Posts

Showing posts from November, 2007

အုန်းပင်အိုကြီး

ကျွန်တော်တို့ လမ်းထိပ်တွင် လူမစိုက်ဘဲ သဘာဝအလျောက် ပေါက်ရောက်ကာ နှစ်ပေါင်းများစွာ သက်တမ်း ရှည်လှပြီ ဖြစ်သည့် အုန်းပင်ကြီး တစ်ပင် ရှိပါသည်။ သည်လို ပြောပြရသည့် စကားကပင် ဟောင်းလှချေပြီ။ အမှန်က အုန်းပင်ကြီး မရှိတော့သည်ကပင် ကျွန်တော့် တစ်သက်နီးပါး။ ထိုအုန်းပင်ကြီး လဲကျသွားချိန်က၊ ကျွန်တော်သည် အင်္ကျီဖြူ ဘောင်းဘီစိမ်းဝတ် မူကြိုကျောင်းကလေးပင် မတက်ရသေးသော ပီဘိကလေးငယ် သာသာ ဖြစ်သည်။ အုန်းပင်ကြီး မလဲမီက၊ ဘွားလေးမြရဲ့ တဲပုတ်ကလေးမှာ မခိုင်မခံ့။ ဘွားလေးမြ ဆိုလို့ ကျွန်တော်တို့နှင့် ဆွေမျိုးတော်သည်ဟု မထင်ပါနှင့်။ အသက်က ခုနစ်ဆယ့်ငါး၊ ရှစ်ဆယ် ၀န်းကျင် ရှိပြီ ဖြစ်ကာ၊ ကြီးလှပြီ။ လေးစားသမှုဖြင့် ဘွားလေးမြဟု ရပ်ကွက်က ခေါ်သည်။ တစ်မြို့လုံးကလည်း ဘွားလေးမြဟု သိသည်။ ဘွားလေးမြ မနက်တိုင်း ကြော်ရောင်းသည့် ဘူးသီးကြော် အရသာက ကောင်းလွန်း၍ လူတော်တော်များများ၊ လာဝယ်၊ အားပေးတတ်ကြသည်။ ကျွန်တော့် အမေက ဘွားလေးမြနျင့် အတော်ပင် ရင်းနှီးသည်။ ကျွန်တော်က အကြော်စားချင်သည်ဟု ပူဆာသော အချိန်က၊ အမေသည် ဘွားလေးမြ အကြော်တဲသို့ ကျွန်တော့်ကို ခေါ်သွားတတ်သည်။ (ဘွားလေးမြရေ.. ဟောဒီမှာ ကျွန်မသားက ဘူးသီးကြော် စားချင်လို့တဲ့ တော်ရေ..) ဘွားလေးမြက က