ပြုန်းတီးသွားသော ဝါးပင်များ

လူတိုင်းလူတိုင်း မနက်မိုးလင်းအိပ်ရာထသည်မှစကာ ညအိပ်ရာဝင်သည်ထိ မနားတမ်း တွေးနေသော အတွေးလုံးများကို စကားလုံးများအဖြစ်သာ စာစီပြီး စာအုပ်ထုတ်ရမည်ဆိုလျှင်၊ ကမ္ဘာပေါ်ရှိ ဝါးပင်မှ ရသော စက္ကူများပင် လုံလောက်လိမ့်မည်မဟုတ်ဟု ကျွန်ုပ်တွေးနေခြင်း ဖြစ်သည်။ တဖန် မပြောထုတ်ဘဲ တွေးတောနေသည်နှင့် ပြောထုတ်လိုက်သော စကားလုံးများတွင် မည်သည့်ဘက်က ပိုများလိမ့်မည်နည်းဟု တွေးတောမိပြန်သည်။ အိပ်ရာဝင် အိပ်မပျော်သူများကို ထည့်တွက်မထားပါ။ အိပ်မပျော်သော ညတာသည် ရှည်လျားလှသည်။ မိုးရက်များကို တရွေ့ရွေ့ ကုန်လွန်သွားပြီးသည့်နောက်၊ ဆောင်းဦး ပေါက်ချိန် ရောက်လာသည်။ ညကျလျှင် အိပ်ခန်းပြတင်းပေါက်ကို ဖြတ်လျက် လေအေးများ စိမ့်ဝင်လာပြီး၊ ရှစ်လလုံးလုံး ကိုယ်မကပ်သော စောင်သည် ယခုမူ ကိုယ်ပေါ် ကပ်နေလေပြီ။ မြန်မာပြည်၏ ရာသီဥတုသည် နဂိုပူ ဖြစ်သည်။ အပူပိုင်းဒေသထဲ ပါဝင်သော မြန်မာပြည်သည် ပူပန်ရမည့် ကိစ္စတွေက များမြောင်နေသည်။ အောင်လအင်ဆန်း မမျှော်လင့်ဘဲ ရှုံးသွားသည်။ ထိုအခါ မြန်မာပြည်၏ ညသည် တိတ်ဆိတ်သွားသည်။ နဂိုက တိတ်ဆိတ်နေသည့်အထဲ ထပ်မံ တိတ်ဆိတ်သွားသည်။ "ခါးပတ်ပြန်ရမှ မြန်မာပြည် ပြန်လာမယ်"။ ဤပုံအတိုင်းဆို သူ မြန်မာပြည် လာတာ အတော် စောင့်ရမည့်ပုံပါ။ သူလာလည်း ကျွန်ုပ်နှင့် တွေ့ဆုံရသည်မဟုတ်၍ သူ လာလာမလာလာ၊ အလုပ်လည်း မဟုတ်ပါ။ လက်ဝှေ့ပွဲပြီး နောက်တနေ့နံနက်ခင်းတွင် ပြောဆိုကြသော စကားဝိုင်းသည် အောင်လအင်ဆန်းအကြောင်းသာ ဖြစ်သည်။ ဈေးကဝယ်လာသော ခေါက်ဆွဲကို ပန်းကန်ထဲ ထည့်စားရင်း ကြိတ်မနိုင်ခဲမရ စားမြုံ့ပြန်ကြသည်။ ဒေါမနဿ ဖြစ်ကြသည်။ ပြီးတော့လည်း ပြီးသွားသည်။ ခေါက်ဆွဲ စားပြီးလျှင်၊ ခေါင်းထဲ ဘာမှ မရှိတော့။ ကျီးကန်းတွေက လူတွေအကြောင်း နားထောင်နေသည်။ တအားအား အော်လိုက်သေးသည်။ အိမ်မြှောင်တွေက မျက်စိနှစ်လုံး ပြူးကာ ကြည့်နေသည်။ ဘဝသည် အဓိပ္ပာယ်မရှိသလိုပင် ခံစားရသည်။ 

