အဆင်မပြေခြင်း


တစ်နေ့က အင်တာနက်တွေ လိုင်းကောင်းတဲ့ အချိန်တုန်းက ဝက်ဘ်ဆိုက် လျှောက်ကြည့်ရင်း Alison.com ကို ရောက်သွားပါတယ်။ Free Online Learning Website လို့ ညွန်းထားတော့ ဝမ်းဝမ်းသာသာနဲ့ မင်ဘာ ဝင်လိုက်ပါတယ်။ သူ့မှာ ပြထားတာကလည်း စုံလင်တယ်၊ အနောက်တိုင်းက ကျောင်းတွေမှာ ခေတ်နဲ့အညီ ပြဌာန်းတဲ့ ပုံနှိပ်ဖတ်စာအုပ်တွေ ပြန်တင်ပေးထားတာရယ်၊ ဘီစီက ထုတ်တဲ့ အင်္ဂလိပ် အလယ်ဆင့် (Intermediate) စာတွေ မြင်ရတာရယ် စိတ်ဝင်စားသွားပြီး၊ လေ့လာချင်စိတ် ပြင်းထန်သွားပြီး ဝင်လိုက်တဲ့ မင်ဘာ၊ ညပိုင်းမှာ ငါရဲ့ အားလပ်ချိန်လေး ကုန်ဆုံးသွားရော
နောက်တစ်နေ့ အင်တာနက် မသုံးဖြစ်ဘူးနဲ့ တူတယ်။ သုံးလေးရက်လောက် ကြာတော့ ပြန်ဝင်တယ်။ အလိုင်ဆန်ကို သတိရလို့ ပြန်ဖွင့်လိုက်ပြီးမှ လျှို့ဝှက်နံပါတ် မေ့နေပါပြီ။ ဒါနဲ့ ပြန်တောင်းရပြန်တယ်။ အလိုင်ဆန်ကလည်း အတည်ပြုချက် ပြန်တောင်းတယ်။ အရေးထဲမှာ ဂျီမေးလ်ကလည်း ဖွင့်ကြာနေတယ်။ အချိန်တွေ ကုန်သွားပါသော်ကော။ ဟုတ်ပါပြီ။ အလိုင်ဆန်ထဲ ရောက်လာပါတယ်။ ကဲ ကိုကို ဘာများ လေ့လာရင် ကောင်းမလဲ၊ လျှောက်ကြည့်ပါတယ်။ နောက်ဆုံးပိတ် အင်္ဂလိပ်စာ Intermediate 1 ကို ရွေးလိုက်ကာ ယူနစ်တူးကို ဖွင့်ကြည့်ပါတယ်။ ဟောဗျာ… လိုင်းမကောင်းလို့ပဲလား ဝက်ဆိုက်ကပဲ ညံ့နေတာလား မသိဘူး စာသားတွေ မပေါ်ဘဲ ကွန်ရက်ယွင်း (Network Error) ပြနေပါပြီဆိုတော့ စိတ်လည်း တော်တော်လေသွားတယ်။ ဒါနဲ့ စိတ် မလျှော့လိုက်နဲ့ဦး။ နောက်ထပ် အဆင်ပြေမယ့် နည်းလမ်း တစ်ခု ရှာဦးမှပဲလို့ တွေးပြီး စာမျက်နှာထဲမှာ အကုန် လိုက်ဖတ်ကြည့်ပါတယ်။ ဒေါင်းလို့ ရမယ့် စာအုပ်မှာ တစ်အုပ်အုပ် တင်ပေးထားလားလို့ပေါ့။ အဲဒီမှာ စာသားတစ်ကြောင်း သွားဖတ်မိပါတယ်။ (အွန်လိုင်းကနေပဲ လေ့လာရန် ဒေါင်းလို့ မပေးထားပါ) တဲ့ဗျာ
စဉ်းစားတယ်။ အင်တာနက်ကြီး လိုင်းကောင်းမှပဲ အွန်လိုင်း အင်္ဂလိပ်စာ ဖတ်ရတော့မယ်ပုံ ပေါက်နေပြီ။ ဘယ်လို လုပ်မလဲ။ ငါတို့ ခေတ်နဲ့အမီ ရင်ပေါင်တန်း လိုက်မနိုင်တော့ပြီလား။ သူများတကာတွေ ကလေးကအစ ကံကောင်းခြင်းတွေ ရနေတာ (ငယ်ငယ်လေးနဲ့ Iphone Ipad Ipod ကိုင်တာ) ကိုယ်တို့မှာ ဖန်စီ နည်းနည်းလေးတောင်မှ မရှိဘူး။ စာပေတွေကို မြူးမြူးကြွကြွ လေ့ကျင့်ဖို့ရာ လေးဘက်လေးတန်က သိပ်သည်းဆများတဲ့ လေထုနဲ့ ဖိသွင်းတာ ခံရသလိုပဲ။ အီလည်လည် ထိုင်းမှိုင်းမှိုင်းကြီး။ လေးကန်ကန် ပေါ့ပျက်ပျက်ကြီး။ အဖေအမေ ဆုံးမမှု မကောင်းလို့ လေလွင့်နေတဲ့ ကလေးရုပ်နဲ့။ ပြောကြတယ်။ သားသမီး မကောင်း မိဘခေါင်းတဲ့။ လူတွေဟာတဲ့ ကိုယ်ကျိုးအတွက်ပဲ ကြည့်ကြတယ်။ အတ္တနဲ့ လူလူချင်း ဆက်ဆံတယ်။ ဒါလေး ဖယ်လိုက်တော့ရော ဘာဖြစ်သွားမလဲ။ ဒါလေး ဖယ်ဖို့ရာ သိပ်ဝန်လေးသလား
ချမ်းသာတဲ့ လူက သိပ်သိပ်ချမ်းသာ။ ဆင်းရဲတဲ့ လူက ပြတ်ပြတ်ဆင်းရဲ။ လူတန်းစား တဝ ကွာဟနေခြင်း။ အပြင်ပန်းက ကြည့် သိပ်မသိ။ တစ်ပြည်တည်း ပြောနေတာ မဟုတ်။ အပြည်ပြည် ပြောနေတာ။ သွားကြည့် အကုန်သိ။ ပြန်လာပြီး မေးနေစရာကို မလို။ ကိုယ့်ခေါင်းကိုယ်ချည်း လက်ညှိုး ထိုးစရာ မလိုအပ်။ ကိုယ့်ကိုယ်က ပုပ်နေတာ ဆိုတော့ ခေါင်း မပုပ်လည်း ပုပ်ပဲ။ ခေါင်းပုပ်လို့ ကိုယ်ပုပ်တာလား၊ ကိုယ်ပုပ်လို့ ခေါင်းပုပ်တာလား။ လူတိုင်း စဉ်းစားသင့်ပြီ။ ခေါင်း ဖြတ်ပစ်လိုက်ရင် ကိုယ်လည်း အလိုလို ပြတ်သွားကရော။ အားလုံးက ဆက်နွယ်နေတာပဲ။ 

Comments

Popular posts from this blog

မင်္ဂလာဦးညကို လွန်သော်

ဆယ်တန်း အောင်စာရင်း 2013