သေခြင်းတရား

သေခြင်းတရားသာလျှင် လောက၌ အဆုံး ရှိသည်။ လူတိုင်း တစ်နေ့ သေရမည် အမှန် ဖြစ်သည်။ မသေခင် အနိစ္စ ဒုက္ခ အနတ္တ ဆိုတာ ဘာလဲ ပိုင်ပိုင် သိသွားဖို့သာ လိုပေသည်။

သေရမည့်မှန်း လူတိုင်းပင် သိကြသော်လည်း မေ့မေ့လျော့လျော့ နေထိုင်ပြီး လူ့ဘဝ ဇာတ်ခုံပေါ်ဝယ် မမောနိုင် မပန်းနိုင် သူ့ထက်ငါ အလုအယက် ကပြ အသုံးတော်ခံ နေချိန်မှာပင် ဖျတ်ခနဲ သေမင်း ခေါ်ရာ နောက်သို့ ကောက်ကောက်ကြီး လိုက်ပါသွားရလေလျှင် ကိုယ့်နောက်သို့ အဘယ်သူ လိုက်ပါမည်နည်း။

အားလုံး သိပြီးသား တရားကျစကား ပြောရပါက ကိုယ့်နောက်သို့ ကိုယ် ချစ်မြတ်နိုး လှပါသည် ဆိုသော ကိုယ့် မိခင် ဖခင် ညီအစ်ကို မောင်နှမ ဆွေမျိုး မိတ်သင်္ဂဟ ဘယ်သူ တစ်ဦးတစ်ယောက်မှ မလိုက်ချေ။ လိုက်သည်ကား ယခု ဘဝ မိမိ ပြုခဲ့သမျှ ကောင်းမှု မကောင်းမှု ကုသိုလ် အကုသိုလ်သာ ဖြစ်သည်။ သေသွားသူသည် သုံးဆယ့်တစ်ဘုံ တစ်ဘုံဘုံသို့ ချက်ချင်း လျင်မကြာ ရောက်ရှိ ဝင်စားနေသည်မှာ မှန်သော်လည်း ၎င်းကို လူတို့ အစွမ်း မရှိ၍ မသိနိုင်။ လူတို့ စွမ်း၍ သိနိုင်သမျှမှာ ယခု လက်ငင်း မျက်မှောက်တွင် ကိုယ့်ရှေ့၌ စကားမပြောဘဲ ငြိမ်သက်စွာ လဲလျောင်းနေသော သက်မဲ့ ခန္ဓာကိုယ်ပင် ဖြစ်လေသည်။

အဘယ်မျှ ကြောက်လန့်ဖွယ် ကောင်းပါသနည်း။ နေ့တစ်နေ့၏ အစတွင် မသေရသေးမှန်း သိ၍ စိတ်သက်သာရာ ရသော သူလို နေ့စဉ်နေ့တိုင်း သေခြင်းတရားကို စဉ်းစား ဆင်ခြင်ရမည်။ ရှင်နေစဉ်က ဤခန္ဓာကိုယ်ကြီးကို အသုံးပြု သွားလာခဲ့သမျှ၊ ဤပါးစပ်ဖြင့် ပြုံးပျော် ရယ်မော ချစ်မုန်းစကား ဆိုခဲ့သမျှ၊ ဤမျက်လုံးဖြင့် ကြည့်ခဲ့သမျှ စသည်စသည် တို့သည် သေပြီ ဆိုတော့ကာ တုတ်တုတ်ပင် မလှုပ်ပါတကား။ ချစ်မုန်းစကားလည်း မဆိုနိုင်တော့။ ချစ်သူ မုန်းသူ အကုန် ထ မကြည့်နိုင်။

သူကား အလျင် သွားလေပြီး သံသရာထဲမှ ရုန်းမထွက်နိုင်လျက် ထပ်ဖန် တလဲလဲ ကျင်လည်နေရသလို ကိုယ်လည်း ဘယ်တော့လဲ။ သူသူငါငါတွေ ဤသို့ပင် မေ့မေ့လျော့လျော့ သွားကြသည့် အထဲ ကိုယ်လည်း လိုက်ပါလျှင် အဆုံးကြီး ဆုံးလိမ့်မည်တည်း။

