အိပ်မက် စကားများ

ကျွန်တော် လူတစ်ယောက်ကို စောင့်ဆိုင်းရတာ ကြာလွန်းလို့ မအောင့်နိုင်တော့ လမ်းကြားထဲက အပွင့်တွေ ပွင့်နေတဲ့ ပန်းခင်းလေး တစ်တောကို သွားကြည့်တယ်။

ကျွန်တော် ရောက်ရောက်ချင်းပဲ ပန်းခင်းလေးက နှုတ်ဆက်တဲ့ အနေနဲ့ ကဗျာ တစ်ပုဒ်ဆန်ဆန် စကားတွေ ပြောပါတယ်။ ဆိုပြတဲ့ စကားလေးတွေက စိတ်ဝင်စားစရာ ကောင်းလွန်းလို့ ပြန်တင်ပြပါရစေ။ ပန်းခင်းလေးထဲမှာက အတန်း သုံးတန်း စိုက်ပျိုးထားပါတယ်။ တတန်းက အပင်တိုင်း ပန်းပွင့်ဝါလေးတွေ ပွင့်လန်းလို့ နေတယ်။ နောက်တတန်းကတော့ အပွင့်တွေ ပွင့်တဲ့ဟာက ပွင့်၊ မပွင့်တဲ့ဟာက မပွင့်။ နောက်ဆုံး တတန်းကတော့ ရိုးတံ ကျိုးတိုးကျဲတဲ ဖြစ်နေတဲ့ အပြင် အပွင့်တွေ လုံးဝ ပွင့်ခြင်း မရှိသလို အချို့ဟာကလည်း အဖူးအငုံ ဘဝမှာပဲ ရှိကြပါသေးတယ်။ ကဲ... ပန်းကလေးတွေ ကျွန်တော် သူတို့ကို ငေးစိုက်ကြည့်နေတုန်း ရုတ်တရက် ထပြီး ဘာဆိုပြသလဲ ဆိုတော့...

(အားလုံး ပွင့်ပါတယ် ဆိုပြီးတော့လည်း ပြန်လဲဖို့ မလာဘူး၊ အချို့တဝက်ပဲ ပွင့်ပါတယ် ဆိုပြီးတော့လည်း ပြန်လဲဖို့ မလာဘူး၊ ဖူးငုံနေတုန်းပဲ ဆိုပြီးတော့လည်း ပြန်လဲဖို့ မလားဘူး) တဲ့။

အဲဒီစကားတွေ ကြားတဲ့အချိန်မှာ ကျွန်တော်ဟာ ဘာကြောင့်မှန်း မသိ ရင်ထဲမှာ စိတ်ထိခိုက် ဝမ်းနည်းလွန်းလို့ ဆွေးသွားပါတယ်။ ပန်းကလေးတွေကတော့ ဒီစကားတွေကိုပဲ ထပ်ခါတလဲလဲ ကျော့ကျော့ သီဆိုလျက်ပါ။ အဲဒီအခိုက်မှာပဲ ကျွန်တော်ဟာ ဒီထူးဆန်းတဲ့ အိပ်မက်ကနေ လန့်နိုးသွားတဲ့ အချိန် မျက်လုံး ဖွင့်ကြည့်လိုက်တော့ မနက်ခင်းဟာ လင်းလို့ နေပါပြီ။

Comments

Post a Comment

U can drop ur comment here

Popular posts from this blog

မင်္ဂလာဦးညကို လွန်သော်

ဆယ်တန်း အောင်စာရင်း 2013