ဆဲတည္​း

ဖတ်လျှင် ဆဲဒဲဟု ဖတ်ရသည်။ တခါတည်းဟု အဓိပ္ပာယ်ရသည်။

မြိတ်က ဒေသခံတွေက ပြောတတ်ကြသည်။

ဥပမာ။ဆိုင်ကယ်နဲစင်း မျင့်နာချင်းဆိုင် တိုက်ဟိုက်ဒါ ဒါဖက်က မောင်းသမား သားဂင်းငယ် ဆဲဒဲပြီး သေရောဒယ်။

ဆိုင်ကယ် ၂ စင်း မျက်နှာချင်းဆိုင် တိုက်လိုက်တာ ဒီဖက်က မောင်းတဲ့သူ ကလေးငယ်  တခါတည်းပြီး သေသွားတယ်။

မြိတ်ဝေါဟာရမှာကား ထားဝယ်လိုကော ယိုးဒယားလိုရော ပေါင်းရောနေသည် ဖြစ်ရာ အသံက ဝဲပြီး အမြန် ပြောလျှင် လုံးထွေးပြီး အပြင်လူ နားမလည်ချေ။

ဉာဏ်ကောင်းသူ အချို့သည် မြိတ်တွင် တနှစ် ခြောက်လခန့် နေထိုင်လိုက်က မြိတ်သားအစစ် တယောက်ကဲ့သို့ လည်ဝယ်အောင် ပြောတတ်သွားတော့သည် တမုံ့။

ယခင်က ဆပ်ပြာကို သာပူ ခေါ်သည် ကြားရဖူးပြီး မြိတ်တော ဒေသအချို့တွင်သာ ပြောကြတော့၍ မြို့ထက်တွင် မသိကြတော့ချေ။

မြန်မာစကားကလွဲ၍ ကျွနု်ပ်တို့ တိုင်းနှင့် ပြည်နယ် ဒေသအချို့ ပြောသမျှ စကားတွေကို ဒေသိယစကားဟု ဆိုကြသည်။ ဒေသိယဆိုမှတော့ ထိုဒေသသာ သုံး၊ တခြားဒေသက မသုံး ဖြစ်ရာ ထိုဒေသသို့ လာရောက်ပါက ထိုဒေသစကားကိုသာ ကြားရမည် ဖြစ်သတည်း။

လူမျိုးပေါင်းစုံ နေထိုင်သော နေရာဒေသ ဆိုပါလျှင် ဒေသိယစကားမျိုးစုံ နားဆင်ရမည်သာတည်း။

ဒီမှာလေကို ဒီမှာဟင်း (ဒမဟင်း) ဟု ပြောသော မြိတ်သားတို့သည် ရန်ကုန်မှာလိုပင် ကမ်းနားလမ်း အရှည်ကြီးကို ပိုင်ဆိုင်ထားကြသည့် အလျောက် ညရောက်သော်ကား လက်တန်းများတွင် အုပ်စုလိုက် ထိုင်ကာ လေပန်း အာလူးဖုတ်ကြတော့သည်လည်း တခု။

မြိတ်မြို့တွင် မြိတ်သူမြိတ်သားများကို အတွေ့ရများဆုံး သုံးနေရာ ရှိသည် ဆိုနိုင်သည်။ ကမ်းနားကုန်တိုက်၊ အလှူမင်္ဂလာဆောင်နှင့် ကတ်ကြေးကိုက်ဆိုင် တို့ပင်တည်း။
မြိတ်သူမြိတ်သားများ ကတ်ကြေးကိုက် အလွန်ကြိုက်ကြသလို မြိတ်နာမည်ကြီး ကတ်ကြေးကိုက်ဆိုင်များလည်း တမြို့လုံးအနှံ့ မှိုပေါက်သလိုပင် လှော်ကြသည်။ တရုတ် လှော်သော ကတ်ကြေးကိုက်မှသည် မြန်မာ ကုလား မူစလင် လှော်သော ကတ်ကြေးကိုက်အထိ ရှိသည်။ ဈေးနှုန်းမှာလည်း ဆင်းရဲသားမှသည် လူချမ်းသာအထိ ဝယ်စားနိုင်အောင် အနိမ့်ဆုံး ၁၀၀၊ ၂၀၀ တန်မှသည် အမြင့်ဆုံး ၅၀၀၀၊ ၁၀၀၀၀ တန်အထိ ရှိသည်။ ကတ်ကြေးကိုက် (ကိုက်ဂျီးဂိုက်)ဆိုင်သစ် တဆိုင် ဖွင့်သောအခါ အနီးနား ပတ်ဝန်းကျင်က ဝိုင်းအားပေးကြသည်မှာ ကြိတ်ကြိတ်တိုးနေတော့သည်။ ဘာကြောင့်နည်း။