နောက်ဆက်လာသော နေ့ရက်များတွင် လူတွေက ရွေးကောက်ပွဲကိုသာ အာရုံစိုက်ကြသည်။ ရွေးကောက်ပွဲနှင့် ပတ်သက်သည်များသာ ပလူပျံအောင် ပြောလာ၊ ရေးလာ၊ ဖတ်လာကြသည်။ မတရားမှုများ တွေ့လျှင် ကျီးအာသလို အာကြသည်။ လူမှုကွန်ယက်များကြောင့် ထိုအသံများသည် ပို၍ ကျယ်လောင်သည်ကဲ့သို့ ခံစားရသည်။ လူတွေ ခံစားနေရသည်များ၊ ဖြစ်ပျက်ကြုံတွေ့နေရသည်များ အကွက်အကွင်း မြင်လာရသည်။ ကျီးကန်း၏ မည်းပြောင်နေသော မျက်လုံးအစုံသည် လူတွေနှင့် တူလာသည်။ တလက်လက်ထနေသော ခြေသည်းများက ကုတ်မည် ဆွဲမည် တကဲကဲ။ အချိန်နှင့် ဒီရေသည် လူကို မစောင့်သကဲ့သို့၊ ကျွန်ုပ်နှင့် ငယ်ရွယ်ခြင်းသည်လည်း လားလားမျှ မအပ်စပ်တော့ချေ။ ခေတ်မီသော ကားများ တင်သွင်းခွင့်ရရေး အဆိုများ ပျောက်ကွယ်သွားသည်။ ဟာသများ ဗုံးပေါလအော ထွက်လာသည်။ တနင်္သာရီတိုင်းဒေသကြီးတွင် လွှတ်တော်အစည်းအဝေးများ၌ အဆိုလုံးဝ တင်သွင်းခြင်း မရှိသူ လွှတ်တော်အမတ် တဦး ရှိသည်ဟု ပြောင်ကြသည်။ ထိုလွှတ်တော်အမတ်၏ ပုံကိုလည်း လူမြင်အောင် ဖော်ပြကြသည်။ မြင်သည့်အခိုက် ကနဦး ရယ်မိသည်။ နောက် သနားမိသည်။ ခေတ်ကိုပဲ အပြစ်ဖို့ချင်သည်။ ကြုံတွေ့ရသည့် အဖြစ်သနစ်များက လူကောင်းမတော်၊ လူတော်မကောင်း ဖြစ်ရသည်မလား။ လူမှန်နေရာမှန် ချထားမိသလား ဆိုသည်က လူကို နေရာမှာ ချထားကြည့်မှ သိရသည့်အဖြစ်ပဲလေ။

