နှစ်​​ဟောင်းကို နှုတ်​ဆက်​ခြင်း



သရက်ပင်မှ ဝါကြင်ကြင် အရွက်ကလေးများ လေအလှုပ်ဝယ် သုံးလေးရွက် ကြွေကျလာသည်မို့ အိမ်ရှေ့ သရက်ပင်အိုကြီးကို မော့ကြည့်မိသည်။ ဇရာ၏ သဘော ရာသီ၏ အထုအထောင်းကို လူသားများနည်းတူ ခံစားရသော သတ္တလောကကြီးထဲဝယ် သရက်ပင်ကြီးကဲ့သို့ ကျွနု်ပ်တင်မက လူတိုင်းသည်  တနေ့တခြား အိုမင်းရင့်ရော်လာလျက် ရှိသည်။ တနှစ်ပတ်လုံး အလုပ်များရင်း တနှစ်ပတ်လုံး ချစ်သောသူ မချစ်သောသူများနှင့် အတူနေရင်း နဂိုက ဟက်ပီးနယူးယီးယားဟု အခေါ်ခံခဲ့ရသော ၂၀၁၄ ခုနှစ်သည် အခုချိန်တွင်မတော့ လူတွေ မလိုချင်တော့သော မေ့ပစ်လိုက်တော့မည့် နှစ်အိုကြီး တနှစ် ဖြစ်နေလေပြီတကား။

တနှစ်ဆိုသည်ကို ကျွနု်ပ်စိတ်ထဲဝယ် တရက်လိုပင် ခံစားမိသည်။ အဲဒီလောက်အောင် ရက်တွေ လတွေ အကုန်မြန်လိုက်သည်မှာ အခုပြန်ကြည့်တော့ သူမဟုတ်သလိုပင်။ စကားတခွန်း ရှိသည်မှာ အိပ်မပျော်သောသူအတွက် ညဉ့်သည် ရှည်လျား၏၊ လူမိုက်အတွက် သံသရာသည် ရှည်လျား၏ ဟူ၏။

ထိုစကားမှန်၏။ ၂၀၁၄ နှစ်အတွင်းဝယ် ကျွနု်ပ်အတွက် အိပ်မပျော်သော ရက်များသည် မရှိသလော။ ရှိပါသည်။ အိပ်ပျက်ရသော ညများသည် နာရီစက္ကန့်တံများက အသွားနှေးသည်ဟု အပြစ်တင်ရလောက်အောင် မိုးလင်းခဲသည်။ သန်းခေါင်ကျော်သော်လည်း မိုးမလင်းနိုင်ပေ။ သို့ဖြစ်လေလေ ကျွနု်ပ်သည် အလိုလို လူမိုက် ဖြစ်လေလေ ဖြစ်သည်။ တခြားမဟုတ်။ လူသူလေးပါး ခြေတိတ်ချိန်တွင် ကိုယ်တစ်ယောက်တည်း အိမ်ထဲတွင် နိုးနေရသည့် ခံစားချက်ကို ခုံမင်နေမိသည့်အတွက် ကိုယ့်ကိုယ်ကို မိုက်မဲသည့်အဖြစ် ဆိုသည်။ လူမိုက်ဆိုမှတော့ သိမှု မသိမှု ဝေဖန် ပိုင်းခြားနိုင်သော ပညာမျက်စိ မရှိ၍ သံသရာသည် ရှည်ဦးပေတော့မည်။

