ရွှေကံကူ လေပျံသစ်တော် ရုပ်ရှင်တော်မြတ်
ဘုရားရဲ့ ဘွဲ့တော်က ရွှေကံကူ လေပျံသစ်တော် ရုပ်ရှင်တော်မြတ် တဲ့။ ထူးဆန်းတာတော့ ပြောရမယ်ဆိုရင် ဦးနှောက်ထဲမှာ မှတ်မိနေတာက ရွှေကံကူ လေပျံသစ် ရုပ်ရှင်တော်မြတ် တဲ့။ အလယ်က "တော်"တစ်လုံး ပျောက်ပြီး မှတ်မိနေတယ်။ ဒီလထဲမှာ ဘိတ်မြို့ပင့်လာတယ်၊ မျက်လုံးတော် ပွင့်တယ် ကြားရလို့ မိဘတွေနဲ့ အတူ သွားဖူးမျှော်ပါတယ်။ ဘုရားက အိမ်ပေါ်ထပ်က ကျောင်းဆောင်ရှေ့မှာ နောက်ထပ် ကျောင်းဆောင်ငယ် တစ်ခုနဲ့ အပူဇော် ခံထားတာ တွေ့ရတယ်။ ဦးသုံးကြိမ်ချ ဖူးမြင်ပြီးနောက်မှာ အနီးရှိ အမျိုးသမီး တစ်ယောက်ကို အနီးကပ် ဖူးခွင့်တောင်းပြီး ဘုရားနား တိုးကပ် ကြည့်တဲ့အခါ မျက်လုံးတော် ပွင့်သလား မှိတ်နေလားဆိုတာ မသဲကွဲဘူး ဖြစ်နေတယ်။ အဖေက ပိုဆိုးတယ်။ နဂို မျက်စိမမြင်သမားဆိုတော့ အဖြေ မပေးနိုင်ဘူး။ မျက်လုံးတော်က မနေ့က ခဏပဲ ပွင့်ပြီး ပြန်မှိတ်သွားတာပဲလို့ မှတ်ရတော့မယ်။ ဓာတ်ပုံ တစ်ပုံ ရိုက်ယူလိုက်တယ်။ ပြန်အဆင်း အိမ်ရှေ့မှာ ဆိုင်ကယ်ပေါ် တက်နေတုန်း သတင်းကြားရလို့ ဘုရားလာဖူးဟန် တူတဲ့ ဆိုင်ကယ်သုံးစီးနဲ့ လူငယ်ခြောက်ယောက်ကို တွေ့တယ်။ လူငယ်အုပ်စု ဘုရားဖူးတာက မဆန်းဘူး။ ဆန်းနေတာက အားလုံး ဘောင်းဘီ ဝတ်ထားတာပဲ။ မြန်မာ့ ရိုးရာ ယဉ်ကျေးမှုနဲ့ မလျော်သလို...