ကမ္ဘာကြီး ပူပြင်းနေပြီလော?

ကမ္ဘာကြီး ပူပြင်းနေပြီလော?


စီးကျလာသော နဖူးမှ ချွေးများကို လက်ခုံဖြင့် နေဘုရင် သုတ်လိုက်သည်။ မိမိကိုယ်မိမိ နေဘုရင်ဟု ဘွဲ့ခံလိုက်ခြင်းကို နောင်တ ရမိသလိုလိုပင်။ နားသယ်တွင် ချွေးစက်များ ယီးလေးခိုနေသည်ကို လက်ဖဝါးစောင်းဖြင့် သုတ်လိုက်ပြန်သည်။

အရှေ့တံခါးမှသည် အပြင်ဘက်သို့ မျှော်ကြည့်လိုက်သော် အိမ်ခြေအိမ်ရာများကို အသားကုန် ဖြတ်လျက် ဝေးလံသော ဒေသဆီမှ ဧပြီလ၏အပူငွေ့များ ရိုက်ခတ်လာသလိုပင် ခံစားရသည်။ မြေလတ်ဒေသလည်းမဟုတ်၊ အထက်အညာလည်း မဟုတ်ဘဲလျက် အောက်ပြည်အောက်ရွာထဲ အပါအဝင် ဖြစ်ထသော ကျုပ်တို့ မဟာ ရွှေမြိတ်တော်ကြီးသည် တိုင်းတနယ်တပါးနှင့် မတူလှစွာ ထူးထူးပြားပြား ယခုနှစ်ဝယ် ပူလှပါချေတကား၊ ပူကို ပူလှပါချေတကားဟု စိတ်တွင်း မြည်တမ်းလိုက်မိသည်။ ဟုတ်သည်၊ ယခုနှစ် အတော့်ကို ပူသည်။ ပူလိုက်တာမှ ချွေးစေးများပင် မစေးနိုင်အားဘဲ မွေးညင်းပေါက်မှ ပစ်ထုတ်လိုက်သလို ဒရဟော ထွက်လာချေသည်။ သတင်းတပုဒ် ဖတ်လိုက်ရသည်။ ယခုနှစ် ၂၀၁၉ သည် အရှေ့တောင်အာရှ၌ မြန်မာက အပူဆုံးနှစ်ပါတဲ့။ ဟုတ်ပေလိမ့်မည်။ အဘယ်သို့ အဘယ်ပုံ ချွေးတိတ်၍ နေကောင်းအောင် နေရပါချေမည် တမုံ့။

အင်္ကျီစကို ဆွဲ၍ ရင်ဘတ်တလျှောက် စီးထန်း၍ ထွက်လာသော ချွေးများကို ဝလုံးသဏ္ဍာန် ပွတ်သုတ်လိုက်ရပြန်သည်။ ၎င်းနောက် လက်က အနောက်သို့ လျှိုလိုက်ကာ လက်ခုံဖြင့် နောက်ကျောတပြင်လုံးကို ပွတ်ရတန်သမျှ ပွတ်ပြီး ချွေးကို စုဆောင်းရပြန်သည်။ ၎င်းနောက် ရရှိလာသော ချွေးရည်ကို မိမိဝတ်ထားသော ချည်သားဘောင်းဘီပေါ် အပြန်ပြန်အလှန်လှန် (မသိစိတ်အရ) ပွတ်သန့်နေမိသည်။ သယ်... ငါ စိတ်တိုလာရချေပြီတကား၊ ဘဇာကြောင့် ချွေးက အလှူပေးသလို ဆက်တိုက် ထွက်နေရပါသလဲ။

နည်းနည်းမှ မလှုပ်ရှားလိုက်နှင့်။ လှုပ်လိုက်ရင် ချွေးက ထွက်ချင်သည်။ ထမင်းစားပြီးလည်း ချွေးထွက်သည်။ ရေချိုးပြီးလည်း ချွေးထွက်သည်။ တနေကုန် ဘာလုပ်၍ ရဦးမည်နည်း။ ချွေးထွက်လွန်နေ၍ လက်ဖက်ခြောက် ခတ်ထားသော ရေနွေးကိုလည်း (အအေးခံထားပြီး) တစွတ်စွတ် ပါးစပ်ကမပြတ် သောက်နေရချေပြီ တမုံ့။