ပျက်အစဉ် ပြင်ခဏ ဆိုသော စကားပုံကို ဉာဏ်ရွှင်သူများက ပြင်လည်းခဏပဲ၊ အစဉ်အမြဲ ပျက်နေသည်ဟု တဖန် တီထွင်ပြီး ပြောကြသည်။ တွေးလုံးများကို အိုင်ဒီယာအသစ်ဖြင့် ဆန်းသစ်တီထွင်လိုက်သည် ဖြစ်၍ ဦးနှောက်ထဲလည်း ပြောင်းပြန်လှန်သွားသကဲ့သို့ ခံစားရသည်။ စဉ်းစားလေ၊ ရယ်ရလေ စကားပုံ ဖြစ်သည်။ ထို့ကြောင့် ပျက်အစဉ် ပြင်ခဏ စကားပုံကို သုံးမိသည့်အခါတိုင်း၊ နောက်ဆက်တွဲ ပြင်ခဏ ပျက်အစဉ်ဟု ပြောင်းပြန် ပြန်တွေးမိသည်။ ပြင်သူက ပြင်နေသော်လည်း၊ ဖျက်လိုဖျက်ဆီး လုပ်ချင်သူများကလည်း ဒုနှင့်ဒေး။ ဒေးနှင့်ဒု။ ဖုန်တက်နေသောအိမ်များသည် သန့်ရှင်းရေးသမား ကောင်းကောင်းလိုသည်။ ၎င်းပြင် အချိန်လည်း ကောင်းကောင်းလိုသည်။ နေဝင်ခါနီးတွင် သတ်ပုံများ ဖတ်ရာတွင် မမှန်ကန်သော်လည်း ကျွန်ုပ် မရယ်မိပါ။ ကျွန်ုပ် သနားသည်။ ချစ်ခင်ကြင်နာသော စိတ်ထားဖြင့်သာ ကမ္ဘာကို အုပ်စိုးလိုသည်။ လူအချင်းချင်း ချစ်ခင် ကြင်နာကြ၍ သဟဇာတ ဖြစ်အောင် နေထိုင်နိုင်ကြမည်ဆိုလျှင် အဘယ်မျှ ကောင်းမည်နည်းဟု အီကြာကွေး တချောင်းကို ကိုက်ရင်း တွေးလိုက်သည်။ ခွေးညိုက သူ့ကို ပစ်ကျွေးမည်လားဟု ငံ့လင့်ရင် အိမ်ရှေ့တွင် ခွေနေသည်။

ကမ္ဘာကြီးကို ဖျားနာနေသော လူနာတယောက်အဖြစ် စာနယ်ဇင်းများက ဖော်ကျူးကြသည်။ လိမ္မော်သီးသည် ချဉ်ပြီး၊ ပန်းသီးသည် ချဉ်သော်လည်း လိမ္မော်သီးလောက် မချဉ်ပါ။ တနှစ်တခါ ပုံမှန်သီးခဲ့သော သရက်ပင်ကြီး တပင် ပျောက်သွားသည်ကို ပြန်သတိရနေသည်။ စိမ်းလဲ့သော အရိပ်အာဝါသများ ပျောက်ကွက်သွား၍ ပြန်လည် လိုချင် တမ်းတမိသည်။ အခုအခါ ချယ်ရီပင်များ စိုက်ထားသည်။ ချယ်ရီသီးများ သီးနေလေပြီ။ ဈေး၌ ပြန်ရောင်းရာ တရက်လျှင် တထောင် နှစ်ထောင်ခန့် ရသည်။ ခြံထဲတွင် သစ်ပင်များ မျိုးစုံ ပေါက်နေသည်။ မြက်ပင်များကို ကျွန်ုပ်မလိုချင်၊ မလိုချင်သော်လည်း အပြိုင်းအရိုင်းပဲ ပေါက်နေသည်။ အားသည့် တခေါက် နှစ်ခေါက် သွားနုတ်သေးသည်။ ပြန်ပေါက်လာပြန်သည်။ လက်လျှော့ချင်သည်။ မြက်နုတ်စက်လိုနေသည်။ မြက်နုတ်စက်လာလျှင် ခြံလည်း အတော်လှသွားမည် ထင်သည်။ ပတ်ဝန်းကျင်ကလည်း အမြင်လှသွားမည်။ အခုမှာ မြွေထွက်လာမှာပင် စိုးရိမ်နေရသည်။ ကံပစ်ချရာ ကျွန်ုပ်သည် အခု မြိတ်မြို့မှာ မွေးဖွားနေသည်။ မွေးဖွားလာပြီး၍ နေထိုင်သည်။ အသက်ကြီးလာသည်။ နာရီလက်တံတွေ နာရီဖန်သားပြင်အောက်ဝယ် ဆုံလည်နွားလို တောက်တက်တောက်တက် ပြေးနေသည်။ ငြီးငွေ့သည်။