သံသရာသည် အဘယ်မျှ ရှည်ပါသနည်း။ ပညာမျက်စိ ရှိသူအတွက် သံသရာသည် တို၏၊ ပြတ်၏။ တဖန် ပြန်လည် မဖြစ်ပေါ်၊ နောင်တ ပူပန်ခြင်း မရှိ။ နှောင်ကြိုးကင်းသည် ဖြစ်ရာ အေးငြိမ်းမှု ခံစားရသည်။ ပညာမျက်စိ မရှိသူအဖို့မူ သံသရာသည် အဆုံးအစ မထင်လောက်အောင် ရှည်လျားသည်။ လူတို့သည် အဘယ်က လာပါသနည်း။ အတိတ်ကို ပြန်တွေးသော် အမိ ဝမ်းခေါင်းတွင်း၌် ဆုံးသည်။ ထို့ထက်လွန်၍ မတွေးနိုင် မတွေးအား။ လူ့ဘဝတွင် လုပ်ငန်းဆောင်တာတွေ များပြားလွန်းသည် ဖြစ်ရာ တပုံတပင် အလုပ်တွေက မကုန်နိုင် မပြီးနိုင်။ မနေ့က အလုပ်ကို ဤနေ့ လုပ်ရပြန်သည်။ ဤနေ့လို အလုပ်မျိုး မနက်ဖြန် အနာဂတ် လုပ်ရပေဦးမည်။ အကြောင်းအရာ အစီအစဉ်သာ ရှေ့နောက် လွဲမည်၊ အပ်ကြောင်းထပ် ဇာတ်လမ်းတွဲကြီး တခု ကိုယ်တိုင် ပါဝင် သရုပ်ဆောင်နေရသည်။ လုပ်ရင်း ကိုင်ရင်း အချိန်တွေ ကုန်မှန်း မသိ။ ဟော တနှစ် ကုန်ပြန်ပြီ။ အချိန် အပိုင်းအခြား တခုအတွင်း ကိုယ် ဘာတွေ ရလိုက်သနည်း။ ဤသို့သော သဘောတရားကို ကိုယ်တင်မက လူတိုင်း သိသည်။ ဘဝတွင် ကိုယ်တိုင်က အဓိပ္ပာယ် ရှိသော လူအဖြစ် မဖန်တီးနိုင်ပေ။ အလိုမကျရင်း သောကဖြစ်ရင်း တန်ဖိုးရှိသော လူ့ဘဝ ဖြုန်းတီးပစ်မိရသည်။

ထွက်သက်ဝင်သက် ရှိသော လူတယောက်အတွက် အချိန်ကုန်ခြင်းသည် မထိုက်တန်ပေ။ ဆယ်တန်း အင်္ဂလိပ်စာတွင် ပါသော ကဗျာတွင် ကျွဲနွားများကို ငေးကြည့်နေရန် အချိန် မရှိတော့လျှင် ဘဝသည် ဘာလုပ်ဖို့လဲ၊ စမ်းချောင်းကလေးများ ရေစီးသံကို နားထောင်ဖို့ရန် အချိန် မရှိတော့လျှင် ဘဝသည် ဘာလုပ်ဖို့လဲဟု ကဗျာဖတ်သူကို မေးထားသည်။

ဟုတ်ပါရဲ့ဗျာ။ ဘဝသည် ဘာလုပ်ဖို့လဲ။ လူတယောက်သည် ကုန်သွယ်လယ်လုပ် ကာယဉာဏ စိုက်ထုတ် စီးပွား ရှာဖွေသည့် အရွယ်၌ မိုးလင်းမိုးချုပ် နေထွက်နေဝင် မနားတမ်း တကုပ်ကုပ် လုပ်ရရှာသည်။ ဘဝသည် ဘာလုပ်ဖို့လဲ သူစဉ်းစားမိပါမည်လော။ စဉ်းစားမိ လောက်အောင်ကလည်း ဝေယာဝစ္စ ဗာဟီရ ကိစ္စတွေက တနှစ်တခါဆိုသလို ပေါ်ပေါက်နေသည်။ သာရေး နာရေး သူ့အရေး ကိုယ့်အရေး စသဖြင့် များမြောင်မောပန်းရလောက်အောင် ခန္ဓာကိုယ်ကြီးကို ဟိုသွားဒီသွား ခိုင်းနေကြရပေသည်။ စဉ်းစားမိသူ အချို့ကလည်း ဘဝသည် အလုပ်လုပ်ဖို့။

အလုပ် လုပ်ဖို့ ဆိုသည်မှာ မှန်ကောင်း မှန်နိုင်ပါသည်။ အဘယ်ကြောင့် ဆိုသော် ကျွနု်ပ်တို့ ပတ်ဝန်းကျင်တွင် နေထိုင်ဝန်းရံကြကုန်သော သက်ရှိအပေါင်းမှာ သူ့အလုပ်နှင့်သူ ရှုပ်နေရာ ကျောင်းသားက ကျောင်းသားအလုပ် လုပ်သည်၊ လူကြီးကလည်း လူကြီးအလုပ် လုပ်သည်၊ ဘုန်းကြီးကလည်း ဘုန်းကြီးအလုပ် လုပ်နေကြသောကြောင့် ဖြစ်သည်။ သို့ဆိုလျှင် ဘဝဆိုတာ ဘာလဲဟု ဘဝအဓိပ္ပာယ် တနည်း အမှန်တရားကို ရှာဖွေရန် လုံးလုံး မလိုအပ်တော့ပြီလား။