တမြို့လုံး ဖြဲဖြဲဖြူ ကတ်ကြီးကိုက်ဆိုင် တပုံခေါင်းကြား ဆိုင်သစ်က ဖောက်သည် ရအောင် အစာတွေ ကတ်ကြေးကိုက်တွေ များများထည့်ပြီး တန်အောင် လှော်ပေးမှ ရမည် ဖြစ်ရာ လူတွေကလည်း အထာသိနေသဖြင့် ဆိုင်သစ်ဆိုလျှင် အုံတိုးသည်။ ရက်မှ လကူးသော် ဤဆိုင် ကတ်ကြေးကိုက် အရသာ ကောင်းမကောင်း လှော်ပုံ မှန်မမှန် သိရပြီ။ ဤအရသာကိုမှ သဘောကျ နှစ်သက်သူများသာ အမြဲလိုလို လာစားကြသည်။ ကတ်ကြေးကိုက်ကလည်း တဆိုင်နှင့် တဆိုင် ကြော်လှော်ပုံချင်း မတူလျှင် အရသာစေးပျစ် မတူပေ။ သို့နှင့် ထိုမတူကွဲပြားသော ကတ်ကြေးကိုက်ကိုပင် မြိတ်သူမြိတ်သားများမှာ တမြို့လုံးအနှံ့ လှည့်စားကာ လျှာ အရသာ ခံကြတော့သည်လည်း တမျိုး။

အချိုလှော်၊ အစပ်လှော်၊ ပုံမှန်လှော် ဟု သုံးမျိုး ရှိသည့်အနက် ကိုယ်ကြိုက်ရာ ပြော မှာစားကြရာ တချို့ရပ်ဝေးဒေသ (ဥပမာ ရန်ကုန်) မှ လေယာဉ်ဖြင့် မှာစားရာဝယ် ကိုယ်နှင့် ခံတွင်း မတွေ့သည်လည်း ရှိနိုင်ရာ ၎င်းသည် ကတ်ကြေးကိုက် အပြစ်ပေ၊ အရသာ မကောင်းပါဟု မဆိုနိုင်။ ယင်းအစာ၏ သဘောမှာ ပူတုန်း စားလျှင် စားကောင်းသည်။

နေရာဒေသတိုင်းတွင် ဒေသအစားအသောက် တမျိုးစီ ထွက်ပေါ်ကြသည်။ မြိတ်ဒေသထွက် ငန်ပြာရည်သည် မြန်မာပြည် အလယ်ပိုင်းထိ ရောက်နိုင်သည် ထင်သည်။ အဘယ်ကြောင့် ဤသို့ ဆိုနိုင်သနည်း ဟူမူ ကျွနု်ပ် ကြုံရသည်မှာ ရန်ကုန်တွင် နေစဉ်က အဆောင်တွင် ဓနုဖြူသား တယောက် ရှိရာ ကျွနု်ပ် မြိတ်က လာသည်ကို သိသည်နှင့် "ဘိတ်ကလာတယ်ဆိုတော့ ငံပြာရည်ပေါ့" ဟူသတည်း။ ကျွနု်ပ်မှာ ဘာပြန်ဖြေရမှန်းပင် မသိတော့။

Comments

Popular posts from this blog

မင်္ဂလာဦးညကို လွန်သော်

ဆယ်တန်း အောင်စာရင်း 2013