နေဝင်ချိန် ရောက်လာသည်ကိုပင် ချွေးက မနက်ကတည်းက ခုထိ ထွက်ကောင်းတုန်း ရှိသေးသည်။ ချွေးသုတ်ရတာကိုက ဤ သင်္ကြန်ငါးရက်အတွင်း၏ နိစ္စဓူဝ အလုပ်တခုလို ဖြစ်နေသည်။ တရားစခန်း ဝင်သူများအကြောင်း တွေးမိသည်။ ချွေးတလုံးလုံးနှင့် ဘယ်သို့များ စခန်းသွားနေပါလိမ့်မည်နည်းဟု အတွေးပွားမိသည်။ အတော်ပင် အောင့်အီးသည်းခံ နေရပေလိမ့်မည်။ လမ်းကြားကလေး၏ အပြင်ဘက်တွင်တော့ ၂၀၁၉ ခုနှစ်၏ မြန်မာနှစ်သစ်ကူးပွဲတော် သင်္ကြန်ကာလကို အရောင်ခြယ်နေသူတွေ၏ ကခုန်သံများဖြင့် စည်ကားဆူညံနေသည်။ အိမ်မှာပဲ ကောင်းသည်။ ဘဝသည် မိုးလင်းမိုးချုပ် တဂျုပ်ဂျုပ် ကုန်လွန်သွားသည်။ နေမင်းသည် အရှေ့အရပ်က ထွက်၍ အနောက်အရပ်သို့ ဝင်သွားသည်လား။ အရှေ့အရပ်က ဝင်လာ၍ အနောက်အရပ်ကနေ ထွက်သွားသည်လား။ စဉ်းစားရင်း ခေါင်းမူးလာသည်။ ဘာပဲပြောပြ​ော တပေါင်းတန်ခူး မိုးသားကျူးလိုက်မည် ဆိုပါက ကျုပ် ခေါင်းမူးတော့မှာ မဟုတ်ပေ။

ရေချိုးချိန် ရောက်လာသည်။ သင်္ကြန်လည် ပြန်လာကြသော လမ်းသူလမ်းသားများကို တဖြုတ်ဖြုတ် တွေ့မြင်ရသည်။ အင်္ကျီကို ချွတ်လိုက်သည်။ နေဝင်ခါနီးသော်လည်း တိုက်ခတ်လာသော လေသည် ပူပူနွေးနွေးကြီး ဖြစ်နေသည်။ ရင်ထဲတွင် မအေး။ အေးမသွား။ ရေချိုးတော့လည်း မအေး။ ခေတ္တခဏသာ အေးသည်။ အေးသော်လည်း မမြ။ မအေးမြ။ (လူနာမည်တော့ မဟုတ်) ရေစက်များသည် ချွေးစက်များနှင့် ပေါင်းရောကာ အောက်ရှိ မြောင်းထဲ တရှိန်ထိုး စီးဆင်းသွားသည်။ ရေကျသံ နားထောင်ရင်း နေလုံးကြီးသည် ရှိသမျှ အလင်းတန်းများကို ပြန်လည် ရုပ်သိမ်းနေသည်။ တိမ်တောင်တိမ်လိပ်များသည် ဟိုသည် ရွေ့လျားလျက်။ ကျေးငှက်များသည် အိမ်ပြန်ရင်း အောက်သို့ ငုံ့ကြည့်ပြီး ဤသင်္ကြန်လေးရက်ကို အံ့ဩနေသည်။ ဘဇာလေ ဖြစ်နေပါလိမ့်။



နေဘုရင် ခံပြင်းစွာ ရေးသည်။

Comments

Popular posts from this blog

မင်္ဂလာဦးညကို လွန်သော်

ဆယ်တန်း အောင်စာရင်း 2013