ညိုဝင်သွားသော ကောင်းကင်


အဖြေမရှိတဲ့ အခိုက်အတန့်လေးမှာ အားလုံးကို ၀န်ခံပစ်ချလိုက်ဖို့ သတိတွေ ပျောက်ဆုံးကုန်တယ်။

ရဲရင့်တဲ့ ရဲရင့်က ငါ့ အပါးက တိတ်တဆိတ် ခွါထွက်သွားချိန် ခဏလေးမှာ.. ရင်မှာ အော်မြည်တမ်းနေတာကတော့ အမှောင်ထုကို ငါ မကြုံချင်ဘူး ဆိုပဲ။

သိမ်ဝင်သွားတဲ့ အခါ အရာရာ ငါ့ထက် အဆ တစ်ရာ ပိုကြီးလာခဲ့ပါတယ်။

လိုက်လိုက်.. လိုက်လိုက်.. ဖားကလေး တစ်ယောက်ကို ကြည့်ပြီး ငါ အော်နေမိတယ်။

တဖြည်းဖြည်း နီးကပ်လာတဲ့ ကောင်းကင်ကို ကြည့်ရင်း ကြည့်ရင်း အသက်တောင် ရဲရဲ မရှူဝံ့ဘူး။

ဝုန်းခနဲ ၀ုန်းခနဲ ပြိုလဲကျနေတဲ့ ကမ်းပါးပြတ်က မြေစိုင်ခဲကို ထိတ်လန့်တကြားနဲ့ မျက်လုံးပြူးပြနေမိတာ။

မကြာခင် သူ(.. .. ..) ငါ့ဆီ ချဉ်းကပ်လာတော့မယ်ပဲ ဆိုနေပါလား။

ထိုခဏမှာ အနောက်မြောက်ထောင့်က မိုးချုန်းသံ အမှတ်တမဲ့ ကြားလိုက်ရတယ်။

မိုးစက်မိုးပေါက်တွေ တဖွဲဖွဲ ကျလာရော.. ငါ အိမ် ပြန်ဖို့ သုတ်ခြေတင်ရတော့တာ အားလုံး မသိဘူး။

ထားလိုက်တော့.. မကြာခင်မှာ.. အိုး ဟုတ်တယ်.. မကြာခင်မှာ.. သတ်တလောကကြီး လဲပြို ပျက်စီးတော့မှာ သူတို့ မသိကြဘူး။

ဝေးသွားတဲ့ အခါ တစ်ခါတုန်းက ဂရင်းညီနောင် ပုံပြင်များ ဆိုပြီး အံဘနန်း ပြန်ထုတ်ကြဦးမယ်။

ငါ ဆိုချင်တာက မိုးနှင့် ပတ်သက်တဲ့ သံစဉ် သီချင်း တစ်ပုဒ်ပါ။

ဒါပေမယ့်လည်း သိကြတော်မူကြတဲ့ အတိုင်း လမ်းက ရှေ့မှာ ပွင့်ဟနေတာ ဆက် မလျှောက်လို့ကတော့ စကားလုံးတွေ လေထဲ ပွစာကြဲသွားလိုက်မယ့် ဖြစ်ခြင်း။

ဒါနဲ့.. ငါ့ အင်္ကျီတွေ မိုးရေ တဖြောက်ဖြောက်နဲ့ ခေါင်းက ခြေဖျား ရွှဲရွှဲစိုကုန်လို့ အဲဒီညက ညိုဝင်သွားတဲ့ ကောင်းကင်အောက်မှာ အသိမရှိ ရင်ခွင် ဖွင့်နေမိတယ်။

တိမ်တောက်ချိန် နှစ်ပိုင်း တစ်ပိုင်း အခိုက်အတန့်လေး ငါ ငေးမောမိခိုက် ညက လောကထဲ ကျွံဝင်လာလို့ အဲဒါ ငါ တားချင်တာ မရဘူး။

လာကြ.. ငါ့ကို ၀ိုင်းကူဦး။ မဟုတ်ရင်လေ.. ညက ငါ့ ရင်ဘတ်ကို တက်နင်းပြီး ကြယ်မင်းနဲ့ မြူးတူး ပျော်ပါး၊ အားရတော့မှ ပြန်ကြည့်ပြီး လှောင်ရယ်မှာ အရမ်း စိုးရိမ်တာပဲ.. သူငယ်ချင်းတို့ရယ်..။

Comments

Popular posts from this blog

ပန်း (မြန်မာ/တရုတ်)

Nargis for Myanmar

ဆယ်တန်း အောင်စာရင်း 2013