လူတွေ ဦးနှောက်မရှိကြချေ။ ငြီးငွေ့တာကြောင့်လည်း ဖြစ်မည်။ ဘာအလုပ်မှ မရှိလျှင် မနေတတ် မထိုင်တတ်၍လည်း ဖြစ်မည်။ မိမိပါတီ နိုင်ပြီးလား ကျိန်းသေပြီးလား။ ကော်မရှင်ကတောင် မကြေညာရသေးဘဲ လမ်းမပြင်မှာ ဆောင်းဘောက်အကျယ်ကြီး ဖွင့်ပြီး၊ ကားတန်းလှည့်နေလေပြီ။ အင်း၊ ဒီမိုကရေစီနှင့်ပင် မတန်ကြသေး။ မဟုတ်။ ဒီမိုကရေစီဆိုတာ ဘာမှန်းကော ဂဃနဏ သိကြသေးရဲ့လား မသိချေ။ ဒီမိုကရေစီ ရပြီဆိုပြီး၊ လမ်းမပေါ် ဆေးရိုးတက်လှန်းတာမျိုး မဖြစ်အောင် ဗိုလ်ချုပ်မှာထားသည်ကိုလည်း နားလည်ပုံ မပေါ်ချေ။ မဲဆွယ်ကာလတုန်းကလည်း မရယ်ချင်ပါဆိုသည်မှ ရယ်ရအောင် လုပ်နေကြပုံမှာ မဲဆွယ်ကားပေါ်မှနေ၍ မိမိဖွားဖက်တော်ကို ပုဆိုးလှန်ပြသည်လည်း ရှိသည်။ ဤသည် ဒီမိုကရေစီလား။ သို့မဟုတ် ဒီမိုကရေစီရရန် ဤသို့ လုပ်ကို လုပ်ရမှလား။ နားအူလောက်အောင် အသံတွေက ဆူညံနေသည်။ မိမိသွားရာ လမ်းတလျှောက်ရှိ အိမ်များ လူများကို အားကော နာကြပါရဲ့လား။ သက်ကြီးရွယ်အိုများ နှလုံးလန့်ရသည်မှာ ကောင်းသော အပြုအမူမှ ဟုတ်ရဲ့လား။ လူဆိုသည်မှာ မိမိလုပ်သည်ကမှ အမှန် ထင်တတ်သည့် အမျိုးလား။ ဆင်ခြင်တုံ့တရားများ အဘယ်နေရာသို့ သွားထားလိုက်ပါသနည်း။ မည်သည့်ခေတ်ကိုပဲ ရောက်ရောက် ဦးနှောက် မရှိသူများ လုပ်သည်ကို သည်းခံနေရသည်မှာ အကျင့် ဖြစ်နေရသည်။

စာအုပ်ဖတ်ခြင်းသည် ပျော်ရွှင်ခြင်း တမျိုး ဖြစ်သည်ဟု ပညာရှိများက ဆိုသော်လည်း၊ ပစ္စက္ခ လူများသည် စာအုပ်နှင့် ဝေးနေသည်မှာ အတော်ပင် ကြာသွားပြီ။ သူတို့၏ အောင်နိုင်မှုအတွက် ပျော်ရွှင်မှုသည် တဒင်္ဂလား၊ ထာဝရလား။ အွန်လိုင်းသင်တန်းများ မှိုလို ပေါက်လာပြီး၊ ဥပဒေများက နောက်က လိုက်လာသည်။ ပျော်ရွှင်မှုကို ကိုယ်ကာယအပြင်ဘက်၌ လိုက်လံ ရှာဖွေနေသူများသည် ဂဏာမငြိမ်ဘဲ မျောက်အုန်းသီး ရသလို ဖြစ်နေသည်။

