အုန်းပင်အိုကြီး

ကျွန်တော်တို့ လမ်းထိပ်တွင် လူမစိုက်ဘဲ သဘာဝအလျောက် ပေါက်ရောက်ကာ နှစ်ပေါင်းများစွာ သက်တမ်း ရှည်လှပြီ ဖြစ်သည့် အုန်းပင်ကြီး တစ်ပင် ရှိပါသည်။ သည်လို ပြောပြရသည့် စကားကပင် ဟောင်းလှချေပြီ။ အမှန်က အုန်းပင်ကြီး မရှိတော့သည်ကပင် ကျွန်တော့် တစ်သက်နီးပါး။ ထိုအုန်းပင်ကြီး လဲကျသွားချိန်က၊ ကျွန်တော်သည် အင်္ကျီဖြူ ဘောင်းဘီစိမ်းဝတ် မူကြိုကျောင်းကလေးပင် မတက်ရသေးသော ပီဘိကလေးငယ် သာသာ ဖြစ်သည်။
အုန်းပင်ကြီး မလဲမီက၊ ဘွားလေးမြရဲ့ တဲပုတ်ကလေးမှာ မခိုင်မခံ့။ ဘွားလေးမြ ဆိုလို့ ကျွန်တော်တို့နှင့် ဆွေမျိုးတော်သည်ဟု မထင်ပါနှင့်။ အသက်က ခုနစ်ဆယ့်ငါး၊ ရှစ်ဆယ် ၀န်းကျင် ရှိပြီ ဖြစ်ကာ၊ ကြီးလှပြီ။ လေးစားသမှုဖြင့် ဘွားလေးမြဟု ရပ်ကွက်က ခေါ်သည်။ တစ်မြို့လုံးကလည်း ဘွားလေးမြဟု သိသည်။ ဘွားလေးမြ မနက်တိုင်း ကြော်ရောင်းသည့် ဘူးသီးကြော် အရသာက ကောင်းလွန်း၍ လူတော်တော်များများ၊ လာဝယ်၊ အားပေးတတ်ကြသည်။
ကျွန်တော့် အမေက ဘွားလေးမြနျင့် အတော်ပင် ရင်းနှီးသည်။ ကျွန်တော်က အကြော်စားချင်သည်ဟု ပူဆာသော အချိန်က၊ အမေသည် ဘွားလေးမြ အကြော်တဲသို့ ကျွန်တော့်ကို ခေါ်သွားတတ်သည်။
(ဘွားလေးမြရေ.. ဟောဒီမှာ ကျွန်မသားက ဘူးသီးကြော် စားချင်လို့တဲ့ တော်ရေ..)
ဘွားလေးမြက ကလေး ချစ်တတ်သည့် ရုပ်သွင် ရှိသည်။ ကျွန်တော့်ကို တွေ့တော့ မျက်နှာပေါ်တွင် ပျားရည် ဆမ်းလိုက်သလို ချိုမြသွားကာ ရင်ခွင်ထဲ ပိုက်သွင်းပြီး ဘူးသီးကြော် ယူကျွေးပါသည်။ (စားစား.. မြေးလေး.. စားစား..)ဟု ထပ်တလဲလဲ ပြောနေတတ်ပါသည်။ ယင်းသို့ အကြော် ကျွေးတတ်သောကြောင့် ဘွားလေးမြကို ကျွန်တော် ချစ်သည်။ ယင်းသို့ မျက်နှာ ပြုံးချိုနေတတ်သောကြောင့် ဘွားလေးမြကို ကျွန်တော် သံယောဇဉ် တွယ်သည်။
သို့ဂလို ရှိနေစဉ်၊ ချစ်သောသူများကို ဖြိုခွဲပစ်ရန် ကံကြမ္မာ ဖန်လာပါသည်။ တစ်နေ့သော်၊ နွေခေါင်ခေါင် ပူပြင်းတောက်ပနေသော်လည်း၊ ညနေစောင်းသည်နှင့် ရုတ်တရက် မိုးသားတိမ်လိပ် မဲမဲကြီးများ အနောက်ဘက် အရပ်မှ တက်လာပါသည်။ တဆက်တည်းမှာပင် အံ့စရာ မိုးတွေ ပစ်ချုန်းပါသည်။ လျှပ်စီးတွေ လက်ပါသည်။ ဝေါ-- ဝေါ-- ဆိုသည့်၊ ဟိုး အဝေးရပ်မှ မိုးသက်မုန်တိုင်းသံကိုလည်း တဖြည်းဖြည်း ကြားလာနေရပါသည်။ ထိုတုန်းက ကလေး------ ကျွန်တော့်မှာ ကြောက်လွန်း၍ အိမ်ထဲ ပုန်းနေရပါသည်။ ထိုညက တစ်ညလုံး မိုးကြီးလေကြီး ကျနေခဲ့သည်။ သန်းခေါင်လောက်မှာဟု အမေက ပြန်ပြောပြသည်။ နားကွဲမတတ် ကျယ်လောင် ပြင်းထန်သည့် မိုးကြိုးပစ်သံကို တစ်မြို့လုံး ကြားလိုက်ရသည်။ မိုးရွာထဲတွင် လူသွား လူလာ တစ်ယောက်မှ မရှိ။ အားလုံး အိမ် ပိတ်ပြီး၊ ဘုရားကို တနေခဲ့ရသည်ဟု ဆိုကြပါသည်။
