အချိန်နှင့်အမျှ

အချိန်နှင့်အမျှ စီးဆင်းကြနေသော အင်တာနက် လောကခေတ်ကြီးထဲတွင် ကျွန်ုပ်သည်၎င်း၊ ကျွန်ုပ်နှင့် အလားတူ ပတ်သက် ဆက်နွယ်နေသော သတ္တလောကကြီးသည်၎င်း ရှိရှိသမျှ အရာရာတိုင်းသည် အင်တာနက်ဆိုသော ဘိန်းကို မှီဝဲရင်း ငိုက်မှန်းမသိ ငိုက်ရင်း အပြင်ဘက် ကမ္ဘာကြီးတွင် ဘာတွေ ဘယ်လို ပြောင်းလဲနေသည်ဆိုသော တကယ့်အဖြစ်မှန်ကိုမူ မေ့လျော့နေကြသကဲ့သို့ ရှိကြတော့သည်။ 

ရပ်တန့်က ကောင်းမလား၊ ဆက်သွားက အဆင်ပြေမလား မိမိကိုယ်ကို အသည်းအသန် စဉ်းစားရင်း၊ အတိတ်ကို အတိတ်မှာပင် ချန်ထားရစ်ခဲ့ကာ၊ သွားလေသူ ဘိုးဘိုးဘွားဘွားများအကြောင်း လွမ်းဖွယ် တွေး၍ ချစ်ခြင်းနှင့် မေတ္တာဆိုတာ ဒင်္ဂါးပြား တစ်ပြား၏ ခေါင်းပန်းလိုလားဟု အဖြေထုတ်ခြင်းသည် အချိန်ကို ကုန်လွန်စေလျက် ရှိသည်။ အချိန်နှင့် နေရာကို မေ့ခြင်း၊ သို့မဟုတ် ရောထွေးခြင်းက ကျွန်ုပ်တို့၏ လူနေမှု ဘဝတွင် ကြီးမားသော ဆုံးရှုံးမှုကို သယ်ဆောင်လာပါတော့သည်။

အချိန်နှင့်အမျှ စီးဝင်နေသော သတင်း အချက်အလက်များနောက်သို့ တရကြမ်း လိုက်ပါသော်လည်း၊ စီးဝင်အား များပြားလှသည့် အလျှောက် နောက်ဆုံး ပြေးလိုက်သူမှာ အင်အား ခမ်းကုန် ပန်းမော လျနွမ်းကုန်တော့လေချေသည် တမုံ။ ကျွန်ုပ်တို့ မနုဿလူသားများသည် အဘယ်သို့ ပြုရအံ့နည်း။ လက်လျှော့၍ အရှုံး ပေးသင့်ပါသလော။ ရှေးဘိုးဘေးများ နေထိုင် ပြုမူလာခဲ့သည့်အတိုင်း ပြန်လည် အသက်ဝင် နေထိုင်ကြပါက မကောင်းလော။ စာပို့လုလင်၊ စာပို့ခိုများဖြင့် မြစ်ကို ဖြတ်၍သော်၎င်း၊ ချောင်းကို ကူး၍သော်၎င်း၊ တောတောင်ကို ဆန်၍သော်၎င်း တစ်လတန်သည်၊ တစ်နှစ်တန်သည် ၎င်းလောက် ကြာသော အချိန်မှ ယင်းစာကို လက်ခံရရှိချေသော် အဘယ်မျှလောက် စိတ်ဝင်စားဖွယ် ကောင်းလိုက်မည်နည်းဟု အကျွန်ုပ် စိတ်ကူးခန်း ဝင်မိသည်။

Comments

Popular posts from this blog

ပန်း (မြန်မာ/တရုတ်)

ဆယ်တန်း အောင်စာရင်း 2013

Nargis for Myanmar