ကဗျာဆရာသည် အနောက်တိုင်းသား ဖြစ်သည်။ ဗုဒ္ဓဘာသာ မထွန်းကားသေးသော ခေတ်နှင့် တိုက်တွင် မွေးဖွားလာသော အနုပညာရှင် တဦးအဖို့မူ ဘဝသည် အားလပ်ချိန်ရတိုင်း အလှအပ အနုအရွ ခံစားတတ်ဖို့ ဖြစ်လာသည်မှာ မဆန်းဟု ဆိုရမည်။ ဆန်းသည်မှာ ကျွနု်ပ် ဖြစ်သည်။ လေးငါးတန်း အရွယ်ကတည်းက အစ်ကိုများ၏ ဆယ်တန်းစာအုပ် မြန်မာပြန် ထားသော စာအုပ်ကို ကိုင်မိရာမှ ဤကဗျာကို ဖတ်မိရာ အင်္ဂလိပ်လို မဖတ်တတ်သော်လည်း မြန်မာလို ဖတ်မိသည်နှင့် စိတ်ထဲတွင် ဆို့နင့်အောင် ခံစားမိသည်။ လူ့ဘဝဆိုတာ ပျော်ရွှင်မှုတွင် နှစ်သိမ့်နေခြင်း ဖြစ်သည်ဟု ခံယူမိသည့်အလျောက် အရာရာတိုင်းသည် လွမ်းစရာ ဆွေးစရာချည်း ဖြစ်နေတော့သည်။ မိုးရွာလာလျှင် မိုးရေထဲ ပျော်သည်။ နေပူလာလျှင် နေရောင်အောက်တွင် သာယာနေသော လောကကို ကြည့်ပြီး လွမ်းသည်။ ကျွနု်ပ်တို့ တိုင်းပြည်မှာ နှင်းတွေ ဖွေးဖွေး လှုပ်အောင် မကျ၍ သူများ နိုင်ငံ နှင်းကျသော ဆောင်းရောက်တိုင်း ကျွနု်ပ် နေထိုင်ရာ ရွှေမြိတ်တော်ကြီးဝယ် နှင်း မကျသည့်တိုင် ရော်ရမ်းကာ လွမ်းမိချေသေးတော့။

ကျောင်းတက်လျှင် ကျောင်းစာတွေနှင့် မအားမလပ် ဖြစ်စေကာမူ အနုအလှ ခံစားဖို့ အချိန် ရတတ်သ၍ ယူသည်။ စာသင်ချိန် ငြီးငွေ့လာလျှင် ကျောင်းပြတင်းပေါက် အပြင်ဆီ လှမ်းမျှော်ကြည့်ကာ နှစ်ချို့သစ်ပင်ကြီး၏ အလှကို ခံစားမိရသည်က တမျိုး။ မနက်အစောကြီး ထသည့် ရက်၌ အိမ်ရှေ့ သစ်ကိုင်းမှာ နားကာ အော်မြည်နေတတ်သည့် နှံပြည်စုတ်ကို ကြည့်ကာ စိတ်ဝယ် ကြည့်နူးမိသည်က တဖုံ။ ဘဝသည် ဘာလုပ်ဖို့လဲ ဆိုသည်ကို အနုအရွ ခံစားတတ်ရန်ဟု ရေလိုက်လွဲသည့် ကျွနု်ပ်သည် စာသင်နှစ် တနှစ် ကုန်ဆုံးတိုင်း ကိုယ့်ကိုယ်ကို မရေမရာ ဖြစ်လာသည်။ သဘာဝအလှများကို ခံစားရင်းသာ ဘဝတွင် နေထိုင်သွားမည် ဆိုပါက အဓိပ္ပာယ် မရှိလှသလိုပင်။ အလှတရားကို ခံစားတိုင်း စိတ်သည် တဖျတ်ဖျတ် ခုန်သည် ကြည်နူးသည်၊ ပျော်ရွှင်သည်၊ နှစ်သိမ့်သည်။ သို့သော် ကြာရှည်မခံ။ ပျောက်ပျက်သွားသည်။ ထပ်မံ ခံစားရပြန်သည်။ တဖန် ပျောက်ပျက်သွား ပြန်လေသည်ချည်း။ ဆားငန်ရေ သောက်သည့်နှယ် သောက်လေ ငတ်လေ ဖြစ်နေရတာ မဟန်လှ။ ၎င်းသည် အမှန်တရား စင်စစ် မဟုတ်နိုင်ပေ။ ပျော်ရွှင်မှု အစစ်လည်း မဖြစ်နိုင်။ ပျော်ရွှင်မှု အစစ်ဟူသည် ရရှိလိုက်သည်နှင့် တည်မြဲရမည်။ ကိုယ်ဝယ် လိုက်ပါနေရမည်။ အချိန်မရွေး နေရာမရွေး ခံစားနိုင်ရမည်။ ခံစားရ မောပန်းခြင်းလည်း မဖြစ်ရ။ သင်သည် ဤသို့သော ပျော်ရွှင်မှု သုခချမ်းသာကို ခံစားဖူးပါသလား။

