သေခြင်းတရား
သေခြင်းတရားသာလျှင် လောက၌ အဆုံး ရှိသည်။ လူတိုင်း တစ်နေ့ သေရမည် အမှန် ဖြစ်သည်။ မသေခင် အနိစ္စ ဒုက္ခ အနတ္တ ဆိုတာ ဘာလဲ ပိုင်ပိုင် သိသွားဖို့သာ လိုပေသည်။ သေရမည့်မှန်း လူတိုင်းပင် သိကြသော်လည်း မေ့မေ့လျော့လျော့ နေထိုင်ပြီး လူ့ဘဝ ဇာတ်ခုံပေါ်ဝယ် မမောနိုင် မပန်းနိုင် သူ့ထက်ငါ အလုအယက် ကပြ အသုံးတော်ခံ နေချိန်မှာပင် ဖျတ်ခနဲ သေမင်း ခေါ်ရာ နောက်သို့ ကောက်ကောက်ကြီး လိုက်ပါသွားရလေလျှင် ကိုယ့်နောက်သို့ အဘယ်သူ လိုက်ပါမည်နည်း။ အားလုံး သိပြီးသား တရားကျစကား ပြောရပါက ကိုယ့်နောက်သို့ ကိုယ် ချစ်မြတ်နိုး လှပါသည် ဆိုသော ကိုယ့် မိခင် ဖခင် ညီအစ်ကို မောင်နှမ ဆွေမျိုး မိတ်သင်္ဂဟ ဘယ်သူ တစ်ဦးတစ်ယောက်မှ မလိုက်ချေ။ လိုက်သည်ကား ယခု ဘဝ မိမိ ပြုခဲ့သမျှ ကောင်းမှု မကောင်းမှု ကုသိုလ် အကုသိုလ်သာ ဖြစ်သည်။ သေသွားသူသည် သုံးဆယ့်တစ်ဘုံ တစ်ဘုံဘုံသို့ ချက်ချင်း လျင်မကြာ ရောက်ရှိ ဝင်စားနေသည်မှာ မှန်သော်လည်း ၎င်းကို လူတို့ အစွမ်း မရှိ၍ မသိနိုင်။ လူတို့ စွမ်း၍ သိနိုင်သမျှမှာ ယခု လက်ငင်း မျက်မှောက်တွင် ကိုယ့်ရှေ့၌ စကားမပြောဘဲ ငြိမ်သက်စွာ လဲလျောင်းနေသော သက်မဲ့ ခန္ဓာကိုယ်ပင် ဖြစ်လေသည်။ အဘယ်မျှ ကြောက်လန့်ဖွယ် ကောင်းပါသနည်း။ နေ့တစ်နေ့၏ အစတွင် မေသရေ...