နေ့စဉ်သတင်းစာ၏ နာရေးကြော်ငြာများက လူတွေ သေခြင်းတရားနှင့် စက္ကန့်မလပ် ကြုံတွေ့နေရကြောင်း သတိပေး ဖော်ပြနေပေသည်။ ကျွန်ုပ်တို့ အမည်သည် ဘယ်အချိန်လောက် ပါလာမည်ကို သိပါသလား။

ကားလမ်းကို ဖြတ်ကူးလိုက်ချိန်ဝယ်၊ အအေးဆိုင်တွင် သူငယ်ချင်းများနှင့် အအေး ထိုင်သောက်နေချိန်ဝယ်၊ အလွန် ကြိုက်သော ဝက်သားဟင်းနှင့် ထမင်း စားနေချိန်ဝယ်၊ သေမင်းဟု တင်စား ခေါ်ဝေါ်သော သေခြင်းတရားကား နောက်ကျော၌ နီးကပ်လျက် ရှိသည်။

သင် နှစ်သက်သည့် စာရေးဆရာ၏ စာအုပ်ကို ဖတ်နေချိန်ဝယ်၊ သူများ အကိုင်မခံသည့် ဈေးကြီးလှသော အိုင်ဖုန်း အိုင်ပက်ကို သင် တစ်ဦးတည်း စွဲစွဲလန်းလန်း သုံးနေချိန်ဝယ်၊ 4G လိုင်းဖြင့် အင်တာနက် သုံးချင်လွန်း၍ စိတ်ကူးယဉ်နေချိန်ဝယ်၊ အယုတ်ဆုံး ယခု ဤစာကို ဖတ်နေသည့် မျက်မှောက် အချိန်ဝယ် သင်သည် မလှုပ်မယှက် ဖြစ်သွားနိုင်သည်။ နည်းပညာခေတ်တွင် ရုပ်ဝတ္ထု တိုးတက်မှုနောက် အမီ လိုက်နေကြရသော ကျွန်ုပ်တို့ လူသားများသည် ကာမ တဏှာ ရာဂတို့ဖြင့် နေပျော်လှသော ပုထုဇဉ်ဘဝတွင် ပို၍ပင် မအိုလို၊ မနာလို၊ မသေလိုပင် ဖြစ်လာကြချေပြီ။

အို အမျိုးကောင်းသားတို့

တဏှာရာဂဖြင့် ပိတ်ဖွဲ့ နှောင်ချုပ်တတ်သော ဇာတိ မရဏကို ဉာဏ်မျက်စိဖြင့် ကြည့်မြင်နိုင်အောင် ကြိုးစားလော့။

ချစ်ခင်နှစ်သက်သော သူတို့နှင့် ကွေကွင်းရခြင်းကို ကြိုတင်ကာ သည်းခံနိုင်စွမ်း ရှိလေအောင် အားထုတ်လော့။

အမိအဖတို့ ကွယ်လွန် ဆုံးပါးသွားမှ နောင်တ တစ်ဖန် မရအောင် အမိအဖတို့ စကားကို ပစ်ပယ်ခြင်း မပြု၊ ရှိစဉ် ကောင်းမွန်စွာ လုပ်ကျွေးလော့။

အမိအဖတို့ စကားကို နားထောင်သည်နှင့် အညီ ဘုရားရှင်တော်၏ စကားတော်ကို နားထောင်သည့် အနေဖြင့် တရားဓမ္မ၌ တတ်သိ လိမ္မာအောင် ကျင့်ကြံလော့။

ဤသို့ ဆိုလျှင် လောကဓံ ရှစ်ပါး တရားနှင့် ရင်ဆိုင် ကြုံတွေ့လာပါက မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ ကြံ့ကြံ့ ခံနိုင်ပြီ။

သေခြင်းတရားနှင့် အချိန်မရွေး ရင်ဆိုင်ရသော်လည်း မလှုပ်မတုန်ပြီ။

ထို့ပြင် အဆုံးစွန်သော ဘဝဝယ် သမုဒယ၌ အဝိဇ္ဇာ တဏှာကို ပယ်စွန့်ပြီး၍ ဆင်းရဲကင်းရာ အာသဝေါ ကုန်ခန်းရာ မြတ်နိဗ္ဗာန်သို့ ရောက်ရှိမည် ဖြစ်သတည်း။

Comments

Popular posts from this blog

မင်္ဂလာဦးညကို လွန်သော်

ဆယ်တန်း အောင်စာရင်း 2013