တခါတုန်းက မြို့ကလေးတမြို့မှာ(ကလေးပုံပြင်)၊ အပိုင်း ၁၊ အခန်း ၁

တခါတုန်းက မြို့ကလေးတမြို့မှာ

အပိုင်း(၁)
အခန်း(၁)
သိပ်မကြာသေးခင်က အဖြစ်အပျက်လို့လည်း ပြောလို့ ရသလို တော်တော်ကြာသွားပြီ ဖြစ်တဲ့ အဖြစ်ပျက်လို့လည်း ဆိုနိုင်ပါတယ်။
ဇွဲရှင်းတယောက် အသက် (၈)နှစ်သားနဲ့ မိဘမဲ့ ဖြစ်သွားရပါပြီ။ သူ့မိဘကို အသုဘချတဲ့ နေ့မှာ ရပ်ကွက်ထဲက လူတွေက ဘာသိဘာသာပဲ။ သာမန် မထူးခြားတဲ့ နေ့တနေ့လိုပဲ ကုန်ဆုံးသွားတယ်။ အသုဘချချိန် သင်္ချိုင်းမှာ ကျီးကန်းတွေ တအားအား တအားအားနဲ့ အော်မြည်နေတာကတော့ ထူးခြားတယ်။ နေက ဒီလောက်တောင် ပြင်းပြင်းရှရှ ပူလောင်နေပေမယ့် သင်္ချိုင်းကုန်းက သစ်ပင်ပန်းမန်တွေကတော့ စိမ်းလန်းလို့၊ မြက်ရိုင်းပန်းတွေဆို အဝါရောင် အပွင့်ကလေးတွေ ပွင့်လို့ပေါ့နော်။
အသုဘ ချပြီးနောက် ဘယ်လောက်တောင်မှ မရှိတဲ့ လူအုပ်က ကွဲသွားတော့ ကောင်လေး၊ အိမ်ပြန်မှာလား၊ လိုက်ပို့ပေးမယ်လေဆိုတဲ့ လောကွတ်စကားကလေး တခွန်းတောင် မကြားရဘဲ တကောင်ကြွက် ဖြစ်သွားတဲ့ ဇွဲရှင်းဟာ လေးကန်တဲ့ ခြေလှမ်းတွေနဲ့ အိမ်ပြန်လာတယ်။ ရင်ဘတ်ထဲမှာတော့ ပြိုတော့မယ့် မိုးလို အုံ့ဆိုင်းမှိုင်းဝေနေတာပေါ့။ လမ်းတွေကလည်း ခြောက်ကပ်ပြီး အသက်မဲ့နေတယ်။ သူတို့ မိသားစု အတူနေခဲ့တဲ့ အိမ်လေးကို အဝေးကနေ လှမ်းမြင်လိုက်ရတော့ ဇွဲရှင်း ငိုချင်လာတယ်။
အိမ်ပေါက်ဝ ခြံတံခါးဆီ ရောက်လာတော့ ခြံထဲမှာ သီးပင် စားပင်တွေလည်း ကျိုးတိုးကျဲတဲလေးပါပဲ။ ညှိုးရော်နေတဲ့ပုံနဲ့ ယိုင်တိုင်တိုင် လေတိုက်တိုင်း လှုပ်ယမ်းနေတယ်။ လှေကား သုံးဆင့်ကို လှမ်းတက်လိုက်ပြီး၊ နောက်ကို ပြန်လှည့်ကြည့်လိုက်တယ်။ တယောက်ယောက်များ အပြင်က ဝင်လာမလားလို့လေ။ ဒါပေမဲ့ ဇွဲရှင်း ဘယ်သူ့ကိုမှ မမြင်ပါဘူး။ လက်က အိမ်အဝင် တံခါးဘောင်ကို ကိုင်ရင်း ခေတ္တ ကြောင်အန်းအန်းနဲ့ ရပ်နေမိသေးတယ်။ တံခါးက ဆွေးနေပါပြီ။ လက်ကိုင်တွေကလည်း ပြုတ်လုတည်းတည်းပေါ့။
အိမ်ထဲ လှမ်းဝင်လိုက်တယ်။ ကိုယ်လုံးကသေးတော့ ကလေး လမ်းလျှောက်တာ အိမ်ထဲမှာ ဘာအသံမှ မကြားရသလို ဖြစ်နေတယ်။ အိမ်ကြီးက မိုးနေသလို ဖြစ်ပြီး တအိမ်လုံးမှာမှ သူတယောက်ထဲ။ ဇွဲရှင်း တကောင်ကြွက်ဆိုတာ ဘာလဲ သဘောပေါက်လာသလိုလိုပဲ။ ကိုယ့်မှာ ဘာဝင်ငွေမှ မရှိဘူး။ ဘယ်မှာ အလုပ်သွားလုပ်ရမလဲ ဆိုတာတောင် မသိဘူး။ ကျောင်းကို ဘယ်လို တက်ရမလဲ။ အိမ် သော့ခတ်ပြီး ကျောင်းသွားတက်ရမလား။ သူ ကျောင်းတက်တယ်ပဲ ထား။ ထမင်းကို ဆိုင်မှာ ဝယ်စားရမှာလား။ ဆိုင်မှာ ဝယ်စားမယ်ဆို ပိုက်ဆံ လိုတယ်လေ။ ပိုက်ဆံက ဘယ်သူ မုန့်ဖိုး ပေးမှာလဲ။ ဒါဖြင့် အလုပ်လုပ်ရတော့မှာပေါ့။
စိတ်ညစ်ညစ်နဲ့ ဧည့်ခန်း မည်ကာမျှ ဖြစ်တဲ့ အိမ်ရှေ့ ကြမ်းပြင်မှာ အသာအယာ တင်ပလ္လင်ခွေ ထိုင်ချလိုက်တယ်။ လက်တဖက်ကို ကိုင်းထောက်ထားပြီး တဖက်ကတော့ ပေါင်ပေါ် တင်ထားတယ်။ နံရံမှာ ချိတ်ထားတဲ့ ကျောင်းလွယ်အိတ်ကို အဓိပ္ပာယ်မဲ့သလို ကြည့်နေတယ်။ အခုက ကျောင်းပိတ်ရာသီပါ။ လွယ်အိတ်က ဖုန်တောင် နည်းနည်း တက်နေပြီ။ ဇွဲရှင်း ဘာလုပ်ရမလဲ။ ကလေးပီပီ သူ့မှာ ကစားရမယ် မဟုတ်၊ အလုပ်လုပ်ရဖို့၊ ပိုက်ဆံရဖို့ တွေးနေရပြီ။ ဘဝက ဘာတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားလဲဆိုတာ သူ လေ့လာရတော့မှာလား။
(ဆက်ရန်)
နေမင်း
ဖတ်ပြီးရင် ရှယ်ပေးပါ။ ကော်ပီ မလုပ်ပါနဲ့။
--
Life is too short...!

Comments

Popular posts from this blog

မင်္ဂလာဦးညကို လွန်သော်

ဆယ်တန်း အောင်စာရင်း 2013