မွေးနေ့ အမှတ်တရ

ဒီနေ့ ငါ့ရဲ့ မွေးနေ့

၁၂ နာရီလည်း ကျော်သွားပြီ။

ညအိပ်မီး ဖြူဖြူ တစ်ပွင့်ပဲ ခေါင်းထက်မှာ လင်းနေတယ်။

တိတ်ဆိတ်ပြီး ဘာသံမှ မကြားရတာကို အိပ်ပြီး နားထောင်ရင်း ဒီဖုန်းမှာ စာရေးနေတယ်။

မွေးနေ့လည်း ခါတိုင်းနေ့လိုပါပဲ။
ဘာမှ မထူးခြားဘူး။

ရင်ဘတ်အောင့်နေတယ်။ ဘာကြောင့်လဲ မသိဘူး။ အင်တာနက်မှာ လျှောက်သွားတယ်။ မနက်က အစ်မတစ်ယောက်က ပုလဲမှုန့်နဲ့ လုပ်ထားတဲ့ အလှကုန် ပစ္စည်းတစ်ခု တရုတ်လို ရေးထားလို့ ဘာသာလာပြန်ခိုင်းတယ်။ နေ့လည်တုံးက တရုတ်က ဝီချက်က ဆက်သွယ်တယ်။ မွန်းလွဲမှာ မသောက်တာ ကြာတဲ့ လက်ဖက်ရည် အမှတ်မထင် သောက်မိတယ်။ ဒီနေ့မှာ အမှတ်(၁)ကျောင်းမှာ စာမေးပွဲ စဖြေကြတယ်။ ညနေ ကိုယ့်ရှေ့မှာ တစ်စိမ်းမဟုတ်တဲ့ကလေး တစ်ယောက်ကို အကြင်နာ မကင်းသော်လည်း ဒေါသနဲ့ ရိုက်နေတာ မျက်မြင် တွေ့နေခဲ့တယ်။

တစ်နေ့လုံး ဘယ်သူ့ကိုမှ မတွေ့ရဘူး။
ကိုယ်မျှော်နေတာ အဆုံးထိ ပေါ်မလာဘူး။

ကိုယ် တစ်ခုခုကို လုပ်မှ ဖြစ်တော့မယ်။
တစ်ခုခု လုပ်မှကို ဖြစ်တော့မှာပါ။

အခု အလုပ်သင့်ဆုံး အရာကတော့ မျက်လုံးနှစ်လုံး မှိတ်လိုက်ပြီး ဘာမှ မစဉ်းစားဖို့ပဲ။ ကိုင်း။

Comments