စကားလုံးများ ပြင်းပြင်းထန်ထန် ပြောခဲ့ကြသည်။ အဆင်အခြင်မဲ့ ပါးစပ်မှ ရုတ်တရက် ပျံထွက်သွားသော စကားလုံးများကို ပြန်ဖမ်း၍ မမိတော့ချေ။ အခြားလူတယောက်၏ နားမှတဆင့် သူ၏ နှလုံးသားထဲ သွားစိုက်နေပြီးနောက်၊ ပျောက်ပြယ်သွားသည်။ သို့သော် စကားလုံးများကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာ နက်နက်များသည် နှလုံးသားဝယ် ထင်ကျန်နေရစ်သည်။ ထိုအခါ နာကျင်သည်။ ပြောသူကော၊ အပြောခံရသူကော အလွန်ပင် နာကျင် ခံခက်ရသည်။ နှလုံးသားက နာကျင်လာသောအခါ၊ ဦးနှောက်များက ထုံတုံတုံ ဖြစ်လာသည်။ ဦးနှောက်သည် ဗလာ ဖြစ်သွားသည်။ ဗလာဖြစ်နေသော ဦးနှောက်သည် မီးပွားတစ ကျရန်ပဲ လိုသည်။ မီးပွားကျသည့်အခါ ပေါက်ကွဲမည်လား။ သို့မဟုတ် ကျုံ့ဝင်သွားမည်လား။ ဦးနှောက်နှင့် နှလုံးသား၏ ဆက်စပ်မှုကို လူတွေ အကြိမ်ကြိမ် တွေးတောခဲ့ပြီး ဖြစ်မည်။ နှလုံးခုန်နှုန်း မြန်လာသည့်အခါ လူတွေက အိပ်မရတော့ချေ။ နှလုံးကြီး တဒုန်းဒုန်း ခုန်နေပြီး၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော သူ တယောက်ကိုမျှ မတွေ့မိသေး။ 

ကျောင်းစိမ်း တူညီဝတ်စုံများ ဝတ်လျက် လမ်းမပေါ် ဥဒဟို သွားလာနေကြသော ကျောင်းသားမောင်မယ် မျိုးဆက်သစ် အနာဂတ် ပန်းပွင့်များကို မတွေ့ရသည်မှာ လပေါင်းများစွာ ကြာမြင့်သွားချေပြီ။ ကျောင်းစိမ်းဝတ်စုံများသည် အိမ်က ဗီရို၏ အောက်ထပ်တွင် နစ်မြုပ်နေမည်ဟု မှန်းဆရသည်။ ရည်မှန်းချက် ပျောက်နေသော ပဲ့မရှိသည့် လှေတစင်းနှင့် တူနေကြသည်။ လှေကို ဆိုင်းထားသည့် ကြိုးပါ ပျောက်နေသည်။ ကျွန်ုပ်သည် ထိုကြိုးကို အလျင် တွေ့အောင် ရှာလိုက်ဦးမည်။ ခန့်မှန်းချက်များအရ ၂၀၂၀ နှစ်ကုန်ခါနီး ဒီဇင်ဘာလလောက်ကစပြီး၊ ယခုဖြစ်နေသော ကိုဗစ်ထက် အဆတရာ ဆိုးဝါးသည့် ကပ်ရောဂါတမျိုး ဖြစ်ဖို့ရန် ရှိသေးသည် ဟူ၏။ ကျောင်းဖွင့်ရန် အလားအလာ ဝေးလံရန် ရှိသည်။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ အရာရာတိုင်းသည် နေဝင်ချိန်မှာ နေက ဝင်ပြီး၊ နေထွက်ချိန်မှာ နေက ထွက်လာမည် ဖြစ်သည်။ New Normal တွင် ကျင့်သားရအောင် ကြိုးစားနေသော ကျွန်ုပ်သည် မနက်မိုးလင်းလျှင် အိပ်ရာက ထချင်ပြီး၊ ညနက်လျှင် အိပ်ရာထဲ၌ ဖုန်းသုံးချင်နေဆဲ ရှိသော သာမန်လူ တယောက်သာ ဖြစ်သည်။ ဝါးပင်များကို ပြုန်းတီးအောင် မလုပ်ကြပါနှင့်။


Comments

Popular posts from this blog

မင်္ဂလာဦးညကို လွန်သော်

ဆယ်တန်း အောင်စာရင်း 2013