ထိုမိုးကြိုးများ ပြင်းထန်လိုက်ပုံက အိမ်တွေ၊ သစ်ပင်တွေပင် ဒန့်ဒန့် တုန်သွားသည်ဟု ဆိုသည်။
မနက် မိုးလင်း မိုးစဲသွားတော့မှ သနားစရာ အဖြစ်ဆိုးကို အားလုံး တွေ့ကြရသည်။ ဘွားလေးမြရဲ့ တဲအိမ် နံဘေး ကပ်ရက် အုန်းပင်ကြီးကို မိုးကြိုး ခထားသည်။ နဂိုကမှ ခနော်ခနဲ့ တဲပုတ်ကလေးမှာ ပြိုလဲ ပျက်စီးနေပြီ။ တဲတိုင်တွေက ကျိုးတိုးကျဲတဲ။ အားလုံး ရေစိုလျက်။ ဘွားလေးမြကို အိမ်ထဲမှာ မတွေ့၊ လူတွေ စုရုံးလာပြီး လိုက်ရှာတော့ တဲနောက်ဘက် တခေါ်သာသာလောက်တွင် ဘွားလေးမြကို ရေဖွေးဖွေး လှုပ်နေသော ကန်စွန်းရွက် စိုက်ခင်းများကြားတွင် သေနေသည်ကို တွေ့ရသည်။ (အမှန်တော့ ဘွားလေးမြကို သေသည်ဟု ကျွန်တော် မသုံးချင်ပါ။ သို့သော်လည်း စိုက်ခင်းများကြားတွင် ကွယ်လွန်နေသည်၊ စိုက်ခင်းများကြားတွင် ဆုံးပါးနေသည်ဟု သုံးနှုံး၍မှ မဖြစ်တာပင်။) ရေပြည့်နေသောကြောင့် ဘွားလေးမြ ခန္ဒာကိုယ်ကြီးမှာ ပေါလောမျောနေသကဲ့သို့ မြင်ရသည်။
အသက်မရှိတော့သော ဘွားလေးမြကို မြင်တော့ ကျွန်တော် အကြောက်ကြီး ကြောက်မိပါသည်။ ညကျလျှင် ဘွားလေးမြက သူ ချစ်သည်ဆိုသော ကျွန်တော့်ကို လာကိုယ်ထင်ပြမှာ၊ အိပ်မက်ထဲ လာခြောက်မှာ အရမ်း စိုးရိမ်ခဲ့ပါသည်။ (ယခုတော့ ၈ တန်း ကျောင်းသားကြီး ကျွန်တော် တွေးတတ်ပြီ၊ မိုးသည်းညတွင် ဘွားလေးမြလည်း ကျွန်တော့်လိုပင် အကြောက်ကြီး ကြောက်ခဲ့ရှာပေမည်။) ကြောက်ကြောက်နှင့် တဲပေါ်မှ မိုးရွာထဲ ဆင်းပြေးမိပေလိမ့်မည်။ ထိုအခိုက် မိုးကြိုးက အုန်းပင်အိုကြီးကို ပစ်လိုက်ပေလိမ့်မည်။ ကူကယ်ရာမဲ့ အမယ်အိုကြီးလည်း ရေပြည့် စိုက်ခင်းများကြား ဒူးမခိုင်တော့ဘဲ လဲကျသွားပေလိမ့်မည်။
မည်မျှပင် ဘွားလေးမြ ကြောက်လိုက်ရှာမည်နည်း။ မည်မျှပင် မိုးရေထဲ အားကိုးရာမဲ့လိုက်ရှာမည်နည်း။
ဆွေမရှိ မျိုးမရှိ တစ်ကောင်ကြွက်နီးပါး ဘွားလေးမြတွင် ရှားရှားပါးပါး သားတစ်ယောက်သာ ရှိပြီး အဝေးရပ်တွင် အိမ်ထောင်ကျ၊ လုပ်ကိုင်စားသောက်နေသည်ဟု ဆိုပါသည်။ အရပ်က သံကြိုးရိုက် (ထိုစဉ်က တယ်လီဖုန်း မပေါ်သေးပါ) ခေါ်လိုက်သောအခါ၊ ဆယ်နှစ် ကျော်ကျော်မျှ မွေးရပ်မြေကို ခြေမချခဲ့မိသော ဦးကျော်စွာ တစ်ယောက် ပြန်ရောက်လာကာ ဘွားလေးမြရဲ့ ဈာပနကို စီစဉ်သည်။ ဦးကျော်စွာနှင့် အတူ သား တစ်ယောက် ပါလာရာ ကျွန်တော့်ထက် အများကြီး ကြီးပါသည်။
