့ စိတ်ထားနဲ့ မရိုမသေ မလေးမစား မလုပ်တာမျိုး မဟုတ်ဘဲ အတွင်းစိတ်ထဲမှာ လှိုက်လှိုက်လှဲလှဲ ကြည်ညိုလို့ ဘုရားနား လာရင် ဘာပဲ ဝတ်ဝတ် လာလို့ ရတယ်။ အပြင်ပန်း မကြည့်ဘူး။ အတွင်း စိတ်မနောပဲ ကြည့်တယ်ဆိုတဲ့ လူမျိုးလည်း ရှိတယ်။ တိုက်ပုံ လုံချည် ဝတ်ပြီး အတွင်းစိတ်မှာ ကောက်ကျစ်ပြီး စိတ်ညစ်ထေးနေတဲ့ လူတွေလည်း တစ်ပုံတစ်ခေါင်းပဲလို့ တစ်ယောက်ကလည်း ထောက်ပြတယ်။ တစ်ချို့ကလည်း ဘုရားကို စိတ်ထဲက တကယ် ကြည်ညိုလေးစားသူ မှန်ရင် ဂျင်းတို့ ဘောင်းဘီတို့ ပေါင်ကွဲတို့ ဝတ်လာပါ့မလားလို့ ပြောကြတယ်။

ဘာပဲပြောပြော အခုခေတ်မှာက အယူအဆအမျိုမျိုး ဝိဝါဒတွေ ကွဲပြားနေလေတော့ အားလုံးက ကိုယ်ယူဆတာသာ မှန်တယ်လို့ပဲ လုပ်နေမှာပဲ။

ဒါပေမယ့် ဗုဒ္ဓဘာသာဝင် သူတော်စင် အပေါင်းတို့ရဲ့ စိတ်နှလုံးသားထဲမှာတော့ ဗုဒ္ဓဘာသာသာနာတော်ကြီး တိုးတက်ထွန်းကား စည်ပင်ပြန့်ပွားတာကိုပဲ မြင်လိုတယ် ဆိုတာတော့ ယုံပါတယ်။

ရွှေကံကူ ရုပ်ရှင်တော်မြတ်လည်း ဘိတ်မြို့မှာ သိပ် အပူဇော် မခံဘူးလား မသိပါ။ ငါတို့ သွားဖူးပြီး အွန်လိုင်းမှာ သူငယ်ချင်းတွေကို သတင်းပေးတော့ တစ်ချို့က ငါ သွားဖူးတာ မတွေ့တော့ဘူး၊ သူများ ပင့်ဆောင်သွားတယ်တို့၊ ပြန်ပဲ ကြွသွားပြီတို့ အမျိုးမျိုး ပြောနေကြတာကို ကြားရတယ်။ အဲတော့မှ ငါဖူးလိုက်တာ အချိန် မီရုံလေးပါလားလို့ သိလိုက်ရတာပေါ့ခင်ဗျ။

Comments

Popular posts from this blog

မင်္ဂလာဦးညကို လွန်သော်

ဆယ်တန်း အောင်စာရင်း 2013