ချမ်းအေးသော ဒီဇင်ဘာ နောက်ဆုံးရက်ကို ဖြတ်ကျော်ရမည့် အချိန်တွင် ပျော်ရွှင်မှု အစစ်အမှန် ချမ်းသာသုခကို ရှာရန် မဟုတ်လျှင် လူ့ဘဝသည် ဘာလုပ်ဖို့လဲ။ အဓိပ္ပာယ် မရှိလှ။

အခု နှစ်ကုန်ပြီး နှစ်သစ်ကူးကြမည် ဖြစ်ရာ ကျွနု်ပ်တို့၏ ပျော်ရွှင်မှုသည် အစစ်အမှန်လား အတုအယောင်လား ဆိုသည်ကို သံသယ ရှိလှပေတော့သည်။ ဟေးလားဝါးလား လုပ်မှာလား။ ၁၂ နာရီ ထိုးသည်နှင့် ဟက်ပီးနယူးယီးယားဟု အာပြဲအောင် အော်မှာလား။ အရက်သမားလုပ်ပြီး ကတ္တရာ လမ်းမပြင်နှင့် သူများနံရံကို အရုပ်ဆိုးအောင် ချေး(ဆေး) လိုက်ပန်းမှာလား။ စဉ်းစားသင့်လှသည်။

အကယ်၍ ရရှိမည့် ပျော်ရွှင် သုခချမ်းသာသည် တည်မြဲပြီး မမောပန်းလျှင် ပြုလုပ်သင့်လှပေသည်။ နှစ်သစ်ကူးပြီး နောက်တရက်ဝယ် လူအများ ငြူစူမခံရလျှင်သာ ကောင်းလှပေသည်ဟု သဘောပိုက်ရချေသည်။ ကျွနု်ပ်ကမူ ဘာသိဘာသာပင် ထူးမခြားနား။ ဒုံးရင်းက ဒုံးရင်း။ ဣတိပိသော ဘဂဝါ မဇ္ဈိမ ပဋိပဒါ မဂ္ဂလမ်းချီ ••• •••

သရက်ပင်အိုကြီးက အရွက်တွေ တဖြုတ်ဖြုတ် ကြွေသလို လူ့အသက်တွေကလည်း တဖြုတ်ဖြုတ် ကြွေလွင့် နေပေသည်။ သရက်ပင် ကြီးရင့် အိုမင်းလာသလို ကျွနု်ပ်တို့လည်း အိုမင်းမစွမ်း ဖြစ်လာပေမည်။ သရက်ပင် သေဆုံးသလို ကျွနု်ပ်တို့လည်း သေဆုံးရပေမည်။ သရက်ပင် အလျင် သေမလား ကျွနု်ပ် အလျင် သေမလား တနှစ်ပြီးတနှစ် စောင့်ကြည့်ရပေဦးမည်။ အမှန်တရားကို ရှာဖွေရန် မဟုတ်လျှင် ဘဝသည် အဓိပ္ပာယ် မရှိလှချေတကား။  ။

Comments

Popular posts from this blog

မင်္ဂလာဦးညကို လွန်သော်

ဆယ်တန်း အောင်စာရင်း 2013