အသုဘ ပြီးသည်နှင့် ဘွားလေးမြ တဲပုတ် ရှိသည့် မြေကွက်ကို ကုန်သည် တစ်ယောက်အား ရောင်းပြီး ဦးကျော်စွာ သူ့သားကို ခေါ်၍ ဤမြို့မှ ပြန်သွားရာ၊ တစ်မြို့လုံးမှာ ချစ်လှစွာသော သားတစ်ယောက်ရဲ့ လိမ္မာရေးခြား ရှိပုံကို ပြောမဆုံးပေါင် တောသုံးတောင်၊ ချီးကျူး ထောပနာ ပြုမကုန် ဖြစ်ကျန်ရစ်သည်။
ကျွန်တော့်ကို မြေးအရင်း အမှတ်ဖြင့် ချစ်ခဲ့ရှာသော ဘွားလေးမြ တစ်ယောက်မှာတော့ ကိုယ်ပိုင် မြေးလေး အရင်းကိုပင် မတွေ့မြင်လိုက်ရရှာ။
ဝယ်လိုက်သော သူက ပိုက်ဆံ အနည်းငယ် ရှိသည်မို့၊ တိုက်လတ်လတ် တစ်လုံးဆောက်၊ ခြံခတ်၍ နေသည်။ တစ်ပိုင်းကျန် အုန်းပင်အိုကြီးကိုမူ အမြစ်ကစ တူးဖြို မြေညှိလိုက်ကြသည်။ ကန်စွန်းခင်းကို မြေဖို့ပြီး ကွန်ကရစ် လောင်းလိုက်သည်။ ယခုမူ ဒါ ဘွားလေးမြ အကြော်တဲကလေးပေါ့ဟု ပြောလျှင် ယုံနိုင်စရာ မရှိတော့ပြီ။ အရာအားလုံး အသွင် ပြောင်းသွားသည်။
ဤနောက်မှာတော့ နှစ်တွေ ကြာရှည်လာသည်။ အရင်တုန်းက နုပျိုခဲ့သူတွေက လူကြီးတွေ ဖြစ်ကုန်သည်။ ဟန်ကျပန်ကျ လူကြီးတွေက ကျောင်းနှင့် ကန်နှင့် လူအိုတွေ ဖြစ်ကုန်သည်။ လူငယ်တွေက အိမ်ထောင် သားမွေး ပြုကြတော့ မြို့လူဦးရေ တိုးလာသည်။ ကလေးတွေ ဆော့နေ၊ ရန်ဖြစ်နေ၊ ငိုနေတာတွေ ပိုများလာသည်။ တခါတရံ ထိုတိုက်ကလေး နံဘေး (ယခင်က အုန်းပင်အိုကြီး ရှိခဲ့သည့် နေရာ) မှာ ကလေးတွေ ဆော့ကစားနေကြသည်ကို ကျောင်းသွား ကျောင်းပြန် ကျွန်တော် တွေ့ရသည်။
ကလေးတွေကို ချစ်တတ်သော ဘွားလေးမြကို ကျွန်တော် မမေ့သေး။ ကျွန်တော်တင်မက ဘွားလေးမြကို သံယောဇဉ် ရှိကြသော မြို့သူမြို့သားများကလည်း သတိတရ ရှိတုန်း။ မိုးသည်းတစ်ညတွင် သနားစဖွယ် မိုးကြိုး ပစ်ခံရပြီး လူ့လောကမှ ထွက်သွားသော ဘွားလေးမြ အကြောင်းကို မိဘတွေက ညအိပ်ရာဝင် ပုံပြင် တစ်ပုဒ် အဖြစ် ကလေးတွေကို ပြောပြနေတုန်း။ အရသာ မရှိသည့် ဘူးသီးကြော်နှင့် တွေ့လျှင်မူ (ဘွားလေးမြ ဘူးသီးကြော်ကမှ တကယ်ကောင်းတာနော်…)ဟု အချင်းချင်း ပြောနေကြတုန်း။
ကျွန်တော်ကမူ အနောက်တောင်ထောင့်မှ မိုးသက်လေ ဆင်လေတိုင်း ဘွားလေးမြကို သတိရမိသည်သာ ဖြစ်သည်။ ဘွားလေးမြ ယူကျွေးသော ဘူးသီးကြော်ကိုလည်း လွမ်းဆွတ်မိသည်သာ ဖြစ်သည်။ အဆုံး ပြောရလျှင်၊ ဘွားလေးမြနှင့် အတူ တွဲပြီး ရှိခဲ့ဖူးသော တစ်ချိန်က အုန်းပင်အိုကြီးကိုလည်း လွမ်းဆွတ် သတိရ၍ မျက်ရည်ဝဲမိသည်သာ ဖြစ်သည်။
ဘွားလေးမြ-----------------------ကောင်းရာ သုဂတိ လားပါစေသောဝ်။ ။

Comments

Popular posts from this blog

မင်္ဂလာဦးညကို လွန်သော်

ဆယ်တန်း အောင်စာရင်း 2013